Sunday, December 09, 2007

တရွတ်တိုက် ရွေ့ကြည့်ခြင်း



ထကြတော့ဟ…. အစာငတ် တော့မဲ့ နှံကောင်များ..။

ကြယ်တွေထပ်ကြွေကျ လာရင်တောင်မှ ပင်လယ်သေ ဆိုတဲ့ကောင်က ဘာတတ်နိုင် တော့မှာလည်း တမင်တကာ ဖီးလိမ်းပြင်ဆင်ထားတဲ့ ပရောဖက်ရှင်နယ် ပိုက်ကွန်တစ်ခု ရေထဲကို လွှားခနဲ ခုန်ချသွားတာ တွေ့ဘူးလား။ အဲ့ဒါ ကျနော်မဟုတ်ပါဘူး။ ကောင်းကင်နဲ့မြေကြီး နှစ်ခုအကြား ဘယ်ကို ရွေ့လျားခွင့်ရမလည်း စောင့်နေတုန်း.. နေဦး.. ဇော်ကန့်လန့် ဆိုတဲ့ကောင် ခင်ဗျားတို့လည်း ကြားဘူးမှာပေါ့..။
ဗျာ.. ကြယ်တွေ ပင်လယ်တွေ ကောင်းကင်တွေ ဒီရေတွေ လမင်းတွေထဲက ရုန်းမထွက်ကြတော့ဘူး ဟုတ်လား။ ခေတ်အမှီလိုက်ကြည့်ရမှာလား။ ဟို ကြည်လင်လှပသော သတ္တုရဲ့ မြစ်ဖျားက မျှောပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ရောင် ထနေတဲ့ ချွှန်မြမြနဲ့ကောင်က အချစ်လား။ အဲ့ဒီအပေါ်က ချိုမြလှတဲ့ ပျားရေစက်တွေကို နယူထရွန် နည်းပညာနဲ့ ဓါတ်ခွဲကြည့်လိုက်တော့ အဲ့မှာ ပါဝင်တဲ့ အားဆင်းနိတ် ရာခိုင်နှုန်းက စကြာဝဠာ ဘယ်နှတတိုင်းအထိ ပို့နိုင်ခဲ့သလည်း.။ အဲ့လိုလား။ ဒါမှမဟုတ်.
အရွယ်ရောက်လာတဲ့ အေအိုင်ချစ်ပ် တခုဟာ နှလုံးသားနုတဲ့ စက်ရုပ်တွေ ဖန်တီးထုတ်လုပ် လိုက်တယ်။ နှစ်ဆယ့်လေးရာစုရဲ့ အနုပညာ နတ်ဘုရားမ ဟာ စက်ရုပ်ပေါ့။ အလုပ်တွေနဲ့ရှုပ်နေတဲ့ လူတွေကတော့ ဒီစက်ရုပ်တွေ တော်တော်အား နေလားမသိဘူး ကဗျာတွေ ဘာတွေတောင် ရေးလို့ လို့ပြောကြ သတဲ့။ အေးတာပဲ။ ဆိုရင်ကော။
ခင်ဗျားတို့ကော ဝေါဟာရ ဖက်ရှင်ရှိုးတခု ရောက်ခဲ့သေးလား။ ဘုရားသခင် ကြွေအံကစားခဲ့သလား မကစားဘူးလားဆိုတာ အိုင်းစတိုင်းနဲ့ ငြင်းဦးမှာလား ခေးအော့ဒ်က အဲ့ဒီမှာ ဂွင်တဲ့သွားပြီလား။ နောဧသင်္ဘောကြီး အကြောင်းပြောပြဦးမှာလား။ ဟို. ချဉ်ချဉ်တူးတူး ဆွဲဆိတ် ကိုင်လှုပ် ပြစ်ချင်စရာ ကောင်းတဲ့ အဲ့ဒီကောင်မစုတ် ကလေးက ခင်ဗျားအိပ်မက်တွေ ခိုးသွားပြန်ပြီလား။ ဗုံသံတွေကြားလို့ ထပ်ကကြ ပြန်ပြီလား။ အရှေ့မြို့ရိုးမှာကော ရာသီဥတု သာသာယာယာရှိနေတုန်း မိုးခဏခဏရွာသလား။ မုတ်သုန်လေကော အားကောင်းတုန်းလား။ ရွာရန်ရာနှုန်း ဘယ်လောက်လည်း။ ခုနှစ်ဆယ့်ငါးပိဿာ ရာခိုင်နှုန်းလား။ ဒါဆို ရော့တစ်ကျပ် ပိုငွေပြန်မအမ်းနဲ့ ပြားရှစ်ဆယ်ဖိုးပေး ဆိုပြီး ၀ယ်ဦးမှာလား။ ကျနော့်အိပ်ထဲက အသုံးမကျကြသော ပိုင်ဆိုင်မှုများ ကို နာမည်တတ်ပြီး စနစ်တကျ ထပ်ထုတ်ပြလိုက်ရမလား။ ဒါမှမဟုတ် ဟား ဟား ဟား လို့ ရီပစ်လိုက်ရဦးမလား။ စိတ်ကူးသစ် ဘောင်းဘီသစ် အဲ အဲ့ဒီအကီင်္ျသစ်ကို ညစ်ညစ်ချလိုက်တာ မဲပြာနေတဲ့အရေတွေ တစက်စက် ကျခဲ့ရောလား။ ဖူးးးးးးး။ ဆိုင်းပုဒ်တွေ ပတ်ရှောင်နေရတာ တော်တော်ပင်ပန်းတယ် လို့ကောမထင်မိဘူးလား။ အနုပညာကိုဖန်တီးရန် လေးစား လိုက်နာသင့်သော ဥပဒေများ ဆိုတဲ့ ကျမ်းစာအုပ် ထွက်ဘူးသလား။ ၀တ်မှုန်ကို ခံစားချက်သက်သက်နဲ့ ကူးစက်ခွင့် မရှိတော့ဘူးလား။ မသိသာဘူးလား။ နည်းနည်းလေးမှ မသိသာဘူးလား။ နည်း နည်း လေး မ ကို မ သိ သာ တော့ ဘူး လား။ လူ့အဖွဲ့စီးနဲ့ ကင်းကွာသော မင်းမဲ့ဝါဒီတွေ ဆိုးသွမ်း လိုင်စင်ရတွေကော ပေါများလာပါသလား။
ကဲ. ပုရွက်ဆိတ်လေးများ လို မစဉ်းစားပဲ သီချင်းများနဲ့ က.. (ထ.. ကြွ.. ပြီးတော့ ထ.. က) ဟိုးရှေ့က ပိတ်ဆို့ခြင်းဆိုင်းပုဒ်တွေဖယ်ကြ ဒီ လမ်းကြော ပေါ်မှာ စိတ်ထင်တိုင်း နဲ့ စိတ်ဆင်ရိုင်းကို ကကြိုးဆင် အဆိုးမြင်မြင် တစ်မျိုးမြင်မြင် နှစ်မျိုးပဲမြင်မြင် ထင်ချင်သလိုသာထင် အဆင်အခြင်နည်းတယ်ဆိုလည်း.. ငါ့ယာဉ်ပျံပေါ်မှာတော့ ငါဟာ အရှင်သခင်ပဲ.. ကဲ…… ဆက်ဆွဲ…။ အမယ် ရွတ်လို့တော့ကောင်းသား. ဒါကို လမ်းဘေးကာရံလို့ ခေါ်လို့ရလား.. ခေါ်ချင်လား.. ဒါမှမဟုတ် ဟစ်ဟော့သီချင်းများလား. ဟိုက်ရှားပါး.. အဲ့ဒီဟာက ပညာရှိနည်းနဲ့ ဆဲဆိုဘို့ မဟုတ်ဘူးတဲ့လား။
အင်း… ခိုင်မြဲ(အလင်းမြစ်)ရဲ့ ကဗျာတစ်ပုဒ် ဖတ်ဘူးတယ် သရေကွင်းတစ်ခုရဲ့ တွန်းထိုးရုံးကန်ခဲ့ခြင်းဟာ သူ့ဌာနေကို သူ ပြန်ရောက်သွားဘို့ သက်သက်ပါပဲတဲ့။
အဲ့လိုပါ..
အဲ့ဒီ နေရာရောက်တော့မှ အဲ့ဒီ အနုပညာဆိုတဲ့ကောင်ဟာ ဘာအတွက်မှ မဟုတ်ဘူး ဆိုတဲ့အကြောင်း ပြောနိုင်တော့မယ် ထင်တာပဲ။ ရေဒီယိုကမာရွတ်.. ရေ. အလည်လာတဲ့… တနယ်ရပ်သားမို့ ခွင့်လွတ်ပါ..။ ဒါနဲ့.. စကားမစပ်.. စတန့်ထွင်ထားသော စာများဒီနေရာတွင်ပြီး၏ လို့ ကျွှန်တော် စာတန်းထိုးပေးခဲ့ ရဦးမလား…..။

Tesla

Thursday, November 29, 2007

Open Letter & Open Myself

Open Letter

အချစ်ဆုံးသို့ အိပ်ဖွင့်ပေးစာ တဲ့ ကိုဝေနဲ့ မလေးမ ရေးခိုင်ထားတာ ကြာလှပေါ့ ရူးချင်ယောင်ဆောင်ပြီး ရှောင်နေတာ.။ ဘာရေးရမှန်းမသိလို့ပါကွယ် ခွင့်လွတ်တော့။ ကဲ အခုတော့ ရေးလိုက်ပါပြီ အံ့သြောစရာကောင်းတာက အဲ့ဒီ စကားလုံး တွေဟာ စာအိပ်ဖွင့်လိုက်တဲ့ အချိန်မှာ စာအိပ်ထဲက သီချင်းတပုဒ် အဖြစ် ထွက်ကျလာခဲ့ကြသတဲ့။ အလဲ့..။ ဒွေး နဲ့ ထွန်းအိဒ္ဒြာဗို ရဲ့ ဆုံမှတ်ဟာအနန္တမှာ ဆိုတဲ့သီချင်းပါတဲ့ကွယ်..။ (ဟဲ. ဟဲ. ပိုင်တယ်နော် ရေးစရာမလိုတော့ဘူး :P)

လိုက်ခဲ့ချင်ပေမဲ့ ဘယ်လိုဖွင့်ပြောရဦးမလည်း မိန်းကလေးရဲ့ဘ၀ကို စာနာကြည့်မှပေါ့..

နုတ်ဆက်ခဲ့ပါတယ် နေခဲ့လိုက်ပါ ကြမ်းတမ်းလွန်းတဲ့ လမ်းတွေထဲ ကိုယ်မခေါ်ရက်ခဲ့ ဘူး..

ရွှေအိမ်စံ နန်းထက်ထားလည်း ကိုယ်မင်းမရှိမှတော့ မပျော်နိုင် ပါ ဘူး..

မိုးမြင့်ထက်က ကြယ်စင်ခစား မော့ကြည့်ရသူ လမင်းလေး ရေ ကိုယ့်ရဲ့ဘ၀က ခရောင်းတော လိုပဲ မလာချင်ပါနဲ့လေ။
တို့ရဲ့အဖြစ်က ရင်နာယုံနဲ့ လမ်းခွဲပြီးဆုံး နေပြီပဲလေ. ပေါင်းစပ်ခွင့်တွေ မရှိတဲ့နောက် ဒီလိုနဲ့ပဲ ဝေးကြမှာလား

လုပ်ရက်တယ်လို့လည်း ကိုယ်ဘယ်လိုများ ပြောမလည်း ကိုယ်စီဒါဏ်ရာတွေနဲ့မို့ မပြောရက်ခဲ့ဘူး… ရေး.

ရင်မှာမီးတောက်များနဲ့ ဟန်လုပ်လို့ ထားလည်း နာ ကျင် နေ
မိုးမြင့်ထက်က ကြယ်စင်ခစား မော့ကြည့်ရသူ လမင်းလေး ရေ ကိုယ့်ရဲ့ဘ၀က ခရောင်းတော လိုပဲ မလာချင်ပါနဲ့လေ။

တို့ရဲ့အဖြစ်က ရင်နာယုံနဲ့ လမ်းခွဲပြီးဆုံး နေပြီပဲလေ. ပေါင်းစပ်ခွင့်တွေ မရှိတဲ့နောက် ဒီလိုနဲ့ပဲ ဝေးကြမှာလား

အို.. တို့နှစ်ယောက် ဘ၀က ပြိုင်နေတဲ့ မျဉ်းလား..

အလှမ်းဝေးလွန်းလှတယ် မြေပြင်ကိုယ်ဆို မင်းကမိုး..

မိုးမြင့်ထက်က ကြယ်စင်ခစား မော့ကြည့်ရသူ လမင်းလေး ရေ ကိုယ့်ရဲ့ဘ၀က ခရောင်းတော လိုပဲ မလာချင်ပါနဲ့လေ။


တို့ရဲ့အဖြစ်က ရင်နာယုံနဲ့ လမ်းခွဲပြီးဆုံး နေပြီပဲလေ. ပေါင်းစပ်ခွင့်တွေ မရှိတဲ့နောက် ဒီလိုနဲ့ပဲ ဝေးကြမှာလား

ပေါင်းစပ်ခွင့်တွေ မရှိတဲ့နောက် ဒီလိုနဲ့ပဲ တို့ ဝေး သွား...

ပေါင်းစပ်ခွင့်တွေ မရှိတဲ့နောက် ဒီလိုနဲ့ပဲ တို့ ဝေး သွား...

ပေါင်းစပ်ခွင့်တွေ မရှိတဲ့နောက် ဒီလိုနဲ့ပဲ တို့ ဝေး သွား...

Download

Open MySelf

ပုံပန်းသဏ္ဍာန်..

ရုပ်အဆင်းကတော့ ကိုလွင်မိုးပေါ့.. (ဘယ်သူလည်းကွ ချောင်းအတုဆိုးပြီး သီးသွားတာ)
နဖူးက နောက်ဆယ်နှစ်လောက်ဆို သေချာပေါက် ပညာရှိနဖူး ဖြစ်မဲ့လက္ခဏာရှိတယ်.. (အဟမ်း အဟမ်း.)
မျက်ခုံးက ဖြောင့်ဖြောင့်တန်းတန်း.. (ဆိုင်မှာပြင်ထားတာလားဟင် လို့တောင် မေးတဲ့လူရှိတယ်.. တကယ်.. )
မျက်လုံးက တော့ ညာမပြောဘူး သေချာကြည့်ရင် အမိုက်ဆုံးပဲ.. (စူးစူးစိုက်စိုက်ကြည့်ရင် တော်ယုံကောင်မလေးတွေ ရင်ဆိုင်ပြန်မကြည့်ရဲဘူး.. ဟင်း ဟင်း ဟင်း ဟင်း)
နှခေါင်းက စလိုးဒေါင်း တပ်ထားတယ်.. (တချို့ကပြောတယ် လှပစွာ ကိုင်းညွှတ်နေသတဲ့ ခွီ)
အရပ်က သပ်သပ်ရပ်ရပ် ရှိယုံ မမြင့် မနိမ့် (အဲ.. နည်းနည်းတော့နိမ့် ဟဲ)
အသားအရေကတော့ ချောမွေ့လှပ စိမ်းစိမ်းစိုစို အို.. ရွှေမှုန်တွေစား မွေးထားသလားထင်ရတယ် (အဟတ် အမှန်တိုင်းပြောရတာ ရှက်လိုက်တာ)
ဘော်ဒီကတော့ အမေမွှေးကတည်း က ပိန်ပိန်ပါးပါး လှပြီးသား (ကဲကဲ ဟုတ်ပါတယ် ၀ါးခြမ်းပြားပါ တကထဲ သူများလှတာ မနာလိုတဲ့သူတွေက ရှိသေးတယ်)

စိတ်ဓါတ်လား အင်း.. ကြွပ်ကြွပ်ဆတ်ဆတ်နဲ့ ပျော့ညံ့တယ်.. (အမ် ဘယ်လိုကြီးတုန်း)..
ဟဲဟဲ အပေါ်က ပုံပန်းသဏ္ဍာန် အကြောင်းရေးထားတာ ဖတ်ရင် သိသာပါတယ်..

ကပျက်ကရှော်. ဗရုတ်သုတ်ခ. နောက်တီးနောက်တောက်. စတဲ့ စိတ်ကလေးတွေ ရှိသော်လည်း…
ဟိုးရှေးရှေးတုန်းကရော အခုရော ကမ္ဘာပေါ်မှာ အလွန်တရာ မက အလွန်တထောင် တော်တဲ့သူရှိသတဲ့.. အဲ့ဒါ ငါပဲ လို့ ပြောမဲ့ကောင်မျိုး (ဟယ် အရှက်နည်းတာတော်)..
စကားများများ မပြောဘူး လုံးဝနီးပါးမပြောတာ သိတယ်မလား အဲ့ဒါ ပညာရှိတွေရဲ့ ကြင်အင် လက္ခဏာပေါ့ (မူးမှပြောတာ :P)
ဟိုဦးကပ်စီး ဒေါင်းကြီးတို့နဲ့ နည်းနည်းမှ မတူတာက မမြဲခြင်းတရားကို အမြဲဆင်ခြင်နေတဲ့လူဆိုတော့ မနက်ဖြန် ငါသေရင်သေမှာ ဆိုပြီး ဒီနေ့ရှိတဲ့ပိုက်ဆံကို မကုန်ကုန်အောင်သုံးတယ်.. အကြွေးသာရမယ် ဆိုလို့ကတော့ ဘာမှအသုံးမလိုတဲ့ ဆင်ကိုတောင် ၀ယ်ပြီး အိမ်အောက်မှာ ကြိုးချည်ထားလိုက်ဦးမယ်. (ဟို ဆင်ဂါဘူ ဘဏ် တတိထား ဘူးထွား ဟား ဟား :P)

ဟဲ ဟဲ စတာပါဗျာ ပေါ့ပေါ့ပါးပါးပဲ ထားခဲ့ချင်လို့ပါ အမှန်တော့ အဲ့ဒီအရေချင်းတွေ အားလုံးဟာ ရှော့ရှော့ပေါ့ပေါ့ ပြောခဲ့မိတယ် ဆိုတာ ၀န်ခံပါတယ် ( ငှဲလျောင်း ငှဲလျောင်း… )

ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် ပြီးတော့ အခုလို ကျနော့်အကြောင်း အမှန်တိုင်း သိသွားအောင် ပြောဆိုခွင့် ရဘို့ အခွင့်ရေး ဖန်တီးပေးတဲ့ ဒေါင်းကြီးကိုလည်း ကျေးဇုးနည်းနည်းပို တင်ကြောင်း ပြောခဲ့ပါတယ်.။ (ခေါင်းလေးငုံ့၍ စင်ပေါ်မှ ဆရာကြီး ပုံစံနှင့်ပြောကာ နုတ်ဆက် နောက် ငိုက်စိုက် ငိုက်စိုက်နှင့် ဆင်းသွား)

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ရွှီ…. (ပရိတ်သတ်များ၏ လက်ခုပ်သံများ)

Tesla

Tuesday, November 27, 2007

MotherMyanmar


သိမ်းငှက်တကောင် ကဲ့သို့ အမြင့်ဆုံး နေရာ အထိ ထိုးတက် သွားကာ အောက်ပြန် ငုံ့ကြည့်လိုက် မည်ဆိုပါက အစိမ်းရောင်ဝတ် မင်းသမီး တပါးအား ငြိမ်သက် သိမ်မွေ့စွာ လဲလျောင်းလျက် ရှိနေသည်ကို တွေ့နိုင်ပါသည်။ အချိုးကျစွာ ရှိုက်ဖိုနေသော ခန္ဓာကိုယ်တခုဖြင့် လှပ လျက်ရှိနေသည်မှာ တချိန်ကတော့ ခန့်ခန့်ထည်ထည် ဖြင့် မဟာဆန် ခဲ့ဘူးသည်။ ကပ်လျက်ရှိသော အရှေ့ဘက် နှင့် အနောက်ဘက်မှ စီးဝင်လာမှုများကြောင့် သူမအား နို့နှင့်ပျားရေတို့ စီးဆင်းရာ ကုန်းမြေ တခုအဖြစ်ပင် ခေါ်ကြသည်။ သို့သော် သူမ၏ ဦးခေါင်း အပေါ်တည့်တည့်တွင် ပါးစပ်ဟလျက် ချောင်းမြောင်း နေသော နဂါးတကောင်ကိုမူ မြိုပြစ်လိုက်ရန် အသင့် အနေအထား နှင့်လည်း တွေ့နိုင်ပါသေးသည်။

တဖြည်းဖြည်း နိမ့်ဆင်းကာ ပျံဝဲလျက် ကြည့်မည် ဆိုပါက သူမသည် သာယာလှပသော တောတောင် ရေမြေ စိမ့်စမ်းများ မျက်စိတဆုံး မြင်နိုင်သော စပါးကွင်းပြင်ကျယ် များကို ကြွယ်ဝစွာ ပိုင်ဆိုင်ထား ပြန်သည်။ မိုးရာသီဆိုလျှင် အစိမ်းရောင်ထနေသော လယ်ကွင်း ပြင်ကြီးများကို ၀တ်ဆင်ကာလှပနေပြီး ဆောင်းဦးပေါက်ချိန်တွင် မှဲ့ဝင်းနေသော စပါးနှံများဖြင့် ရွှေညိုရောင် လက်နေသော ၀တ်ရုံတစ်ခုကို ပြောင်းလဲ ခြုံလွှမ်းလိုက်သည်။

ယဉ်ကျေးလာစေရန်၎င်း သံသရာမှ လွတ်မြောက်စေရန် ရည်သန်၍၎င်း တည်ထားကြသော စေတီပုထိုးများကို အစက်အပြောက်များ များစွာ ချထားသည့် အလား သူမ၏ ခန္ဓာကိုယ် အနံ့ တွင် တွေ့နိုင်သည်။ ကဗျာဆရာ တယောက်၏ မျက်လုံးမျိုး သက်သက် ဆိုပါက နေရောင်အောက်မှ ကြီးကျယ်လှပသော မီးတောက် ပိရမစ်ကြီးများ အဖြစ် ခမ်းခမ်းနားနား ထိုးထွက်လျက်။

သူမကိုယ်တိုင် မွေးထုတ်ပေးခဲ့သော ရာဇ၀င်များ စီးဆင်းရာ မြစ်ဧရာ ကိုလည်း သူမ၏ ကိုယ်ပိုင် အမှတ်အသား တခုအဖြစ် တွေ့နိုင်ပါသည်။ မြစ်ဧရာထဲတွင် သမိုင်းတွင်ကျန်ခဲ့မည့် ၀ိဥာဉ်များ ရဲဝံ့သောသွေးများ အေးမြသော ရေကြည်များသည် တခါတရံ ကမ်းပါးယံကို ဒေါသတကြီး ရိုက်ခတ်လျက် တခါတရံ ကဆုန်ဆိုင်း တိုးဝင်သော စစ်သူရဲကောင်း၏ မြင်းတကောင်ကဲ့သို့ အားမာန်ပြင်းလျက် တခါတရံ ကမ်းစပ်မှ လေယူရာတိမ်း ယိမ်းနွဲ့သော ၀ါးရွက်တို့၏ အသံအတိုင်း စီးချက်ကျ ကခုန်နှုးညံ့လျက် စီးဆင်းခဲ့ကြသည်။ စီးဆင်းလျက် ရှိနေသည်ကို တွေ့နိုင်သည်။ စီးမြဲအတိုင်းပဲ ဆက်လက် စီးလျက် ရှိနေပါလိမ့်မည်။

သူမသည် အပေါ်ယံ သက်သက်သာ လှပသူမဟုတ်ပါ။ သူမ၏ခန္ဓာကိုယ် အတွင်းတွင်လည်း ကုန်နိုင်ဖွယ်ရာ မရှိဟု ထင်ရလောက်အောင် ရေနံများ ခဲမဖြူ အဖြိုက်နက် ရွှေ ငွေ ကြေးနီ ပတ္တမြား ကျောက်စိမ်း နီလာ စသည့် သယံဇာတ များစွာကို သူမ၏ ရင်သွေးများ အတွက် ပြည့်စုံလုံလောက်စွာ သိုဝှက် ပေးထားသူဖြစ်သည်။

သို့သော်…..

ယခုတွင်မူကား သားဆိုးသားမိုက်များ မလိမ္မာသော ရင်သွေးများ ကိုယ့်အကျိုး သာသိသော သူများ အကျိုးယုတ်နေမှန်း သိပါလျက် ပေကတ် ရပ်နေသူများ သူမရင်ဝကို မသိမသာ ခြေစုံကန်နေကြသူများ ကြောင့် သူမသည် ဘ၀ပျက်မတတ် ခါးသီးစွာ ခံစားနေခဲ့ရသည်။ သူမ၏ အမည်ကိုတွေ့လျှင် အသုံးမကျခြင်း ခေါင်းငုံ့ အောက်ကြို့ရခြင်း ရာဇ၀တ်မှုဟုတ်သည် မဟုတ်သည်ဟု မခွဲခြားနိုင်ခြင်း ယဉ်ကျေးမှုနိမ့်ပါးခြင်း သွေးစွန်းနေခြင်း စသည်တို့နှင့်ပင် တွဲမြင်လျက် ရှိနေပြီဖြစ်သည်။ အခုတော့ သူမသည်လည်း အရိုင်းအစိုင်း နီးပါး ဖြစ်လာလျက်ရှိပြီ။

သူမအား လိမ္မာတိုးတက်လာစေရန်မူ သူမမွေးထုတ်ပေးခဲ့သော ရင်သွေးများ အားလုံးတွင် တာဝန်ရှိသည်။ သူမကို အဓိကထိမ်းသိမ်းရန် တာဝန်ယူထားသော သူများအတွက်မူကား တာဝန် အရှိဆုံးဖြစ်သည်။ တဦးနှင့်တဦး လက်ညိုးထိုး ကာ ငြင်းခုန် လွဲချနေကြသော လူအများကြား အချင်းချင်း သတ်ဖြတ်ကြ၍ သွေးစွန်းပေလျက်ရှိသော ခန္ဓာကိုယ်တခုနှင့် သူမသည် စိတ်ပျက်အားလျော့စွာ ခက်ထန်နေပြီ။ သူမအောက်တဲ့တဲ့တွင်ရှိသော ပင်လယ်ထဲသို့ ထိုးဆင်းသွားရန်ပင် ဟန်ပြင်နေပြီ။

သို့သော် မိခင်တယောက်အဖြစ် အားကိုးနေကြရသော သူ့ရင်သွေးများအတွက် သူမသည် ယဉ်ကျေး သိမ်မွေ့ တိုးတက်လာစေရန် ပြုပြင်ပေးမည့် နတ်သမီး တပါးပါးအား ရိုင်းစိုင်း ကြမ်းတမ်းစွာ စောင့်မျှော်လျက် ရှိနေရှာပါသည်။

Angel Detector

Friday, November 16, 2007

HAPPY BIRTHDAY












<16.november.2007>

Oh .. Wonderful day for you..

You reached this day

As

Your 13 & Half years day light

Plus

13 & Half years nights.

You already passed these days with many successes

Um..

May be faced with many failures.

Anyway, you have duties, tasks to be continues

To pass difficult paths...

To surf the seas…

To climb a mountain .. and.....


To shoot the stars…

Yeap.. you have 74% left to finish your life.. Go Ahead…

................Happy Birthday....................

>>> NyiMaLay

AKo'

Thursday, November 15, 2007

Boundaries


သွေး

”မွေးကတည်းက ကျုပ်မှာစီးနေရတာဗျာ“

နှလုံး

”လုံးဝမနားပဲ ခုန်ပေးနေခဲ့ရတာ မောနေပြီနော်“

စိတ်……တဲ့

အားမနာလျှာမကျိုး

စိတ်ထင်တိုင်းကို လွှင့်နေတော့တာပဲ

………x……

လမ်းဥပဒေသအရ

တလိမ့်ခေါက်ကွေး တက်လာရသဖြင့် အတက်ယာဉ်ကို ဦးစားပေးရန်

-ဟွန်းမတီးရ-

..........x……….

တနေ့တခါ သနားကြင်နာတတ်သူဟု ကိုယ့်ကိုကိုယ်ရေရွတ်ပါ

ကြေညာပါ ထင်ပါ ပွားများပါ

ထို့နောက် ရေနစ်သူကို ၀ါးကူ၍ထိုးပြစ်လိုက်ပါ..။

……….x……….

အနုပညာသည် ဘာအတွက် ဘယ်သူ့အတွက် ဘာဖြစ်ဘို့အတွက်တဲ့.

ရှေးအဆက်ဆက်ကတည်းက ငြင်းကြသည်

ငါ့အတွက်မူက ငါဖန်တီးသော ငါ့အနုပညာသည်

ငါ့အတွက်ဖြစ်သည် ငါခံစားရန်ဖြစ်သည်

ထို့ကြောင့် အယုတ်ညံ့ဆုံး အနုပညာအား ငါပိုင်ဆိုင်ထားသည်ဟုသာ သတ်မှတ်ကြပါလေ..။

……….x……….

တုန့်ကန်ရုံးထွက်နိုင်မှု စွမ်းအားအမြင့်ဆုံးသော စာရင်းများထဲတွင် မမြင်ရသောလေ ပါသည်။

ထို့အတူ လေကဲ့သို့ မမြင်ရ လေထက်ပင်သိပ်သည်းဆ ပိုများသော

ဖိနှိပ်ခံစိတ်များ၏ ရုံးထွက်ခြင်မှုသည်ကား ဆိုဖွယ်ရာမရှိ..။

သို့သော် လှုံလှူံခြုံခြုံရှိရန်တော့ လိုအပ်သည်။

……….x……….

မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော ယစ်မူးစေတတ်သော နိဗ္ဗာန်၏ဖီလာဖြစ်သော

ထို. ဘီယာသည် အရက်မဟုတ်ကြောင်း သက်သေပြရန်

အကြောင်းပြချက်များ တော်တော်ရှားနေပြီ။

ဟား ဟား ဟား ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် တဲ့.။

……….x……….

“သင်ကောင်းလျှင် ကျွှန်ုပ်မဆိုးပါ”

“လူသာလာပါ ပြဿနာခေါ်မလာပါနဲ့”

အဲ့ဆိုင်းပုဒ်တွေက အခန်းအ၀မှာထားပြီး လူတိုင်း(လူတိုင်း) ဖတ်ပြီးမှသာ

ဝင်လာရန်ဆိုရင် ဂွကျတယ်လို့ မထင်ဘူးလား။

သိပ်ပြီး အကျိုးအမြတ်ဆန်တယ်လို့ မထင်ဘူးလား။

စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၀င်လာတဲ့လူတယောက်အတွက်

အောင့်သက်သက်ခံစားမိစေနိုင်တယ်လို့ကော မထင်မိဘူးလား။

……….x……….

မမြဲခြင်းတရားအား ပါးစပ်နားတွင်ထား၍ မြဲခြင်းတရားကို

(လက်ဆုပ်လက်ကိုင်ပြနိုင်ရန်)

လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကြသောအခါ.

အင်း.. လူပီသတယ်ဆိုကြပါစို့..။

……….x……….

တံဆိပ်တပ်ထားယုံနဲ့ ပြီးပြည့်စုံကြေးဆို

ငါ့နဖူးမှာ ဘုရားသခင်လို့ ကပ်ထားမှာပေါ့ ကဲ.. ရှိခိုးကြပေတော့

တွေ့လား အဲ့ဒါ မိုက်ရိုင်းတယ်မလား..။

.........x……….

အဆင်မပြေတာတွေ များနေတော့လည်း စိတ်လေတယ်

……….x……….

စိတ်……တဲ့

စိတ်ထင်တိုင်း လွှင့်နေရတာတောင်

သူကများ စိတ်ညစ်တယ် ရှိရသေးတယ်။

ဘာကြောင့် စာမရေးတာကြာနေရတာလည်း ဆိုတော့ အပေါ်က အပိုင်းအစ များကြောင့်လည်းပါသည်။ တွေ့တဲ့အတိုင်းပဲ.. စိတ်က စည်းလွတ်ဘောင်လွတ် ဖြစ်နေလေ၏။ အဲ့လိုစိတ်တွေထဲက ရုံးမထွက်နိုင်ပဲ ပိတ်လှောင်နေတော့ ကိုယ့်ကိုယ်ကို အမြင်ကတ်လာသည်။ သောက်သုံးမကျဘူး ဆိုပြီးမြင်လာသည်။ ဒါပေမဲ့ တနေ့တနေ့ သူတို့ကိုပဲ မြိုမြိုထားရသည်။ အခုတော့ သွားချင်ရာ သွားတော့ကွာ ဆိုပြီး မျက်စိမှိတ်ပြီး ဘေးမဲ့ ပေးလိုက်သောအခါ ၀ရုန်းသုန်းခါး ပြေးထွက်သွားကြသည်။ ထိုစိတ်များ ကောင်းရာသုဂတိမလားကြပါစေနှင့်။ စာဖတ်သူထံသို့ မတော်တဆ လာရောက်ခိုလှုံခွင့်တောင်းလျှင်လည်း လုံးဝ လက်မခံပါနှင့်။ သို့သော် မွေးမြူတတ်လျှင်တော့မူ မဆိုး ရှာပါဘူးလေ..။ လူတွေချဉ်သော လူပေါင်းမဆန့်သော ထို စိတ်မိုက်များအား ပြစ်လိုက်ပြီ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ.. ကဲ.... အခုမှ နေသာထိုင်သာရှိသွားတော့တယ်.. တကယ်.. :D

Tesla

Tuesday, October 30, 2007

Am I Gipsy?

အော် အခြေနေက ဇော်ဝင်းထွဋ္ဋ် တော့မဟုတ်ခဲ့ပေမဲ့ ငါဟာဂျစ်ပစီမိုးတိမ်ပါပဲ သီချင်းကို ထိုင်ဆိုရမလို ဖြစ်နေပြီ.. ဟိုပဲသွားရမလိုလို ဒီမှာပဲနေရမလိုလိုနဲ့ ဒီကြားထဲ စာရေးချင်စိတ်ကလည်းကုန်ခန်း နေ.. ဘလော့နဲ့ပတ်သက်ရင်တော့ နည်းနည်းစိတ်လေနေတယ်ပေါ့ဗျာ..။ နဂိုထဲက ဘတ်စ်ကားပေါ် လုတက်ရသလိုမျိုး သုံးနေရတဲ့ ကော်နက်ရှင်က အဲ့ဒီဘတ်စ်ကားကိုပါ ခိုးစီးရတော့မယ်ဆိုတော့ ဘာမှမလုပ်တာအေးတယ် ဖြစ်နေရော.။ ဘာမှမလုပ်ပဲနေတာ ကြာတော့လည်း ပျင်းနေပြန်ရော.။ သတိရပြန်ရော.။ ရေးခဲ့တဲ့စာလေးတွေ သူငယ်ချင်းတွေရဲ့စာတွေ ဖတ်ချင်ပြန်ရော..။ အဲ့လိုနဲ့ မျောနေတဲ့စိတ်တွေကို စုစည်းပြီး ထွက်ပေါက်တွေ ရှာရပြန်ရောပေါ့လေ.။ WordPress မှာ ရသေးတယ်ဆိုတော့ အဲ့ဒီအိမ်လေးမှာ အစမ်းနေကြည့်တယ်.။ မဆိုးပါဘူး ဒါပေမဲ့ အိမ်က ပိုက်ဆံမပေးပဲ အလကား နေရတာဆိုတော့ နည်းနည်းလည်း ကြာလာရော ရယ်ဒီမိတ်ဟင်းတွေချည်းပဲ စားနေရသလိုမျိုး ခံစားမိလိုက်တာ.။ အဲ့လိုနဲ့.. အခု ဒိုမိန်းနိမ်းလေးကို မမီရဲ့ကောင်းမှုကြောင့် လုပ်ဖြစ်တယ်..။ မဆိုးဘူးဟပေါ့လေ..။ ဒါပေမဲ့ ကွန်မန့်တွေက အပိတ်ခံနေရတာက ဟင်းကောင်းပေမဲ့ ထမင်းစားရတာ မ၀သလိုမျိုး ဖြစ်တော့ အပိုထပ်တောင်းရတာပေါ့လေ.။ ထိုသို့ထပ်တောင်းမိသည့်သကာလ.. (ရေးချင်တာက အခုမှစတာ... :P ) ဒီလိုဗျ... Haloenscan ဆိုတဲ့ ကွန်မန့်ကို သုံးမယ်ဆိုပြီး Install လုပ်လိုက်တော့ သူငယ်ချင်းတွေ ရေးထားပေးခဲ့ အကြံပေးခဲ့ စာရေးတာတိုးတက်လာအောင် တွန်းအားပေးခဲ့တဲ့ ကွန်မန့်တွေ အားလုံး ပျောက်သွားတယ်ဗျာ..။ အဲ့ဒီတွက် ရေးပေးခဲ့ကြတဲ့ သူတွေကို ဒီနေရာကနေ တောင်းပန်ကြောင်း ရေးခဲ့ချင်တာပါ..။ ပျောက်တယ်ဆိုပေမဲ့ မပျောက်သေးပါဘူး (ရှုပ်နေတာပဲ)။ ကွန်မန့်တွေကတော့ ဘာမှမပေါ်တော့ဘူး ဒါပေမဲ့ ကွန်မန့်တွေကို တိုက်ရိုက် လင့်လုပ်ကြည့်ရင်တော့ ရှိဦးမယ်ထင်တာပဲ။ အဲ ဟိုလိုဆိုတဲ့ ဟိုကောင်ကြီးကို ပြန်ဖြုတ်လိုက်ရင်တော့ ပြန်မြင်ရမယ်ထင်တယ်..။ ဘာပဲပြောပြောလေ.. ကျနော် ဒီနေရာမှာပဲ နေပြီး နောက်ထပ် နေရာသစ် ဘယ်မှ မရွေ့တော့ဘူးပဲ စိတ်ကူးတယ်..။ ဂျစ်ပစီစိတ်ထားနဲ့ လျှောက်သွားနေခဲ့တုန်းက လာလည်ကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်..။
အော်.. မေ့တော့မလို့... http://tesla.myanmarbloggers.org/ ကို မှတ်တိုင်ဆုံးတဲ့ထိ စီးလာပြီး ဘယ်ဘက်ကို မကွေ့ပဲ ညာဘက်ကို မကွေ့ပဲ တည့်တည့်ပဲ လျှောက်လာရင်လည်း
Oh.. My Blog! ကို တွေ့နိုင်ပါကြောင်း... ;)
Tesla

Thursday, October 25, 2007

Summer, Stream & Rock....

စမ်းချောင်းလေး.. ကျောက်ဆောင် နဲ့… နွေ..














စမ်းချောင်းလေး

ငါဟာခမ်းခြောက်စွာ စီးဆင်းခဲ့ရတာပါ…

ပင်လယ်ထိစီးဘို့ အသာထား…

အရိုင်းအစိုင်းကျောက်ဆောင်တချို့ကြား…

ဟိုရောက်ဒီရောက်…

ငါ့ရေနဲ့ငါတောင်မလောက်ဘူး…

နွေရယ်…

ဥတုသုံးလီထဲ. မင်းဘာလို့များ ပါနေရတာလည်း…။

ကျောက်ဆောင်

နွေ.. လှမ်းကြည့်လိုက်ဦး…

တဖြည်းဖြည်းစီးဆင်းသွား…

စမ်းချောင်းလေးပျောက်ဆုံး…

လွင့်မြောပါကြီးရင့်ခဲ့ရသူ ကျောက်ဆောင်ကျောက်ခဲဘ၀ကို…

စမ်းချောင်းလေး ထားခဲ့ပြီး…

ဘယ်ကိုစီးဆင်းသွားလည်း…

လမ်း.. ကြောင်းက. ဝေး…

ဘယ်မှာဆုံးလည်းမသိနိုင်…

တရွေ့ရွေ့နဲ့ဝေးဦး…။

(လေးဖြူ၏ စီးဆင်းသွားတဲ့ စမ်းချောင်းလေး သီချင်းမှ)

နွေ

ငါ့ညတွေဟာ တိတ်ဆိတ်စွာ အိပ်ရာဝင်တုန်း…

စမ်းချောင်းလေးက ညင်ညင်သာသာရိုက်ခတ်တဲ့အခါ…

ကျောက်ဆောင်ကလည်း ကြည်ကြည်နူးနုးနဲ့လေ…

ဆော့ကစားနေကြတာများ…

စမ်းချောင်းလေးရဲ့ ခိုးခိုးခစ်ခစ် ရီသံလေးတွေကြားရတဲ့အထိပေါ့..။

ဟော.. ငါ့နေ့တွေမှာဆို…

ငါဟာ ကျောက်ဆောင်ရဲ့အမြင်ကပ်မှုကော…

စမ်းချောင်းလေးရဲ့ မုန်းတီးမှုကိုပါ ခံခဲ့ရပြန်ရော..။

စမ်းချောင်းလေးကို ငါချစ်ခွင့်မရသလို

ကျောက်ဆောင်ရဲ့ အညိုးတွေကိုပါ…

ငါဟာခံစားခဲ့ရတယ်…

ရပါတယ်…

ငါဟာ.. မွေးရာပါ အမုန်းခံရဘို့ ဇာတာပါလာခဲ့ရတဲ့ နွေပါ……….။




သူဟာ ဘ၀မှာ အေးမြတဲ့ စမ်းချောင်းလေးအဖြစ်နဲ့လည်း တရွေ့ရွေ့စီးဆင်းဘူးတယ်။ ပျော်ရွှင်ဖွယ် ရီသံတွေနဲ့အတူ နွေညတွေမှာ ကျောက်ဆောင်လိုလည်း အေးချမ်းဘူးတယ်။ ကြည်နှုးစွာ နဲ့ လရိပ်တွေအောက်မှာ စမ်းချောင်းလေးကို ပျော်ရွှင်စွာ မြင်ခဲ့ဘူးသလို ကျောက်ဆောင်နဲ့ အထီးကျန်မှုတွေကို အတူတကွ ဖြတ်သန်းဘူးတဲ့ နွေရင့်ရင့် တခုအဖြစ် နေခဲ့ရဘူးတယ်။ ကြည့်စမ်း သူဟာ ငိုချင်းချသွားတဲ့ စမ်းချောင်းလေးလိုလည်း ခြောက်ကပ်စွာ စီးဆင်းဘူးတယ် ကျောက်ဆောင်လို တယောက်တည်းလည်း အထီးကျန်တယ် နွေလိုတောင်ပူပြင်းခဲ့ဘူးသေးတယ်..။ အခုကြတော့လည်း သူဟာ ဘယ်တော့မှ ဆုံခွင့်မရမဲ့ မိုးအမြင့်ထက်က ကြယ်စင်တွေခစားနေတဲ့ လမင်းကို ငှေးမော့ကြည့်ယုံလေးနဲ့ ကျေနပ်ခွင့်ရခဲ့တဲ့ ပင်လယ်ဖြစ်သွားပြန်ရော..။ သူ့ရဲ့ မှောင်နေခဲ့တဲ့ညတွေမှာ အဲ့ဒီလမင်းလေးဟာ အလင်းများနဲ့ ကြဲဖြန့်နှစ်သိမ့်ခဲ့ဘူးတယ်…။ မယုံမရှိပါနဲ့..။သူဟာ မကြာခင်မှာပဲ တဖြည်းဖြည်း ပျောက်ကွယ် သွားတော့မယ် ပင်လယ်သေ တခုဖြစ်ပါတယ်…။
(ပင်လယ်သေ)

Tesla

Sunday, September 23, 2007

No.3.. TideLaw











နံပါတ်သုံး ဒီရေနိယာမ

ဒုတိယအကြိမ်မြောက် လှဲကျအပြီးမှာ

ငါဟာတည့်တည့်မတ်မတ် ပြန်ဖြစ်သွားခဲ့တယ်…။

အဲ့ဒါ ဆောင်းတွင်းပေါ့ နှင်းပွင့်လေးတွေတောင် တဖွဲဖွဲ ကျလာပြီ..

မနက်ဖွေးဖွေးမှာ မြူတွေ ရောရောထွေးထွေးမပါကြဘူး..။

နှင်းတွေကို တစ်ပွင့်စီ လှမ်းကောက်လို့

ငါဟာ နှင်းပွင့်နန်းတော်တစ်ခု ဖန်ဆင်း ပြစ်လိုက်တယ်

လှပခန်းနားလှချည်ရဲ့..။

ညတွေဆို တလှပ်လှပ် လှုပ်ခတ်နေတဲ့ ဇာပုဝါခန်းစီးအနားမှာ

ပန်းတွေက လှလှပပ လရောင်လှုံနေတာလေ..

ဟုတ်တယ် ဖြတ်ကနဲ..။

ဟိုးပြာလဲ့လဲ့ ကောင်းကင် ထဲက ငှက်ကလေးတွေ …

လွတ်လွတ်လပ်လပ်ပျံသွားတာ မြင်လိုက်ရတုန်းကလည်း လှတာပဲ..။

အပြာရောင်ရယ် အဖြူရောင်ရယ် လရောင်ရယ်ပါ

ရေးချယ်ထားတဲ့ သက်တန့်တခုဟာ လှလှပပရှိလှရဲ့.

တိမ်မည်းမည်းစုပ်ချက်တစ်ခု သက်တန့်တွေပေါ် ထင်ကျန်သွားတဲ့အခါ

နှင်းပွင့်နန်းတော်ဟာလည်း

တလှပ်လှပ်ပုဝါတွေနဲ့ အတူ လွယ်လွယ်ကူကူ ပျက်စီးသွားပြန်ရော..။

ငှက်ကလေးတွေကလည်း ခရီးသွားတွေမို့ မမြင်နိုင်တဲ့နေရာထိ ပျံသန်းသွားကြသတဲ့.။

ပျောက်ကွယ်သွားတဲ့ သက်တန့်ရောင်ဝတ်စုံကို

စိတ်ကူးထဲမှာ သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားတာ

ငါ့မှတ်ဥာဏ်တွေ မပျက်သေးသ၍တော့ ကျန်နေခဲ့ပါလိမ့်မယ်..။

အင်း... လသာပါရဲ့ တိမ်ကလာဖုံးသွားတာ

နှင်းကမြူနဲ့ရောတဲ့အခါ ပိန်းပိတ်အောင်မှောင်ကျသွားတာ

အဲ့ဒါ.. အ၀ိဇ္ဖာတွေများလားကွယ်….။

တတိယအကြိမ်မြောက်ဆိုမှတော့ ငါ မှောက်ရက်လှဲကျတာပေါ့..။

ပြန်လှယ်တည့်မတ်ခွင့်ရရန် အလို့ငှာ….

နောက်တကြိမ်ထပ်လှဲကျခွင့်တော့… ပေးသနားတော်မူပါ……။

Tesla

Thursday, September 13, 2007

My Recent Favorites (ONE)














ဇာတ်လမ်း

ကျွှန်တော့်မှာ ပန်းသီးတစ်လုံးရှိတယ်

အဲ့ဒီပန်းသီးအတွက် ငှက်တစ်ကောင်ရှိတယ်

အဲ့ဒီငှက်အတွက် တောင်ပံတစ်စုံရှိတယ်

အဲ့ဒီတောင်ပံတစ်စုံအတွက် လှောင်အိမ်တစ်လုံးရှိတယ်။

ကျွှန်တော့်မှာ စက္ကူဖြူတစ်ရွက်ရှိတယ်

အဲဒီစက္ကူအတွက် ကဗျာတစ်ပုဒ်ရှိတယ်

အဲဒီကဗျာအတွက် စကားလုံးတစ်ရာရှိတယ်

အဲဒီစကားလုံးတစ်ရာအတွက် ဦးခေါင်းတစ်လုံးရှိတယ်။

စကားလုံးတွေကို အတောင်ပံတပ်ပေးလိုက်တဲ့အခါ

ငှက်တကောင်ဟာ ဦးခေါင်းထဲကိုဝင်သွားတော့တယ်။

စားပွဲပေါ်မှာ…

ဘာမှရေးမထားတဲ့ ပန်းသီးနဲ့

တကိုက်ကိုက်ထားတဲ့ စက္ကူတစ်ရွက်သာ

ကျန်နေခဲ့လေရဲ့။

သစ္စာနီ (English For All ဂျာနယ် ၂၀၀၀)

........x.........

Story

I have an apple.

For that apple, there is a bird.

For that bird, there is a pair of wings.

For that pair of wings, there is a cage.

I have a sheet of white paper.

For that paper, there is a poem.

For that poem, there are one hundred words.

For those one hundred words, there is a head.

When the words are given wings

A bird flies straight into the head.

On the table are left only

An apple on which nothing is written

And a sheet of paper with a chunk bitten off.

Thitsar Ni

( “English for All” journal – 2000)

Trans ; Zeyar Lin

Picture is from that link http://www.oyonale.com

Sunday, September 09, 2007

BIG 30

ဂျစ်ဂျစ်းး

Happy birthday :)may u live to a ripe old age!

Happy birthday :)May all ur wishes come true!



ဒေါ်ဂျီးပန်းး အသက် ၃၀ ပြည့်ပြီလား.. ဟဲဟဲ ပျော်ရွှင်ပါစေ..

ကြောက်စရာ ချစ်စရာ ဂဏန်းတစ်လုံးနဲ့ ရင်ဆိုင်တွေ့တော့
ဝုန်း ….

ဘာညာ ဒီမိုးး

ကိုတက်စ် ရေ.. Happy Birthday ပါ.. ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ..

Many Happy RETURNS for today and the year ahead!

ကိုကြီးတတ်.. အာဘွားးးးးး ဟက်ပီးဘက်ဒေးးးးးးးးးးး



Mr.Poohးး ကိုတက်စလာ - မွေးနေ့မှာ ငြိမ်းချမ်းစွာ ပျော်ရွှင်နိုင်ပါစေလို့ ရေးဖေါ်ဖတ်ဖက် တစ်ယောက်အနေနဲ့ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဆုတောင်းတယ်။ :)
မောင်ပွတ်ရဲ့ခြူသစ်းး ကိုတက်ရေ..happy birthday ပါ ။ အမြဲပျော်ရွှင်နိုင်ပါစေး)

မအိမ့်းး ပျော်ရွှင်ပါစေ.. ရေလိုမွှေး လို့ ပန်းလိုအေးပါစေ.. ဒါနဲ့ ဘယ်နှနှစ်ပြည့်တာလဲ... ၁၆နှစ်လား

ကိုAlvinးး Hay Ko Tesla... Happy Birthday! :)


ဘလာဂေါက်းး ကိုတက်စလာ- ဒီမွေးနေ့ကစပြီး နေ့ရက်တိုင်းကို ပျော်ရွှင်ငြိမ်းစွာ ဖြတ်သန်းနိုင်ပြီး ရေးဖော်ရေးဖက် သူငယ်ချင်းများနဲ့အတူ သုတ၊ရသနဲ့ ပြည့်စုံတဲ့စာတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုတောင်းတယ်။



ကိုဖြိုး ကိုတက်တစ်ယောက် အခုလိုပဲ ထာဝစဉ် အမြဲပျော်ရွှင်နိုင်ပါစေလို့ ..

HappyBirthday


ကိုဇင်ကိုလတ်းး အဲဒီနေ့ကပေါ့ . . . လောကကြီး သာယာလှပ စိတ်ကူးတွေ မြူးကြွနေခဲ့တာ
အဲဒီနေ့ကပေါ့ . . . သူ့စိတ်တွေ အေးချမ်း ကမ္ဘာကြီး ငြိမ်းချမ်းစေခဲ့တာ
အဲဒီနေ့ကပေါ့ . . . မိုးအကုန် ဆောင်းအကူး မြှောက်လေတို့ တွန်ကြူးခဲ့တာ
အဲဒီနေ့ကပေါ့ . . . ကိုတက်စလာ တံခါးခေါက် ကမ္ဘာမြေကို ရောက်ခဲ့တာ
ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ကိုတက်စလာ..

ကိုမောင်လှးး Happy Birthday Bro

ကိုကျော်ဇေယျးး ကိုတက်စ် နောင်နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်တိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..

ပုံရိပ်းး ဟေး မွေးနေ့ဆို.....။ မုန့်စားမယ်!!!! ကောင်းသောမွေးနေ့ပါ ကိုတက် :)
မွေးနေ့ လက်ဆောင် ကျားတစ်ကောင်ဆို အကောင်၃၀။

zawburmaးး မင်္ဂလာ မွေးနေ့  ပါ တက်စလာ


MoeMoeးး Happy Birthdayး Many happy returns and may you have many fabulous more birthdays.

Clonegal84းး Happy Birthday bro.wish u all d best. and may all your wishes come true soon....

ကိုညီညီးး ကိုတက်စလာရေ.. ခဏနေပါဦးဗျ။ ကျွန်တော့် birthday wish လေးပါ ယူသွားပါဦး။ Happy Birthday ပါ။

မျက်နှာများတဲ့ကင်းကောင်းး ဒီနေမှာ ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အိုးမိုင်ဘလော့ဂ် နိုင်ပါစေလို့ ဆန္ဒပြုရင် နိဂုံးချုပ်လိုက်ပါသည်။ ကိုတက်ကြီး အောင်မြင်ပါစေ။

ဒေါင်းကြီးးး ဗျို့ တက်ကြီး ဟက်ပီး ဘက်ဒေး.. တက်စလာမင်းဝေ ၀ိညာဉ်ဝင်တဲ့နေ့.. ဒါမှမဟုတ် ပညတ်သွင်းပြီး ကံစီရင်မှုကို စတင်တဲ့နေ့..

ကိုနေဘုန်းလတ်းး အဲဒီ့နေ့က ... ငလျင်မလှုပ်ဘူး ... မိုးကြီးလဲမရွာဘူး ...
နောက် ... ထူးထူးခြားခြား ဘယ်လို ပန်းမျိုးမှလဲပွင့်မသွား ဘူး ... ဒါပေမယ့် ... အဲဒီ့နေ့မှာ တက်စလာ ဆိုတဲ့လူဖြစ်လာတယ် ... ရိုးရိုးလေးပါပဲ ... ဒါပေမယ့် အဲဒီ့ရိုးရိုးလေး ဆိုတာကပဲ ... အခုအချိန်မှာ နောက်ပိုင်းမင်းသားကြီး အဖြစ်နဲ့ ကျွန်တော်တို့ အ၀န်းအ၀ိုင်းလေးမှာ ဆန်းဆန်းပြားပြားလေး ဖြစ်လာတယ် ... ... ဒီလိုပါပဲ ... သာမာန်လူတွေရဲ့ သာမာန်ဖြစ်ရပ်လေးတွေနဲ့ပဲ သမိုင်းဟာ အသက်ဝင်နေခဲ့တယ် ...
ဟက်ပီးဘက်ဒေးပါဗျာ ...

ကိုစစ်းး Happy Birthday Ko Tes.. May all your dreams come true..

ကိုကြီးကျော် & ညလေးးး မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။ အသားလဲ ဒီ့ထက်တိုးလာပါစေ.. :P

မနိုင်းနိုင်းးး Happy Birthday :)

ကိုမျက်လုံးးး ကိုတက်စ်
ခုချိန်လောက်ဆို
““နောက်တစ်စိတ်လောက် ထည့်လိုက်စမ်းပါ သံပုရာသီး
မနေ့ညက များသွားခဲ့တာ ခုထက်ထိမပြီး””
ဆိုတဲ့ Guitar Cafe ကိုပဲ ညည်းနေမှာလား.။
ကိုတက်စ်
ကျွန်တော် မပြောတတ်တော့ဘူးဗျာ
ကျွန်တော့်စိတ်ကိုပဲ လှမ်းဖတ်လိုက်တော့ဗျာ.။

နှင်းမိုးဝေးး ကိုတတ် .. ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေအေ ..

ကန်စွန်းဥလေးးး ဘလော်ဂါကြီး ဦးတက်ရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ connection ကောင်းကောင်းနဲ့ blog လုပ်နိုင်သောblogger ကြီးဖြစ်ပါစေနော်..

ဆရာဒီဝိုင်း စိုပြည်တဲ့မွေးနေ့လေးဖြစ်ပါစေဗျား...း)

မောင်ဥပေက္ခားး မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေခင်ဗျာ..

သန့်သန့်းး ကိုတက်ကြီး.. မွေးနေ့မှာပျော်ရွှင်ပါစေ.. မွေးနေ့မဟုတ်လည်း ပျော်ရွှင်ပါစေ.. အို.. ပျော်ရွှင်ပါစေ..

ကိုနေမိုးးး ကောင်းသောမွေးနေသစ်ပါ ကိုတက်စ်လာ.....။

မျှားပြားး အရာရာ အားလုံး အဆင်ပြေပါစေလို့ မွေးနေ့ မှာ ဆုတောင်းပေးပါတယ်။

မမေးး Happy belated birthday ပါ တက်စ် :) မွေးနေ့မှာရော နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ ဆုတောင်းလိုက်ပါတယ်။ ဘလော့ဂါလောကမှာ 30+ နောက်တစ်ယောက်တိုးလာတာလဲ ကြိုဆိုပါတယ်။ :D

မမီးး Happy Birthday! par Kotes Many happy may return.

ကိုသန့်ဇော်မင်းးး ကိုတက်ကြီးရေ.. happy birthday ပါဗျာ.. ဒီမွေးနေမှစလို့ ပျော်စရာအပေါင်း နှစ်ဆတိုးရရှိပါစေဗျာ..

SilverMoonးး မွေးနေဆုတောင်းနောက်ကျနေပြီး မြန်မြန်တောင်းမှ Happy Birthdayပါနော်...

ညီလေးဘလင့်းး အကိုကြီးတက် နဲနဲနောက်ကျသွားတယ် အကိုကြီးတက်ံHappy Birthday ပါ အကိုကြီး.

သဲလေး ဦးတက်. happy birthday နော်..

ညီလေးစေတန်းး Happy Birthday ကိုတက်ကြီးရေ... နောက်တောင်ကျသွားတယ်.. စာမေးပွဲတွေ နဲ့ရှုပ်နေတာနဲ့..

မသဉ္စားး အိုး.. နှစ်ရက် ကျော်သွားပြီ။ wish လို့ ရသေးတယ်မလား။ HAPPY BIRTHDAY!!

:)

............x................x.................x...................

မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများ အားလုံး ကျေးဇူးတင်ပါတယ်။ တကယ်ကို
ဝမ်းသာပီတိ ဖြစ်ရပါတယ်. ပထမဦးဆုံး ဆုတောင်းတွေ အများဆုံးရဘူး သော မွေးနေ့ဖြစ်သွားပါတယ်..။ ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာများနှင့် ကျွှေးမွေးဧည့်ခံလိုက်ပါတယ်..။ စားနိုင်သလောက်စားသွားကြပါ….။

Tesla

Friday, September 07, 2007

mADness







-ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်ဆိုတဲ့ စကားတခွန်း

အဲ့ဒီဖော်မြူလာကို မယဉ်ကျေးသေးသ၍တော့

ဘယ်သူမှားတယ်ပြောရဲသတုန်း..။

-ပန်းသီးကြွေနိယာမ မပေါ်ခင်တုန်းကလေ

ဟိုး. ကမ္ဘာ့အစွန်ဆုံးကိုသွားရင် အရာဝတ္ထုတိုင်း ဇောက်ထိုးပြုတ်ကျသတဲ့..

သူတို့စိတ်ကူးထဲမှာတော့ ကမ္ဘာအသစ်တစ်ခုက

ရင်ခုန်စရာတောင် ကောင်းနေလေရဲ့..။

-အလှအပကို ရှေ့ကကြည့်ပါ ဘေးကကြည့်ပါ

အနောက်ကကြည့်ပါ အောက်ကကြည့်ပါ

၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်ပါ သရီး ဒိုင်မေးရှင်းနဲ့ကြည့်ပါ

ဖိုး ဒိုင်မေးရှင်းနဲ့ကြည့်ခဲ့ပါ.

ကဲဗျာ.. အက်တမ်တခုလိုပဲ တစစီကွဲအောင်

ခွဲ စိတ် ကြည့် ရှု မိ တယ် ဆို…..

အို ဘာများကျန်ခဲ့တော့လို့တုန်း…။

-အင်း….

သက်သာလိုက်ပုံများ..

ဘုရားသခင်က ကမ္ဘာကြီးကို ထုတ်လုပ်တယ်.

မျိုးစပ်မှုတခုက သက်ရှိတွေကို..

အချိန်က နာရီတွေကို..

နာရီတလုံးက စက္ကန့်တွေကို……

ယာဉ်ကျေးမှုကလည်း တရားစီရင်ရေးကျမ်းကို..

ပြီးတော့ လူလည်ကျတတ်ဘို့ကို…….

ကဗျာဆရာက စကားလုံးတွေကို…

ဘက်ခမ်းတို့ ဘောလက်တို့ က ဘောလုံးအနုပညာကို…

ဘီလ်ဂိတ်က ဘိုင်နရီကပွဲတွေကို….

ဘီယာတို့ ရှာရာပိုဗာတို့က သွေးခုန်နှုန်းတွေကို

ဘယ်စက်ရုံတွေက ထုတ်လုပ်လိုက်တာ.. ဘာတွေ??

ကဲ… ငါက.. ဘာများ ထုတ်လုပ်စရာလိုဦးမှာလည်း..

အချိန်တန်ရင် ကံကြမ္မာတွေက

ငါ့ကို.. လောကကြီးထဲက ထုတ်နုတ်သွားပါလိမ့်မယ်….။

-ပေါက်လို့ပဲစား လျှောက်သွားနေတဲ့ အတွေးတွေကိုတော့ ထိမ်းကျောင်းရတာ မောတယ်ကွယ်။

-သူ့သမိုင်းကို လာလာဖတ်ကြတော့ နေရထိုင်ရ ကြပ်တယ်လို့

ငှက်တကောင်က အော်ညည်းခွင့်ရှိလို့လား..။

-မှန်တွေက မှန်ရှာပါတယ်

ဘယ်ညာ လွဲယုံလေးပဲ..။

-ဖြစ်ချင်ရာဖြစ် မျောနေတဲ့တိမ်တွေရေ

ခွာတပ်ပြီး ငါ့အပေါ်ကနေ ခပ်ကြမ်းကြမ်း ဆိုင်းနင်းသွားကြစမ်း..။

မထူးပါဘူးကွယ်..

အရာကျန်ခဲ့တာတွေနဲ့ အရူးဝါဒ လို့သာ တံဆိပ်ကပ်ခဲ့..။

-ကမ္ဘာကြီး ငြိမ်းချမ်းဘို့

ငါပဲ… စိတ်ချမ်းသာချင်ယောင်ဆောင်ပေးခဲ့ ရတယ်လေ..။

ဒီလိုနဲ့…

ဟော့ဟိုမှာ အရူးဝါဒကို ရိုက်ချိုး.. ဘို့

တွန့်ဆုတ်ဆုတ်ပုံစံမျိုးနဲ့..

လေးရက် ဆယ့်တစ်နာရီ သုံးဆယ်မိနစ် နဲ့ စက္ကန့်ပေါင်း နှစ်ဆယ့်ကိုး…….လာပြီ။

Tesla

Monday, September 03, 2007

Why-do-we-blog? & Me..



စီမီနာ အကြောင်းတော့ တော်တော်များများ ရေးထားကြပြီမို့ မရေးတော့ပါဘူး..။ အမ် မရေးတော့ဘူး ဆိုပြီး အခုဘာလို့ရေးလဲ.? ဆိုတော့ကာ.. ကျနော် ခံစားမိခဲ့တာလေး တချို့ကို ရေးရင်း ဒီပွဲအတွက်လည်း အမှတ်တရပို့စ်လေး တခု ထားခဲ့ခြင်လို့ပါ..။

ပွဲမစခင်က. ဘယ်လိုမှ ဒီလောက်ထိ အောင်အောင်မြင်မြင် အဆင်ပြေပြေ ဖြစ်လိမ့်မယ် လို့ မထင်ခဲ့မိပါဘူး.။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ တခါမှ မလုပ်ဘူးသေးတာရယ် အကြမ်းမြင်းခန့်မှန်းလို့တောင် မရနိုင်တဲ့ လူတွေပါဝင်မှုရယ် မိုးကလည်းရွာနေသေးတာရယ် ဆိုတာကြောင့်ပါ.။ တကယ်ကို အခန့်မသင့်ခြင်း တွေ မဖြစ်သလောက်နီးပါး အဆင်ပြေစွာ အောင်မြင်ခဲ့ကြပါတယ်..။

ပွဲအစကအဆုံးထိရောက်အောင်ကို ပျင်းရိသွားတဲ့ ပုံစံမျိုး မတွေ့ရပဲ စိတ်ပါဝင်စားစွာ နားထောင်နေကြတဲ့ ပရိတ်သတ်တွေကို မြင်ခဲ့ရတဲ့ အချက်အတွက်လည်း ၀မ်းသာမိတယ်..။

မယုံနိုင်လောက်အောင် အပြောကောင်းကြတဲ့ ကျနော်တို့ရဲ့ ဘလော့ဂါ စပီကာများ အတွက်လည်း ပီတိ ဖြစ်ခဲ့ရတယ်..။

မြို့စားကြီးက ၅မိနစ်လောက်ပဲ စိတ်ကိုထိမ်းထားပြီး ပြောခဲ့ရတယ်. နောက်တော့ ပြောလိုက်တာများ ကရားရေလွတ် ဗျာ.. စီဗုံး စီဗုံး ဗုံး ဗုံး ဗုံး..... အဲ့လို အားရပါးရပြောတဲ့ နေရာရောက်တော့ ပရိတ်သတ်တွေလန့် ပြီး တွန့်တွန့်သွားတာတော့ တွေ့ရတယ်.။ :)

အဲ.. ဟိုးးး ဘက် တောင့်လေးနား ကပ်ပြီး စာအုပ်ကလေးကို ရင်ဘတ်ပေါ်ဖိပြီး မျက်နာငယ်လေးနဲ့ ရင်ခုန်နေရှာတဲ့ ဘာညာလေး ကိုတွေ့တော့ အဆင်များပြေပါ့မလားဟဲ့ ပေါ့လေ.. ဟိုက် ဆရာဟ.. ပြောတာများ လေးစားယူရပါတယ်.. ပီသပါပေတယ် Service + ရဲ့ ဆရာမ..။ ရှီးဖော...။

မမီကတော့ ပြောမနေတော့ ပါဘူး why-do-we-blog ရဲ့ ပို့စ်မှာတင်ထားတဲ့ ဓါတ်ပုံကို သာ ကြည့်လိုက် ပါတော့..။
မီမီတဲ့ဟေ့.. အို .. ဘာတဲ့တုန်း.. ဟေ့စ် ဟေ့စ်.. ဟုတ်ကဲ့ သူလည်း ဆရာမပါပဲ..။

စေတန်ဂေါ့ကတော့ ပရိတ်သတ်တွေ အာရုံပိုစိုက် ရအောင် ပြောသွားပါတယ်. မြန်လို့.. :) .. ပြောတာလည်း နည်းပညာ အကြောင်းဆိုတော့ ပါးစပ်ဟောင်းလောင်းနဲ့ ပရိတ်သတ်များ ကျန်ခဲ့ပါတယ်.. ပရိတ်သတ်များကတော့ နားမလည်လည် လည်လည် သူပြောအပြီးမှာ လေးစားပြီး ကျန်ခဲ့တယ် ဆိုတာတော့ သိသာတယ်။ ညီလေးစေတန်ဂေါ့.. လေးစားပါတယ်။

အဲ ကိုမျက်လုံး ကြီးကတော့ ညက ဘာမှလည်းမပြီး ရေးထားတာတွေကလည်း Hardisk ပျက် သွားတယ် ဆိုတော့ အဆင်ပြေပါ့မလား လို့ အထင်မိခဲ့ဆုံးပါပဲ..။ လန်ထွက်ပါတယ်.. အပြောအကောင်းဆုံး လူတယောက်ပါပဲ. အေးဆေးစွာထဲက ပျင်းရိစွာ နားထောင်ရမဲ့ အချက်ကို ပိုင်ပိုင်နိုင်နိုင် ဖယ်ထုတ်ပြီး ပြောသွားနိုင်ခဲ့တယ်..။

ကိုညီလင်းဆက်ရဲ့ ပါးနပ်စွာ ဖြေကြားခဲ့တဲ့ အဖြေတွေလည်း ပြောနေရော ဓါတ်ပုံတောင် ကျနော် မရိုက်ပဲ ထိုင်နားထောင်မိခဲ့ရတယ်..။

အားလုံးအဆင်ပြေအောင် ၀ိုင်းဝန်းပံ့ပိုးပေးကြတဲ့ တခြားဘလော့ဂါတွေကလည်း တက်တက်ကြွကြွ ညီညီညာညာနဲ့..
ဟိုး အဝေးကလူတွေကလည်း အင်တာနက်ထဲကနေ LIVE ခွန်အားတွေ ပေးနေလေရဲ့.......
အင်မတန် ပျော်ရွှင်ခဲ့ရသလို ပြန်စဉ်းစားတိုင်း ၀မ်းသာပီတိ ဖြစ်စေမဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း မှတ်တမ်းတင် ခဲ့ပါတယ်..။

ဒီမှာ ဘလော့တခုအနေနဲ့ မှတ်တမ်းတင်ထားကြပါတယ်.. အခုတင်ထားတာ ဓါတ်ပုံတွေက 5% လောက်ပဲ ရှိပါသေးတယ်. အများကြီး ကျန်ပါသေးတယ်..။

Tesla

Thursday, August 30, 2007

WEIVER









ကိုဘ၀ခရီး ရဲ့ တက်မှုကြောင့်ရေးရခြင်းဖြစ်သော်လည်း အမှန်တော့ ကျနော့်ဘလော့လေးဟာ နောက်လဆို တနှစ်ပြည့်ပြီ ဖြစ်လို့ ပြန်လည်လှမ်းမျှော်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာခြင်နေခဲ့ တဲ့ စိတ်ကလေးလည်း ရှိနေခဲ့ပါတယ်.
(နဂိုထဲက ကြိတ်ပြီးရေးချင်နေတယ်ပေါ့ဗျာ :P)
ထို့ကြောင့်ပင် ဘာတွေတွေးခဲ့မိသလည်း ဘာတွေရေးမိခဲ့သလည်း အခုလိုအချိန်ကြာလာတော့ စာဖတ်သူတယောက်လို ပြန်ဖြစ်သွားတဲ့အတွက် အခုဘာတွေကို ကြိုက်နှစ်သက်သလည်း ရေးခဲ့တုန်းက ဘာလို့ရေးခဲ့လည်း ဘယ်လိုခံစားချက်ရှိနေခဲ့ ပါသလဲဆိုတာ (ကဲ- ရေးမှာသာရေးစမ်းပါ :) ) ပို့စ်တိုင်းကို Review ပြန်လုပ်ကြည့်မိတယ်. သိပ်တော့မထူးဆန်းပါဘူး တော်တော်များများတော့ အခုထက်ထိ ကြိုက်သားဗျ ကိုယ်ရေးတာကိုး. ကိုယ်မကြိုက်လို့ ဘယ်သူကကြိုက်ဦးမှာလည်း. အမှန်တော့ ပို့စ်တခုခြင်းစီကိုတောင် ပြန်လည် စမ်းစစ်ခြင်းဆိုပြီးရေးလိုက်ချင်သေးရဲ့. အခုတော့လည်း ငါးခုပေါ့. ကျနော်ရွေးမဲ့ငါးခုကတော့ ကျနော့်တယောက်တည်း အမြင်ကပဲ ခံစားပြီးရွေးထားလိုက်တယ်. ကွန်မန့်တွေ ပြန်ဖတ်ကြည့်ပြီး ခံစားဖတ်ရှူသူ တော်တော်များများ နဲ့ အကြိုက်တူတဲ့ဟာများကို တွေ့သော်လည်းမရွေးမိပါဘူး..။

ကဲကဲ.. အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်… (နေစူးလိုက်တာ ;) )

၁. Beyond

ကျနော်တို့လိုက်မှီခြင်းများရဲ့ အလွန် မမြင်ရသေးတဲ့ လိုက်မမှီသေးတဲ့ ဟိုဘက်က ကိစ္စတွေအများကြီးရှိ နေသေးတယ်ဆိုတာကို ခံစားထားခြင်းဖြစ်ပါတယ်။ အာဖရိကတောထဲက လူရိုင်းတယောက်ကို အီဖယ်မျှော်စင်ကြီး အကြောင်းပြောရင် သူယုံခြင်မှယုံပါလိမ့်မယ် အဲ့လိုပါပဲ ကျနော်တို့ထိမိနေ တွေ့မိနေသေးတဲ့ အရာတွေဟာ စကြာဝဠာကြီးနဲ့ နိုင်းယှဉ်ရင် ဘာမှမဟုတ်သေးပဲ မရောက်ဘူးသေးတဲ့ နေရာတွေ မသိသေးတဲ့ကိစ္စတွေဟာ ပြောမဆုံးအောင် ရှိနေသေးကြောင်း ထိုနေရာတွေကို အရောက်သွားဘို့ သိပွံပညာဟာ ပို့ပေးနိုင်ပါ့မလား ဘယ်လိုပါဝါမျိုးနဲ့ သွားမှသိနိုင်မှာလည်း ဆိုသော...
ခံစားချက်တခုကို မှီငြမ်းရေးထားခြင်း ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ကျနော်စိတ်အ၀င်စားဆုံးကိစ္စ တခုဖြစ်ပါတယ်။ ဘာသာရေးလို့ နာမည် မတပ်ခဲ့ရဲတဲ့ ဘာသာရေးရှုထောင့် ပို့စ်တခုပါ။ ဒီပို့စ်ဟာ ကျနော်ရေးဘို့ အချိန် အယူခဲ့ရဆုံးသော ပို့စ်လည်း ဖြစ်ပါတယ်။

၂. တံငါသည်

ဒီပို့စ်ကတော့ စာဖတ်သူတွေလည်း ကြိုက်နှစ်သက်ကြတယ်။ ဘလော့ စာအုပ်ထဲတောင် ထည့်ပေးကြမယ် ဆိုပဲ။ အခုကျနော်ပြန်ဖတ်တော့ တော်လိုက်တဲ့ ငါလို့တောင် ထင်မိတယ်. ဟိဟိ. ဆင်းရဲ နွမ်းပွားမှု များရယ် မိဘမေတ္တာရယ်ကို ရှုမျှော်ခင်းလှလှ စကားလုံးရွရွနဲ့ ရောယှက်ပြီး ဖွဲ့နွဲ့ထားခဲ့ခြင်း ဖြစ်ပါတယ်။

၃. ကိုယ်ပိုင်ညစာ

Diary + လို့ဆိုခဲ့သလို ဒိုင်ယာရီလိုစာမျိုးတခုထက် နည်းနည်းကျော်လွန်ခြင်းပါ။ ရေးထားကတည်းက ကိုယ်ပိုင်ညစာဆိုပြီး ကျနော့်အတွက် သက်သက်ရေးပေးခဲ့လို့ ကျနော်အခုထက်ထိလည်း ကြိုက်တုန်းပါပဲ.
စိတ်ထဲ ဖြစ်ပေါ်လာသော အပိုင်းအစ များစွာနဲ့ ရေးဖွဲ့ထားသော်လည်း ထိုအပိုင်းအစများသည် မောဟတရားအား တရားကျခြင်းဆိုသည့် အခြေခံစိတ်တခုတည်းက ခွဲထွက်ဖြာဝေမှုများ ဖြစ်ကြတယ်။ ကြိုက်တဲ့သူတွေလည်း အတော်ကြိုက်ကြတယ် ထင်တယ်။ မကြိုက်တဲ့သူတွေကလည်း အတော်လေး မကြိုက်ပါဘူး။ ကြောင်တောင်တောင်နဲ့လို့ အပြောခံပြီးတောင် ရေးခဲ့ရတဲ့ ပို့စ်ပါ..။

၎. ထို့ကြောင့်ဤအရာကို… (ဘယ်လိုခေါ်မှန်းမသိတော့ပါ)

ကဗျာတွေကိုတော့ ကြိုက်တယ် မကြိုက်ဘူးဆိုတာတောင် မရှိသလောက် ပါပဲ.။ ကဗျာဆိုတဲ့အတိုင်း နှလုံးသားထဲက ရေးဖွဲ့ခဲ့မှမှုတွေဟာ ရာခိုင်နှုန်းများပြားတဲ့ အတွက် ဖတ်ပြီး မခံစားရတဲ့ ကဗျာမျိုး ကျနော့်မှာ မရှိပါဘူး။ ဆိုလိုတာက ကောင်းခြင်း မကောင်းခြင်း ကဗျာအရာမြောက်ခြင်း မမြောက်ခြင်းနဲ့ မဆိုင်ပါဘူး.။ ကျနော်ရေးခဲ့သောကဗျာ များဟာ ကျနော့်တယောက်ထဲအတွက်တော့ လွန်စွာရသမြောက်အောင် ပေးခဲ့ကြတယ် လို့ ပြောခြင်တာပါ. တခုရွေးရမယ် ဆိုတော့ကာ အခုကဗျာလေးဟာ နှလုံးသားနဲ့ ရေးခဲ့တဲ့ ရသအမြောက်ဆုံး ကဗျာလေးများ ဖြစ်နိုင်မလားလေလို့တော့ ထင်လိုက်မိတာပဲရယ်..။

၅. PROCEZz

ရေးခဲ့ရ တွေးခဲ့ရတဲ့အထဲမှာ အရသာအရှိဆုံးပါပဲ. ပုံမှန်ရေးဖွဲ့မှုမျိုးမဟုတ်တဲ့ အတွက်လည်း အရသာရှိမိပါတယ်။ အဖြစ်အပျက်များ တခုခြင်းဆီက ခံစားချက်တခုခြင်းဆီ ပေးပါတယ်။ အားလုံးပေါင်းလိုက်တဲ့ အချိန်မှာလည်း ခပ်ကြီးကြီး ရသတခုထပ်ပေးခဲ့ တဲ့အတွက် အရသာရှိမိပြန်တယ်။ ဟုတ်ပါ့ ကိုယ့်ဟာကို ကွန်မန့်ပေးပြီး ချီးကျူးနေတာ.. အဲ့လို အမြင်ကပ်လည်း ခံရဲပါတယ်.. ကျနော်သိပ်ကြိုက်လို့ပါ..။ မေခ ကိုတောင်လွမ်းမိတယ်ကွယ်….။

အမ်.. ပြည့်ပြီလား ငါးချက်.. ဒီမှာ ရွေးကောင်းတုန်းရှိသေး.. ဟဲ.. ဟဲ…..

Tesla

Sunday, August 19, 2007

nnOOn


"လခြောက်တဲ့ည"

ပန်းခန်းတဲ့ညမှာ.

နွမ်းနွမ်းခကျန်ခဲ့ရမှာမို့..

လမင်းရယ်…

ကြမ်းကြမ်းတမ်းတမ်း မလင်းစမ်းနဲ့..။


Tesla

Thursday, August 16, 2007

00000

ဓါတ်ဆီထုတ်ဈေး နှစ်ဆမြင့်စေ။ ဂက်စ်ကို ငါးဆမြင့်စေ။

ဂုဏ်ယူပါတယ် ဘဘဗိုလ်ချုပ်ကြီးတို့ ခင်ဗျာ-
နိုင်ငံအရေးကို စစ်တိုက်သလို ၀ုန်းဝုန်းဒိုင်ဒိုင်း ဆုံးဖြတ်ချက်ချရဲတဲ့
စစ်သားပီသမှုအတွက် ဂုဏ်ယူပါတယ်။
ကျေးဇူးတင်ပါတယ် ဘဘဗိုလ်ချုပ်ကြီးတို့ ခင်ဗျာ-
ပြည်သူတွေကို ငါတို့လိုပဲ သုံးဖြုန်းနိုင်တယ်လို့ အထင်ကြီးပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်။
ဝမ်းမြောက်မိပါတယ် ဘဘဗိုလ်ချုပ်ကြီးတို့ခင်ဗျာ-
နိုင်ငံတော် ဆင်းရဲနေပြီလို့ အခုလို သိသိသာသာ အင်ဒါရိုက်
ကြေငြာပေးရဲတဲ့အတွက် ပွင့်ပွင့်လင်းလင်း ရှိလာလို့
ဝမ်းမြောက်မိပါတယ်။

ဘာများဝမ်းနည်းစရာ ရှိမှာလည်းခင်ဗျာ နိုင်ငံသားပိုင်တဲ့
လေကြောင်းလိုင်းတောင် ရှိနေပြီပဲဗျာ။
သူ့ဆီက အခွန်မကောက်ပါနဲ့ ခင်ဗျာ အရေးကြီးပါတယ်။
ဒါမှ နိုင်ငံတကာမှာ မတရား မဟားတရား ချမ်းသာတဲ့ ပြည်သူတွေ
ရှိပါတယ်လို့ ပြောလို့ရမှာ မလား။
ဟိုး.. ရှေ့က ပျံကျဈေးသည်ဆီက အခွန် လိမ့်ကောက်ပါခင်ဗျာ-
သူတို့ အရင်းပြုတ်မှ နိုင်ငံဟာ ပျံကျဈေးသည် မရှိဘူးလို့ ကြေငြာလို့ ရမှာမလား။
လူမနေတဲ့ နေရာမှာ မီးတွေ ထိမ်ထိမ်လင်းအောင် ထွန်းထားပေးပါ.
ဒါမှ တိုင်းပြည်ဟာ စိမ်းလမ်းဆိုပြေ အေးချမ်းသာယာဝပြော လူမရှိတာတောင်
မီးထွန်းထားနိုင်တယ်လို့ ကြေငြာလို့ ရမှာ မဟုတ်လား။
ပညာကို တန်ဘိုးမထားတတ်အောင် နည်းလမ်းထပ်ရှာပါဦးခင်ဗျ.
ပညာတတ်ရင် လူရေလည်လာပြီး လူကြီးတွေ လုပ်နေတာကို
ဟိုဟာမကောင်းဘူး ဒီဟာ မကောင်းဘူး ပြောလာကြမယ် မလား။
အဲ့နေရာတွေကို ဆီတွေခပ်ထူထူသာ လူးထားပေးပါခင်ဗျား..
အခု မယောင်သေးပေမဲ့ ကြိုတင်ပြင်ဆင်ထားတော့ အောင်ပွဲဝင်တာပေါ့ခင်ဗျာ။

ကဲ.. ပြည်သူများ ပြည်သားများ ခင်ဗျား ပျော်ပျော်နေကြပါခင်ဗျား.
ကျနော်တို့ တဖြေးဖြေးနဲ့ နီးလာပါပြီ.
သေခါနီး.. အဲလေ.. သာယာရွှေပြည်ကြီး နဲ့ပါခင်ဗျား...။

Tesla

မနေ့က ဘတ်စ်ကားစီးကြတဲ့ လူတွေကော ကုန်ဈေးနှုန်းတွေတက်တယ်
ညည်းကြလို့ကော စိတ်ထဲမကောင်းလို့ ရေးမိပါတယ်။ ဘာရယ်မဟုတ်ပါဘူး။

Friday, August 10, 2007

LIFE

I. FUTURE TENSE












.......................................................

II. PAST TENSE








Life Is Funny Emotion

.......................................................

III. PRESENT TENSE










Thank you MARIO! But, Our Princess Is In Another Castle!

......................................................

Tesla

Saturday, August 04, 2007

Why Do I Blog?

ကျနော်ဘာလို့ ဘလော့ရေးပါသလည်း











ဘာကြောင့် ဘလော့ရေးပါသလဲတဲ့. မေးသင့်မေးထိုက်တဲ့ မေးခွန်းတခုဖြစ်ပါတယ်. ကျနော့်ကို ကိုဖြိုးက အဲ့အကြောင်း ရေးစေချင်ပါတယ်တဲ့ အဲ တက်တယ်ပေါ့ဗျာ ထို့ကြောင့် ကျနော်ဘာလို့ ဘလော့လည်းဆိုတာ ရေးလိုက်ပါတယ်.

ခံစားချက် အဆိုးတွေ အကောင်းတွေ မျှဝေခံစားခြင်လို့ ရေးပါတယ်။

စိတ်အပန်းဖြေမှုတခုအနေနဲ့ ရေးပါတယ်။

အနုပညာ သတင်းအချက်အလက်တွေနဲ့ လူနေမှုပတ်ဝန်းကျင်တွေကို ထိတွေ့ခွင့် ရတဲ့အတွက် ရေးပါတယ်။

ဖန်တီးနိုင်ခွင့် အခွင့်အရေး ရလို့ ရေးပါတယ်။

စာရေးရတာ ၀ါသနာပါလို့ ရေးပါတယ်။

အမှန်တော့ အဲ့မှာတင် ဇာတ်လမ်းပြတ်ပါတယ်. သို့သော် ဘလော့ဂါဆိုတော့လည်း ထပ်ကွန့်ပြီးရေးရပါဦးမယ်. ထိုအကြောင်းကို အကြယ်ချဲ့၍ ထပ်မှန် လျှာရှည်ရမည်ဆိုပါက…

တကယ်တော့ ကျနော် မဘလော့ခင်အချိန် အတော်ကြာကတည်းက ဘလော့ဆိုတာနဲ့ ထိတွေ့ခဲ့တာ ကြာပါပြီ. ဘယ်လိုကြာသလဲဆိုတော့ ကျနော့်ညီမလေး တယောက်က ရေးနေခဲ့တာကို အမြဲတမ်း သွားဖတ်နေတာကြောင့် ဖြစ်ပါတယ်. ဒီလိုနဲ့ပေါ့ဗျာ ကဗျာရေးပွဲ တခု သူကလုပ်တော့ အစ်ကိုလည်း ရေးရပါမယ်တဲ့ ဘလော့မရှိတဲ့ အတွက် သူ့ကွန်မန့်ထဲမှာ ဒါမှ မဟုတ် အီးမေးနဲ့ ပို့တာမျိုးဖြစ်ဖြစ် လုပ်ပါဆိုတာနဲ့ ကျနော် ဘလော့တခုစလုပ်ခဲ့ ခြင်းဖြစ်ပါတယ်။ အဲ့အချိန်က မြန်မာလိုလည်း မလုပ်တတ်တော့ စကယ်ဖတ်ပြီးတင်ပါတယ်။ နောက်ပိုင်း လုပ်လက်စနဲ့ ဆက်လုပ်လိုက်တော့မယ် ဆိုပြီး ရေးရင်းက မြန်မာလို ရေးတာကို ဟိုကြည့်ဒီကြည့် (ကိုညီလင်းဆက် ဆီက ကြည့်လုပ်ခဲ့ပါတယ်) လုပ်ရင်း လုပ်တတ်သွားပါတယ်။ လေးငါးခုလောက် ရေးပြီးတဲ့ အခါကျတော့ ဘလော့ရေးခြင်းကို နှစ်သက်သွားပါတယ်။

ဘာလို့နှစ်သက်သွားပါသလဲ?

စာရေးရတာကို ၀ါသနာပါတဲ့ဗီဇအရကြောင့် ဆိုတဲ့အချက်ကတော့ အဓိကနေရာက ပါဝင်ပါတယ်။ စာရေးတာဝါသနာပါတာနဲ့ ဘလော့ရေးရောလား ဆိုတာလည်း မဟုတ်သေးပါဘူး။ ကိုယ်ရေးထားတာကို အလျင်အမြန် ရီအက်ရှင် (Reaction) ရသောကြောင့်ရယ် (Interact) ဆိုသည့်အချက်ရယ် ပါဝင်ပတ်သက်ပါတယ်။ ကိုယ့်ဟာကိုရေးနေရတာပဲ ပျော်တယ် ခံစားရတာတွေလည်း Share မလုပ်ချင်ဘူး ဆိုရင်တော့ ဘလော့ရေးမှာမဟုတ်ပဲနဲ့ ဒိုင်ယာရီလိုမျိုးနဲ့ ကောင်းတဲ့စာမျိုး အာရုံလာတဲ့စာမျိုး စာရေးဆရာဖြစ်ချင်တာမျိုးဆို မဂ္ဂဇင်း တွေကိုပို့တာမျိုးပဲ လုပ်မိပါလိမ့်မယ်။ ဘလော့ခြင်းရဲ့ အရသာဟာ အဲ့ဒီနေရာမှာဖြစ်တယ်လို့ ထင်ပါတယ်။ လူတို့၏ သဘာဝအရ ခံစားမိသော အကြောင်းကိစ္စ များဟာ အချိန် ၀င်ရောက်ပါဝင်ပတ်သက်ခဲ့တာနဲ့ အမျှ ပေါ့သွားနိုင်သလို လေးသွားနိုင်ပါတယ်။ ပေါ့သွားခြင်းလေးသွားခြင်း ဟာ ဦးနှောက်က နေရာဝင်ယူမှု များပြားလာခြင်း အတွက်ဖြစ်ပါတယ်။ အဲ့ဒီအခါ ပိုမို ကောင်းမွန်သော စာများထွက်လာနိုင်သော်လည်း ဦးနှောက်၏ တည်းဖြတ်ခံထားရသော စာများဖြစ်သွားပါပြီ။ ပုံမှန်အရမူ ဘလော့ရေးခြင်းမှာ ထိုကဲ့သို့ စာမျိုး တွေ့နိုင်ရန်ရှားပါတယ်။ ကျနော်ကြိုက်နှစ်မိသည်မှာ ထိုအချက်ဖြစ်ပါတယ်။ ထိုအချက် ၏ ဆိုးကျိုးကား စိတ်ထဲရှိတဲ့အတိုင်းရေးခြင်း ဖြစ်တဲ့ အတွက်ကြောင့် တခါတရံ သူတပါးကို စော်ကားမိသလို မျိုးနဲ့လည်း ညိသွားနိုင်ပါတယ်။ သို့သော် ဘလော့အကြောင်း သေသေချာချာ နားလည်သူများ နှင့် လူတို့၏မူလဗီဇကို သဘောပေါက်ပြီးသူများအတွက် ကတော့ ပြန်လည် စမ်းစစ်မိနိုင် လက်ခံနိုင် ပါလိမ့်မယ်။ ထိုအချက်ကြောင့်ပင် စာရေးခြင်းအား ၀ါသနာ မပါသူများ ပင် လျှင် ဘလော့ရေးသည် ဆိုသည့် အချက် ဖြစ်ပေါ်လာသည် ထင်မိပါတယ်။ ထို့အပြင် ခံစားချက်များအား တယောက်နှင့်တယောက် ဝေမျှသည့်အတွက် မိမိခံစားနေရသည့် ဆိုးကျိုးများလျှော့သွားသလို ကောင်းတာကြတော့ ပိုမို ပီပြင်လာပါတယ်။ မျှဝေခံစားခြင်းရဲ့ အနှစ်သာရတခု ဖြစ်ပါတယ်။ ယူတတ်ခဲ့လျှင် အနုပညာ အပြင် စိတ်ထားပြည့်ဝသူ တို့၏အတွေးများ ကောင်းမွန်ပါးနပ် စွာ ဘ၀ကိုဖြတ်သန်းနေကြသူများ ၏ အလေ့အထများ ကိုလည်း လေ့လာ အားကျခွင့်ရနိုင်ပါတယ်။ ကိုယ်နဲ့ စိတ်တူကိုယ်တူ တွေများတဲ့အတွက် (လုပ်ငန်းပုံစံတွေပါတူတဲ့ လူတွေများပါတယ်) သတင်းအချက်အလက် နဲ့ နည်းပညာတွေဟာလည်း ကိုယ်နဲ့ ပိုမိုအံဝင်ဂွင်ကျ ရှိစွာ ရရှိနိုင်ပါတယ်။ နောက်ထပ်တစ်ချက်က စိတ်ထွက်ပေါက် အပန်းဖြေမှုဆိုတာ ဖြစ်ပါတယ်။ လူတွေဟာ နေ့တဒူဝ အလုပ်တွေ လုပ်နေကြရတဲ့ အတွက် လူတိုင်းလူတိုင်းမှာ ထွက်ပေါက်တခုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အဲ့ဒီထွက်ပေါက်ဆိုတဲ့ ကိစ္စဟာ မကောင်းမှုတွေ ဖြစ်ဘို့ ရာနှုန်း တော်တော် များပါတယ်။ ဥပမာ ဘီယာတို့ အရက်တို့ မူးယစ်ဆေးဝါးတို့ အထိပါပါတယ်။ ဘလော့ရေးခြင်းသည် စိတ်အပန်းဖြေမှုကို ဖြစ်ပေါ်စေသလို စိတ်ထွက်ပေါက်အဆင့်ထိ ရောက်အောင်တောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ (ဟိုက် ရေးနေတာ ဘယ်ရောက်သွားပါလိမ့်) ဟုတ်ပါတယ် အခုလိုမျိုးပါပဲ ဘလော့ရေးခြင်းဟာ အချိုးအစား မကျပဲ အဲ့ဒီလို ဟိုရောက်ဒီရောက် ရောက်သွား တတ်ပါသေးတယ်။ ဟိုရောက်ဒီရောက်နဲ့ ဆိုပေမဲ့ သေချာပြန်စမ်းစစ်လျှင် စာများဟိုရောက် ဒီရောက် ဖြစ်ခြင်းထက် စိတ်၏ သဘာဝအရ ဆက်စပ်ရောက်သွားခြင်းသာ လျှင် ဖြစ်ပါတယ်။ ထို့ကြောင့် ဘာလို့ ဘလော့ရေးရတာ နှစ်သက်ခဲ့ပါသလဲ ဆိုတဲ့ အချက်အတွက် အပေါ်က ဟိုရောက်ဒီရောက်များ အားလုံး အကြုံးဝင်ပါတယ်။ ကောင်းတာရှိသလို ဆိုးတာတွေလည်း ရှိပါတယ်။ ထိုအထဲက စိတ်အခန့်မသင့် သောအချိန် တွင်မှ ဆိုးကျိုးများကို ခံစားမိတဲ့အခါ ကျပြန်တော့ ဘလော့ရေးရတာကို စိတ်ကုန်ခဲ့မိပါသေးတယ်။

ဘာလို့ စိတ်ကုန်မိခဲ့ပါသလဲ?

လူဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် စဉ်းစားပုံခြင်း ခံယူချက်ခြင်း တူညီနိုင်ရန် အင်မတန် ခဲရင်းပါတယ်။ အပေါ်က ရေးထားခဲ့တဲ့ ဆိုးကျိုးတစ်ခုလိုပါပဲ ဘလော့ရေးခြင်း သည် ဦးနှောက်၏ တည်းဖြတ်ထားမှု အလွန်တရာမှ နည်းပါးလှသည့် အတွက် အခန့်မသင့် ဖြစ်ခြင်းများ သည် အလွန်တထောင် များပြားနိုင်ပါတယ်။ သို့သော် ရှင်းရှင်းနဲ့ စိတ်ထဲရှိတဲ့အတိုင်း ပဲ ဆိုသလို ပုံစံမျိုးဖြစ်ပါတယ်။ သတ်မှတ်ခံထားရသော အနုပညာရှုထောင့် အရ ကြီးကြီးကျယ်ကျယ် ပြောခွင့်ရလျှင်မူ ခံစားမိသည်ကို စိတ်ထဲရှိတဲ့ အတိုင်း စာရေးခြင်းဟာ ပို့စ်မော်ဒန်ဖြစ်ပါတယ်လို့ တံဆိပ်ကပ်ချင်မိပါတယ်။ (ဟုတ်ကဲ့ အသလွတ်ကြီးပါပဲ စိတ်ထဲရှိတဲ့အတိုင်း ကျနော့်အမြင်သက်သက်ပါ) အဲ့ဒီလို ကျနော့်အမြင်သက်သက်ပါလို့ ပြန်ဖာထေးရသလိုမျိုးပါပဲ။ လူတို့သည် အရှိအတိုင်း ပြန်လည်စမ်းစစ် လက်ခံနိုင်သော (သို့) အနိမ့်ဆုံး အဆင့်အရ ရိုးစင်းစွာ စဉ်းစားပေးသော ယဉ်ကျေးမှု အရမ်းကာရော မထွန်းကား သေးပါဘူး။ ထိုအခါ .. ထိုအခါ ဘာဖြစ်ရောလည်း… ဟုတ်ကဲ့ ပြဿနာ ဆိုသည့် အရာများ ကြီးထွားဖွံဖြိုး ဥာဏ်ရေ တိုးလာပါတော့တယ်။ သက်သေပြချက် ချပြပါဆိုရင်တော့ ပုဂ္ဂိုလ်ရေး ရေးသားမှုကို ဆန့်ကျင်တဲ့ လူ့ကျင့်ဝတ် ခဏလောက်ခွင့်လွတ်ပါတော့. ကျနော်တို့ မြန်မာ ဘလော့လောကမှာ ထားပါတော့ ခေတ်ဟောင်း ခေတ်သစ်ပေါ့ဗျာ ကျော်ကြားလူကြိုက်များခဲ့တဲ့ ကိုညီလင်းဆက်တို့ မမေဓါဝီတို့ ကိုကလိုစေးထူးတို့ မနိုင်းနိုင်းစနေတို့ ကိုမောင်လှတို့ ပြဿနာ ဖြေရှင်းရမှုတွေနဲ့ တယောက်မှ မကင်းခဲ့ကြပါဘူး အခုဆိုလည်း ကျော်ကြားစ ပြုလာတဲ့ ကိုရန်အောင်တို့ ကိုဖြိုးတို့ ကိုစိုးဇေယျတို့ မဂျစ်တူးတို့ လည်း အတုအစစ်တွေနဲ့ ရောရောနှောနှော လိမ့်ခံနေကြရလေရဲ့။ ပထမဘလော့ဂါ စစ်ပွဲဆို အဖြူရောင်တွေ အမည်းရောင်တွေ စီဗောက်တွေက ကျဉ်ဆံသံ တ၀ီဝီနဲ့ပေါ့ ဒုတိယစစ်ပွဲဆို လူ့ယာဉ်ကျေးမှုနဲ့ မာနတွေနဲ့ အငြိုးအတေးတွေနဲ့ တခြားတခြားသော စစ်ပွဲအသေးစားလေး တွေကလည်း ကျိုးကျား ကြိုးကြား နယ်ပယ်ခြားခြင်းတွေကော ရှိခဲ့ကြတယ်ပေါ့။ ထိုကိစ္စများ အားလုံးသည် လူတို့၏သဘာဝအရ ပဲဖြစ်ပါတယ်။ အပေါ်ကစာကို ပြန်ကောက်ပါတယ်။ ရိုးစင်းစွာ စဉ်းစားပေးသော ယဉ်ကျေးမှု အရမ်းကာရော မထွန်းကား သေးပါဘူး။ နားလည်ပေးမှုတွေပေါ့ဗျာ။ ကဲ နောက်ထပ် လက်တွေ့ သရုပ်ပြသရလျှင်မူ အခု ရေးနေတာ ကို ဖတ်နေရင်းနှင့် ပင် ကြီးကြီးကျယ်ကျယ်ကွာ မင်းကဘာကောင်လည်း လို့ အခုစာဖတ်သူ တွေးနေမိတယ် ဆိုတဲ့အချက် ကိုသက်သေပြခြင်ပါတယ်။ (လက်တွေ့ လက်တွေ့ .အဲ့လို လက်တွေ့ ပြချင်လို့ အပေါ်ကစာကို တမင်တကာရေးထားတာ ဗွေမယူကြပါနဲ့ဗျို့ :P) ကျနော်သည်လည်း စာဖတ်နေသူဆိုလျှင် တွေးကောင်း တွေးမိပါလိမ့်မယ် (တို့က တရားမျှတတယ်နော် :P)။ ထိုအခါ ဘလော့ရေးရတာ ကျနော်စိတ်ညစ်လာပါတော့တယ်။ အမှန်တော့ အဲ့ဒီအချိန်မှာ အပေါ်ကကျနော်ရေးထားသလို လူတွေရဲ့ ဗီဇကို နားလည်ပေးနိုင် တဲ့အချက် မှာ ကျနော် ပြန်ညိသင့်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားပုံတွေနဲ့ပဲ. အဲ့လိုစဉ်းစားမိပြန်တော့ ဘလော့ရေးရတာ စိတ်ကုန်ပါတယ် ဆိုတဲ့ အတွေးက အဝေးထွက်ပြေး သွားပြန်ပါတယ်. ဒီတော့ စိတ်ရှိလက်ရှိ စာရေးမိသည့် သကာလ နောက်ထပ် မေးခွန်း ထပ်ထွက်လာပါတော့တယ်။

ဘလော့ရေးခြင်းသည် ထားသင့်သည့် စိတ်ခံစားမှု ပုံမှန်ထက် ကျော်လွန်နေသော အလုပ်ထိခိုက်စေလောက်သည့် စိတ်စွဲလန်းမှုတခုလား?

ဒါ အရေးကြီးပါတယ်. ဘလော့ရေးခြင်းကို မထိမ်းချုပ်တတ်လျှင် ချက်တင်းကဲ့သို့သော အချိန်ကုန် လူပန်း ပြန်လည် ပျောက်ပျက်သွားမည့် ခဏတာ သာယာပျော်ရွှင်မှု ဆိုတဲ့ အဆင့်ကို/အခြေအနေကို ရောက်သွားနိုင်ပါတယ်။ တချို့ စာတွေရေးတာကတော့ သူများအတွက် အကျိုးရှိတယ်ပဲ ထားပါတော့ ကိုယ်ကတော့ အလုပ်ပျက် အကိုင်ပျက် နဲ့ စိတ်ထဲမှာ အမှိုက်ရှုပ်တာပဲ သက်သက် ကျန်ခဲ့တယ် ဆိုရင်လည်း ဘလော့ရေးရတာ မဟုတ်သေးပါဘူး။ စိတ်အပန်းဖြေရန် ဆိုတဲ့ အချက် ကြေပျက် သွားပါပြီ။ အားလုံးအတွက် အကျိုးရှိတာတွေ ကြီးပဲ ရေးပေးရလို့ ကိုယ်က ဖျော့တော့တော့ ကျန်ခဲ့တာမျိုးဆိုရင်တော့ တမျိုးစဉ်းစားလို့ရပါတယ်။ အဲ့တာက စာရေးဆရာစိတ်ဓါတ်ဖြစ်သွားပါပြီ။ ပင်ပန်းလှပါတယ်။ ကျနော်က စာရေးဆရာမဟုတ်တော့ သူများအကျိုးရှိမဲ့စာတွေ ချည်းရေးဖြစ်တယ်ဆို တာကတော့ မဖြစ်နိုင်သေး ပါဘူး။ အရေအချင်းမရှိသေးပါဘူး။ ဒီတော့ကား အပေါ်က အချက်မှာ ငြိတွယ် နေပြီလားဆိုတဲ့ ကိစ္စကို ခဏခဏ ပြန်လည် သုံးသပ်ရပါတော့တယ်။

ဘာပဲပြောပြောလေ အရှင်းဆုံးကတော့ ဘလော့ရေးခြင်းကို ကျနော်နှစ်သက်တဲ့ အတွက် ကျနော်ဘလော့ ရေးပါတယ်။ ဘလော့ရေးနေကြတဲ့ ဘလော့မိတ်ဆွေတွေရဲ့ စာတွေကို ဖတ်ရတာလည်း နှစ်သက်ပါတယ်။ လူတယောက်မှ မရှိပဲနဲ့ ကျနော်ဘလော့ရေးရတာ အဓိပ္ပါယ် ရှိမှာ မဟုတ်တဲ့အတွက် ကျနော့်စာတွေကို လာဖတ်နေတဲ့ လာဖတ်မိတဲ့ ဘလော့မိတ်ဆွေတွေကို ကျနော် အမြဲ ကျေးဇူးတင်နေတယ် ဆိုတာကတော့ မလွှဲပါဘူးခင်ဗျ။

ငါတို့ ဘလော့တယ်
တချို့တွေက ဖိုင်ဘာအော့ပတစ်ကို ဖင်ခုထိုင်လို့
တချို့ကတော့ စိတ်တွေကို ဆွဲဆန့်လို့
ဖြစ်နိုင်ပါတယ်
ထရိုဂျင်မြင်းရုပ်ကြီးစီးပြီးလည်း ဘလော့တယ်။
တခါတခါ.
ငါမှန်ပြီး မင်းမှားတာကိုပြောဘို့တွက်
အကိုးအကားစာအုပ်ရယ်
အကြောမခံချင်တာရယ်နဲ့
မိုးတလုံး
ပြီးတော့ လေတလုံးနဲ့လည်း
ဘလော့တယ်၊
ဘာပဲပြောပြောလေ.
ဒါဘ၀င်လေဟပ်တာ
မဟုတ်ဘူးဆိုတာတော့သိတယ်၊
တချက်တချက်တော့လည်း
ဟုတ်မိချင် ဟုတ်မိမယ်၊
ဒါပေမဲ့ ငါတို့
ရန်ဖြစ်ပြီးရင်လည်း ပြန်ချစ်တယ်၊
ဆဲဆိုတာရယ် ကလိမ်ကကျစ်ရယ်ကလွဲပြီး
စိတ်ထဲရှိတဲ့ စာမှန်သမျှ ဟာ ရိုးသားတယ်၊
ခပ်တည်တည်နဲ့
သီအိုရီတစ်ခု ပြောရရင်
ရိုးသားမှုဟာ အောက်တန်းမကျဘူး၊
ဒီတော့ ခပ်လွယ်လွယ် လော့ဂျစ်တခု
ထပ်ခင်းပြဦးမယ်
အောက်တန်းမကျတဲ့စာတွေမို့လို့
အထက်တန်းကျတယ်.
ယုံချင်ယုံမယုံချင်နေလေ
စာရေးဆရာ မဟုတ်တော့လည်း
ငါတို့ ရင်ဘတ်နဲ့ပဲ တွေးပြီး ဘလော့တယ်...။

ကိုဖြိုးဆီမှာ ရေးခဲ့တဲ့ ကဗျာပါ။ ဒီကဗျာအတွက်ကော အပေါ်က တချို့ အချက်အလက် တွေအတွက်ကော အဆိုးမြင်တယ် ထင်ရင် ဗွေမယူကြပါနဲ့ ခင်ဗျ တောင်းပန်ပါတယ်။ လူတွေရဲ့ ဖြစ်တတ်တဲ့ ဗီဇစိတ်ဓါတ်ကို ရေးထားခြင်း ဖြစ်ပါတယ်။ လူဆိုတော့က အဲ့ထဲမှာ ကျနော်လည်းပါ ပါတယ်။

ဖြူစင်သန့်ရှင်းတဲ့ မြန်မာဘလော့လောက တခုကို အားလုံး ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Tesla

 
Online -------> hits