Tuesday, November 27, 2007

MotherMyanmar


သိမ်းငှက်တကောင် ကဲ့သို့ အမြင့်ဆုံး နေရာ အထိ ထိုးတက် သွားကာ အောက်ပြန် ငုံ့ကြည့်လိုက် မည်ဆိုပါက အစိမ်းရောင်ဝတ် မင်းသမီး တပါးအား ငြိမ်သက် သိမ်မွေ့စွာ လဲလျောင်းလျက် ရှိနေသည်ကို တွေ့နိုင်ပါသည်။ အချိုးကျစွာ ရှိုက်ဖိုနေသော ခန္ဓာကိုယ်တခုဖြင့် လှပ လျက်ရှိနေသည်မှာ တချိန်ကတော့ ခန့်ခန့်ထည်ထည် ဖြင့် မဟာဆန် ခဲ့ဘူးသည်။ ကပ်လျက်ရှိသော အရှေ့ဘက် နှင့် အနောက်ဘက်မှ စီးဝင်လာမှုများကြောင့် သူမအား နို့နှင့်ပျားရေတို့ စီးဆင်းရာ ကုန်းမြေ တခုအဖြစ်ပင် ခေါ်ကြသည်။ သို့သော် သူမ၏ ဦးခေါင်း အပေါ်တည့်တည့်တွင် ပါးစပ်ဟလျက် ချောင်းမြောင်း နေသော နဂါးတကောင်ကိုမူ မြိုပြစ်လိုက်ရန် အသင့် အနေအထား နှင့်လည်း တွေ့နိုင်ပါသေးသည်။

တဖြည်းဖြည်း နိမ့်ဆင်းကာ ပျံဝဲလျက် ကြည့်မည် ဆိုပါက သူမသည် သာယာလှပသော တောတောင် ရေမြေ စိမ့်စမ်းများ မျက်စိတဆုံး မြင်နိုင်သော စပါးကွင်းပြင်ကျယ် များကို ကြွယ်ဝစွာ ပိုင်ဆိုင်ထား ပြန်သည်။ မိုးရာသီဆိုလျှင် အစိမ်းရောင်ထနေသော လယ်ကွင်း ပြင်ကြီးများကို ၀တ်ဆင်ကာလှပနေပြီး ဆောင်းဦးပေါက်ချိန်တွင် မှဲ့ဝင်းနေသော စပါးနှံများဖြင့် ရွှေညိုရောင် လက်နေသော ၀တ်ရုံတစ်ခုကို ပြောင်းလဲ ခြုံလွှမ်းလိုက်သည်။

ယဉ်ကျေးလာစေရန်၎င်း သံသရာမှ လွတ်မြောက်စေရန် ရည်သန်၍၎င်း တည်ထားကြသော စေတီပုထိုးများကို အစက်အပြောက်များ များစွာ ချထားသည့် အလား သူမ၏ ခန္ဓာကိုယ် အနံ့ တွင် တွေ့နိုင်သည်။ ကဗျာဆရာ တယောက်၏ မျက်လုံးမျိုး သက်သက် ဆိုပါက နေရောင်အောက်မှ ကြီးကျယ်လှပသော မီးတောက် ပိရမစ်ကြီးများ အဖြစ် ခမ်းခမ်းနားနား ထိုးထွက်လျက်။

သူမကိုယ်တိုင် မွေးထုတ်ပေးခဲ့သော ရာဇ၀င်များ စီးဆင်းရာ မြစ်ဧရာ ကိုလည်း သူမ၏ ကိုယ်ပိုင် အမှတ်အသား တခုအဖြစ် တွေ့နိုင်ပါသည်။ မြစ်ဧရာထဲတွင် သမိုင်းတွင်ကျန်ခဲ့မည့် ၀ိဥာဉ်များ ရဲဝံ့သောသွေးများ အေးမြသော ရေကြည်များသည် တခါတရံ ကမ်းပါးယံကို ဒေါသတကြီး ရိုက်ခတ်လျက် တခါတရံ ကဆုန်ဆိုင်း တိုးဝင်သော စစ်သူရဲကောင်း၏ မြင်းတကောင်ကဲ့သို့ အားမာန်ပြင်းလျက် တခါတရံ ကမ်းစပ်မှ လေယူရာတိမ်း ယိမ်းနွဲ့သော ၀ါးရွက်တို့၏ အသံအတိုင်း စီးချက်ကျ ကခုန်နှုးညံ့လျက် စီးဆင်းခဲ့ကြသည်။ စီးဆင်းလျက် ရှိနေသည်ကို တွေ့နိုင်သည်။ စီးမြဲအတိုင်းပဲ ဆက်လက် စီးလျက် ရှိနေပါလိမ့်မည်။

သူမသည် အပေါ်ယံ သက်သက်သာ လှပသူမဟုတ်ပါ။ သူမ၏ခန္ဓာကိုယ် အတွင်းတွင်လည်း ကုန်နိုင်ဖွယ်ရာ မရှိဟု ထင်ရလောက်အောင် ရေနံများ ခဲမဖြူ အဖြိုက်နက် ရွှေ ငွေ ကြေးနီ ပတ္တမြား ကျောက်စိမ်း နီလာ စသည့် သယံဇာတ များစွာကို သူမ၏ ရင်သွေးများ အတွက် ပြည့်စုံလုံလောက်စွာ သိုဝှက် ပေးထားသူဖြစ်သည်။

သို့သော်…..

ယခုတွင်မူကား သားဆိုးသားမိုက်များ မလိမ္မာသော ရင်သွေးများ ကိုယ့်အကျိုး သာသိသော သူများ အကျိုးယုတ်နေမှန်း သိပါလျက် ပေကတ် ရပ်နေသူများ သူမရင်ဝကို မသိမသာ ခြေစုံကန်နေကြသူများ ကြောင့် သူမသည် ဘ၀ပျက်မတတ် ခါးသီးစွာ ခံစားနေခဲ့ရသည်။ သူမ၏ အမည်ကိုတွေ့လျှင် အသုံးမကျခြင်း ခေါင်းငုံ့ အောက်ကြို့ရခြင်း ရာဇ၀တ်မှုဟုတ်သည် မဟုတ်သည်ဟု မခွဲခြားနိုင်ခြင်း ယဉ်ကျေးမှုနိမ့်ပါးခြင်း သွေးစွန်းနေခြင်း စသည်တို့နှင့်ပင် တွဲမြင်လျက် ရှိနေပြီဖြစ်သည်။ အခုတော့ သူမသည်လည်း အရိုင်းအစိုင်း နီးပါး ဖြစ်လာလျက်ရှိပြီ။

သူမအား လိမ္မာတိုးတက်လာစေရန်မူ သူမမွေးထုတ်ပေးခဲ့သော ရင်သွေးများ အားလုံးတွင် တာဝန်ရှိသည်။ သူမကို အဓိကထိမ်းသိမ်းရန် တာဝန်ယူထားသော သူများအတွက်မူကား တာဝန် အရှိဆုံးဖြစ်သည်။ တဦးနှင့်တဦး လက်ညိုးထိုး ကာ ငြင်းခုန် လွဲချနေကြသော လူအများကြား အချင်းချင်း သတ်ဖြတ်ကြ၍ သွေးစွန်းပေလျက်ရှိသော ခန္ဓာကိုယ်တခုနှင့် သူမသည် စိတ်ပျက်အားလျော့စွာ ခက်ထန်နေပြီ။ သူမအောက်တဲ့တဲ့တွင်ရှိသော ပင်လယ်ထဲသို့ ထိုးဆင်းသွားရန်ပင် ဟန်ပြင်နေပြီ။

သို့သော် မိခင်တယောက်အဖြစ် အားကိုးနေကြရသော သူ့ရင်သွေးများအတွက် သူမသည် ယဉ်ကျေး သိမ်မွေ့ တိုးတက်လာစေရန် ပြုပြင်ပေးမည့် နတ်သမီး တပါးပါးအား ရိုင်းစိုင်း ကြမ်းတမ်းစွာ စောင့်မျှော်လျက် ရှိနေရှာပါသည်။

Angel Detector

 
Online -------> hits