-ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်ဆိုတဲ့ စကားတခွန်း
အဲ့ဒီဖော်မြူလာကို မယဉ်ကျေးသေးသ၍တော့
ဘယ်သူမှားတယ်ပြောရဲသတုန်း..။
-ပန်းသီးကြွေနိယာမ မပေါ်ခင်တုန်းကလေ
ဟိုး. ကမ္ဘာ့အစွန်ဆုံးကိုသွားရင် အရာဝတ္ထုတိုင်း ဇောက်ထိုးပြုတ်ကျသတဲ့..
သူတို့စိတ်ကူးထဲမှာတော့ ကမ္ဘာအသစ်တစ်ခုက
ရင်ခုန်စရာတောင် ကောင်းနေလေရဲ့..။
-အလှအပကို ရှေ့ကကြည့်ပါ ဘေးကကြည့်ပါ
အနောက်ကကြည့်ပါ အောက်ကကြည့်ပါ
၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်ပါ သရီး ဒိုင်မေးရှင်းနဲ့ကြည့်ပါ
ဖိုး ဒိုင်မေးရှင်းနဲ့ကြည့်ခဲ့ပါ.
ကဲဗျာ.. အက်တမ်တခုလိုပဲ တစစီကွဲအောင်
ခွဲ စိတ် ကြည့် ရှု မိ တယ် ဆို…..
အို ဘာများကျန်ခဲ့တော့လို့တုန်း…။
-အင်း….
သက်သာလိုက်ပုံများ..
ဘုရားသခင်က ကမ္ဘာကြီးကို ထုတ်လုပ်တယ်.
မျိုးစပ်မှုတခုက သက်ရှိတွေကို..
အချိန်က နာရီတွေကို..
နာရီတလုံးက စက္ကန့်တွေကို……
ယာဉ်ကျေးမှုကလည်း တရားစီရင်ရေးကျမ်းကို..
ပြီးတော့ လူလည်ကျတတ်ဘို့ကို…….
ကဗျာဆရာက စကားလုံးတွေကို…
ဘက်ခမ်းတို့ ဘောလက်တို့ က ဘောလုံးအနုပညာကို…
ဘီလ်ဂိတ်က ဘိုင်နရီကပွဲတွေကို….
ဘီယာတို့ ရှာရာပိုဗာတို့က သွေးခုန်နှုန်းတွေကို
ဘယ်စက်ရုံတွေက ထုတ်လုပ်လိုက်တာ.. ဘာတွေ??
ကဲ… ငါက.. ဘာများ ထုတ်လုပ်စရာလိုဦးမှာလည်း..
အချိန်တန်ရင် ကံကြမ္မာတွေက
ငါ့ကို.. လောကကြီးထဲက ထုတ်နုတ်သွားပါလိမ့်မယ်….။
-ပေါက်လို့ပဲစား လျှောက်သွားနေတဲ့ အတွေးတွေကိုတော့ ထိမ်းကျောင်းရတာ မောတယ်ကွယ်။
-သူ့သမိုင်းကို လာလာဖတ်ကြတော့ နေရထိုင်ရ ကြပ်တယ်လို့
ငှက်တကောင်က အော်ညည်းခွင့်ရှိလို့လား..။
-မှန်တွေက မှန်ရှာပါတယ်
ဘယ်ညာ လွဲယုံလေးပဲ..။
-ဖြစ်ချင်ရာဖြစ် မျောနေတဲ့တိမ်တွေရေ
ခွာတပ်ပြီး ငါ့အပေါ်ကနေ ခပ်ကြမ်းကြမ်း ဆိုင်းနင်းသွားကြစမ်း..။
မထူးပါဘူးကွယ်..
အရာကျန်ခဲ့တာတွေနဲ့ အရူးဝါဒ လို့သာ တံဆိပ်ကပ်ခဲ့..။
-ကမ္ဘာကြီး ငြိမ်းချမ်းဘို့
ငါပဲ… စိတ်ချမ်းသာချင်ယောင်ဆောင်ပေးခဲ့ ရတယ်လေ..။
ဒီလိုနဲ့…
ဟော့ဟိုမှာ အရူးဝါဒကို ရိုက်ချိုး.. ဘို့
တွန့်ဆုတ်ဆုတ်ပုံစံမျိုးနဲ့..
လေးရက် ဆယ့်တစ်နာရီ သုံးဆယ်မိနစ် နဲ့ စက္ကန့်ပေါင်း နှစ်ဆယ့်ကိုး…….လာပြီ။
|