Wednesday, May 23, 2007

DIARY +

ကိုယ်ပိုင် ညစာ
















မိုးရွာတော့မည်- ထီးပါရဲ့လား- မပါရင်ကော- လွယ်လွယ်လေး မိုးရေချိုးလိုက်ပေါ့- ပါတုန်းကကော သူကရွာလို့လား- ပြပွဲတခုသွားရဦးမယ်- သွားရဦးမည် ဆိုတော့က သွားလိုက်တာပဲ ကောင်းသည်- စနေနေ့ည ခုနှစ်နာရီ- ရွာမှန်းမသိ မရွာမှန်းမသိပဲနဲ့ ထီးယူလာရတာ ပင်ပန်းပါတယ်- အဲ့ဒီထီးက မိုးကြိုးကော ကာနိုင်လို့လား- ဟော သနပ်ခါးနံ့ ရသည်- မွှေးသည်- ကြိုက်သည်ထင်၏- ပါးပြင်ပေါ်ရောက်မှ ကြိုက်သွားတာလား- ကလူ၏သို့ မြူ၏သို့တည်း- တော်စမ်းဘာ- မခင်မျိုးဝင်းတောင် ကလေးနှစ်ယောက်ရသွားပြီ- အင်း ပြပွဲသွားရဦးမည်- မောဟလွတ်ချပွဲ- အရှိအတိုင်းပဲတဲ့- အရှိတိုင်းဆိုတော့ အရိုင်းအစိုင်းလား- အရှိအတိုင်းဖော်ပြတဲ့ ကင်မရာတစ်လုံးလောက်တော့ ရချင်သည်- မရှိပါဘူး- ပြောရရင် ဈေးတန်းမှာ ဖြတ်လျှောက်တုန်း မျက်ဝန်းထောင့်ကနေ ဖို့ကပ်စ်မညှိပဲ မြင်လိုက်ရတဲ့ ရောင်စုံပူဘောင်းလေးတွေ ညိမ့်ခနဲ ဖြတ်ဖြတ်လူး သွားတုန်းကရယ် လေတချက်အဝှေ့မှာ ကောင်မလေးတစ်ယောက်ရဲ့ ဆံပင်ဖြောင့်ဖြောင့်လေးတွေ ကျောကုန်းအထက်ကနေ ဇတ်ကနဲ ဆတ်ဆတ်ခါသွားတုန်းကရယ်- ကဗျာဆန်သွားပြီ- ပြန်ဖျက်- ရွာပြန်ပြီ မိုးက-
ပြပွဲသွားရဦးမည်- မောဟလွတ်ချပွဲ- ယဉ်ကျေးမှု- အဲ့ဒီစကားလုံးထဲမှာကော ယဉ်ကျေးမှုပါရဲ့လား- စကားလုံးယဉ်ကျေးပြီး အတွေးအခေါ်မိုက်ရိုင်းတယ် ဆိုတဲ့စကားက တော်တော်တော့ တာသွားသား- ကဲ အလုံးစုံယဉ်ကျေးဘို့ လူပီသမှုကို ဆန့်ကျင်ကြစို့- သပိတ်မှောက်တာလား- အကုန်လုံးလူကြမ်း ငါတယောက်ထဲမင်းသား ဆိုရင်တော့ အဲ့ဒီဇာတ် တခုခုမှားနေပြီတဲ့- ရှေးခေတ်ပရောဖတ်တွေ ပြောတာပါ- ပြောကြေးဆို သူတို့ကော ယဉ်ကျေးလား မယဉ်ကျေးလား ကိုယ်မှမသိတာ- တော်တော်လည်တဲ့ လူတွေ- ဗိုက်ထဲက အညစ်အကြေး တွေ တရက်တခါ (သို့မဟုတ်) နှစ်ရက်တခါ ထုတ်သည်- ဦးနှောက်ထဲက အညစ်အကြေးတွေ ဘယ်နှစ်ရက်တစ်ခါ စွန့်ပစ်သနည်း- အပေါ်ကိုမော့ကြည့်တော့ ဒေါင်းယောင်ဆောင်သောကျီး- ထားလိုက်တော့ ဆက်တွေးရင် အရိုင်းအစိုင်းဖြစ်တော့မည်- အရိုင်းအစိုင်းဆို တာ အရှိအတိုင်းလား- အရှိအတိုင်းမြင်ရရင်တော့ ဟိုမှာ ဆံပင်ကို ရွက်တတ်ပြီး စကတ်တိုတိုနဲ့ ကောင်မလေးတွေ ဖြတ်လျှောက်သွားပြီ- ငါငယ်ငယ်က ညည်းတို့ဘယ်ရောက်နေလည်း- ညည်းတို့ငယ်ငယ်က ငါဒီမှာ- သဒ္ဒါအသုံးအနှုန်း မှားသွားပြီ- မတတ်နိုင်- ပြောရရင် ငယ်ငယ်က မခင်မျိုးဝင်း တော်တော်လှသည်- လှသည်ဆို တော်ပြီပေါ့- တော်တော်လှသည်ဆိုတော့ ကြိယာဝိသေသနတွေ အပိုထည့်မိသည်- ဆရာဇော်ဇော်အောင်တော့ မတွေ့လောက်ပါဘူး- အခုတော့ မခင်မျိုးဝင်းလည်း.. အော်.. တွေးပြီးပြီ- အတွေးကိုမှတ်ထား ပြီးတိုက်စစ်ဆေး တဲ့ စနစ်ပေါ်လာလျှင် လုံခြုံရေး တော်တော်အောင်မြင်နိုင်သည်- လူတွေက အတွေးတွေ တူမှမတူကြတာ- ရိုးသားတဲ့သူတွေကို တော့အလျှော့ ပေးလိုက်ပါ- ရှုံးတာတောင် တန်တယ်- ချိန်ခွင်တခုတော့ ဆောင်ထားမှ- ပြပွဲ သွားရဦးမည်- မောဟလွတ်ချပွဲ- စနေနေ့ည ခုနှစ်နာရီ- ဖေဖ၀ါရီ သုံးဆယ်- ဟော.. မိုးရွာပြန်ပြီ- ရွာတော့ဘာဖြစ်လဲ- မိုးရေချိုးလေ- ညီလေးရေ ဘီယာတစ်ခွက် ထပ်ပေးကွာ-

Tesla

 
Online -------> hits