လှေခါးထစ်အတွေးများ
အခုတလော ဘလော့တွေအကြောင်း စဉ်းစားဖြစ်တယ်- ဘလော့တွေအကြောင်း စဉ်းစားတော့ ဦးစွာ ကိုယ့်ဘလော့အကြောင်း ပြန်ပြီး ခွဲခြမ်းစိတ်ဖြာ မိပါတယ်- ကျနော်ခေါင်းစဉ်တွေကို အင်္ဂလိပ်လို ဘာလို့ရေးတာလည်း ပြန်စဉ်းစားကြည့်တော့ တမင်တကာ ရေးတာမဟုတ်ပါဘူး ဟိုတုန်းက စရေးကာစ ဘေးနားက ဆိုက်ဘားမှာ မြန်မာလိုဆို ဗရုတ်သုက္ခ တွေပေါ်နေလို့ အင်္ဂလိပ်လို မဖြစ်ဖြစ်အောင် ဘာသာပြန်ပြီး ရေးမိရာက အခုထက်ထိ ယူနီဖောင်းဖြစ်သွားအောင် ရေးမိခြင်း ဖြစ်ပါတယ်- ပြောတာပြောရတယ် ကျနော့် တန်းပလိတ်က အခုထက်ထိ ပို့စ်တခုကို မဖြစ်ဖြစ်အောင် လုပ်ယူပြီး တင်ရတုန်းပါပဲ-
ဘေးနားက စာတွေဆိုတာ နဲ့ ကျနော်တခြား ဆိုဒ်တွေကို လင့်လုပ်ထား ခြင်းအကြောင်းလည်း ပြောပါဦးမယ်- အဓိက ကတော့ ကျနော့်အတွက် အဆင်ပြေအောင် ကိုသွားတဲ့ ကိုသိတဲ့ ဆိုဒ်အားလုံးကို သွားဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်စပြီး လင့်လုပ်တာပါ သိသမျှတွေ ချရေးထားတဲ့ အတွက် လုပ်ခါစက တယောက်ကတောင် ပြောဘူးတယ် လင့်တွေ များလှချည်လားဆိုပြီး- ဟုတ်ပါတယ် ဘယ်သူ့ဆီကမှ လည်းခွင့်သွားမတောင်းမိခဲ့ပါဘူး- ပုံမှန်အားဖြင့်တော့ လင့်ထားခံရတဲ့ သူဟာ လက်မခံစရာ အကြောင်းတော့ မရှိလောက်ပါဘူး ဆိုပြီး စဉ်းစားမိခဲ့လို့ပါ- ဒါပေမဲ့ လင့်လုပ်ထားတဲ့ ဆိုဒ်တခုက ကျနော့်ဆီကို သူ့ခွင့်ပြုချက်မရပဲ ဘာဖြစ်လို့ လုပ်တာလည်းဆိုတဲ့ တုန့်ပြန်မှုတခုရတော့ ကျနော်စိတ်မကောင်းဖြစ်ရတဲ့ အပြင် ကိုယ့်ကိုကိုယ်လည်း အောက်တန်းကျသလိုမျိုး ခံစားလိုက်ရပါတယ်- ရှားပါးတဲ့ အားသားကေ့စ်တခုပါ- ဟုတ်ပါတယ် ရည်ရွယ်ချက်ခြင်းမတူ တဲ့ ဘလော့မျိုးလည်း ရှိပါသေးလားဆိုတာ ကို အဲ့ဒီအချိန်ကြမှ ကျနော်စဉ်းစားမိတာပါ- နောက်ပိုင်းတော့ လက်ခံဘို့ သေချာလောက်တဲ့ လင့်တွေပဲ ကျနော်ထားခဲ့ပြီး လက်ခံချင်လား မခံချင်လား ကို မပိုင်းခြားနိုင်တဲ့ ကျန်တဲ့လင့် တွေ ဖြုတ်ပြစ်ခဲ့ပါတယ်- အဲ့ဒီအတွက် ပြန်ဖြုတ်လိုက်တဲ့ လင့်ပိုင်ရှင် များကိုလည်း ဒီနေရာကနေ တောင်းပန်ပါတယ်- ကျနော် တပ်ချင်သလိုတပ်ခဲ့ပြီး ဖြုတ်ချင်သလိုပြန်ဖြုတ်တယ် လို့ မထင်စေချင်ပါဘူး- နောက်ပြီး ကျနော်အခုလုပ်ထားတဲ့ လင့်တွေမှာလည်း အဲလ်ဖာဘက်ကို ဗြောင်းပြန်ယူပြီး စီထားပါတယ်- တခါတခါတော့ ပြဿနာ တွေကြားဝင်မိပါတယ်- ဘာကြောင့်မို့လည်းဆိုတော့ အားလုံးကို စိတ်ဝမ်း မကွဲစေချင်လို့ပါ- သမိုင်းက ဒီလိုဒီလို ရှိခဲ့တာ ဆိုတဲ့ဟာတွေတော့ ထည့်သွင်း မစဉ်းစားခဲ့သလို သိလည်းမသိပါဘူး- အားလုံးအတွက် အကျိုးမရှိဘူး ထင်တဲ့ အခြေအနေ ရောက်နေလို့ ကျနော်ဝင် ပြီးဖြန်ဖြေတဲ့ သဘောပါပဲ- လွန်လာတယ်ထင် တဲ့ အသုံးအနှုန်းတွေ အတွက်တော့ ခံရတဲ့ဘက်က နည်းနည်းလိုက်ပြောမိပါတယ်- ဒါပေမဲ့ စေတနာတခု အတွက် ၀င်ပါခဲ့တယ် ဆိုတာ ကျနော်သေချာပါတယ်-
နောက်တခုက ကော်ပီရိုက်ဆိုတဲ့ အသံကို ကျနော် ဆက်စဉ်းစားမိပြန်တယ်- ကျနော့်စာတွေနဲ့ ပတ်သက်ပြီး တော့ ကျနော့်ဘက်က အင်မတန်ရှင်းပါတယ်- ကြိုက်တဲ့နေရာမှာ ကြိုက်သလိုယူသုံးခွင့်ရှိပါတယ်- ကျနော့်နာမည် ဖော်ပြချင်နေ မဖော်ပြချင်နေပါ- စီးပွားရေးသုံးဆိုတာမျိုးတွေ အတွက်လည်း အကြုံးဝင်ပါတယ် တခုတော့ရှိတာပေါ့လေ နိုင်ငံရေးငြိမဲ့ ကျနော်ဒုက္ခရောက်မဲ့ ကျနော့်စာတခုခုကို ကျနော်မသိပဲ ချွှန်တွန်းလုပ်တာမျိုးက လွှဲလို့ပေါ့- ဘာလို့လည်းဆိုတော့ ကျနော်လည်း ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်တာရယ် တဆင့် ဖော်ပြရလောက် အောင်လည်း အရည်ချင်း မရှိဘူးဆိုတာ ကိုယ့်ဟာကို သိတာတကြောင်း- ကျနော်ရေးသမျှဟာ ကိုယ့်ဟာကို ခံစားချက်လေးတွေ ရေးချမိတာတကြောင်းနဲ့ ကျနော်လူတွေကို ခံစားချက် မျှဝေခြင်းသာ ဖြစ်တဲ့တွက် အားလုံးသော စာများ ကဗျာများ ဓါတ်ပုံများ ဟာဒီနေရာမှာ ချထားလိုက်တာနဲ့ တပြိုင်နက် ကျနော့်ဟာသာမက အားလုံးနဲ့ ပတ်သက်တယ်လို့ ပဲ ကျနော်ယူဆထားပါတယ်- ကမ္ဘာကျော်သွားရင်တော့ ထပ်စဉ်းစားမယ် ဟီး ဟီး- အဲ.. သူများစာတွေ ဓါတ်ပုံတွေတော့ ကျနော့အနေနဲ့ ပစ်စလက်ခတ် တင်မှာမဟုတ်သလို မျှဝေချင်တဲ့ စာတွေရှိခဲ့ရင် သေသေချာချာ ပြန်ပြီးပွိုင့် လုပ်မှာပါ- အဲ့ဒီ ကော်ပီရိုက်ကြီးက မပန်ဒိုရာ ရေးထားသလိုပဲ ရှုပ်ရှုပ်ထွေးထွေးရှိစဲပါ-
နောက်တခုက ကဗျာပါ- ကျနော်ကဗျာရေးတတ်တယ် လို့လူတွေကမြောက်ပေး.. အဲ ချီးကျူးကြတယ်- အမှန်တော့ ကျနော်ကဗျာရေးတာ ကောင်းတယ် ဆိုတာ တော်တာမဟုတ်ပါဘူး- ကျနော့်နှလုံးသားက ထိလွယ် ရှလွယ် ပွန်းပဲ့လွယ်တာပါ- (အမ်.. တော်ပါတော့ဗျို့ ဆိုတဲ့အသံကြား မိတလိုပဲ.. ဘယ်တူလဲကွ အော်တာ)- ကဗျာရေးခြင်းကို ကာရန်ညီခြင်း မညီခြင်းတွေနဲ့
ဆယ်စုနှစ်နှစ်ခု လောက်တောင် ငြင်းခဲ့ကြတာ အခုထက်ထိလည်း ကိုယ့်အမြင် ကိုယ့်ရပ်တည်ချက်တွေနဲ့ ရှိကြတုန်းပါပဲ- ကျနော်လည်း ကဗျာကို ဘယ်လို ခံစားတယ် ဆိုတာ ပြောချင်ပါသေးတယ်- ဦးစွာ ကဗျာဟာ ကျနော် အကြိုက်ဆုံး အနုပညာ ဖန်တီးမှုလို့ ပြောလို့ရပါတယ်- ဘာဖြစ်လို့လဲ- ကျနော့်အတွက် ခံစားရတာကို လွယ်လွယ်ကူကူ ထိထိရောက်ရောက် ဖော်ပြခွင့်ရလို့ရယ် ကဗျာတခုရေးဘို့ အခြေခံ နည်းပညာလိုအပ် ချက်တွေ မလိုဘူးလို့ထင်လို့ပါ- ဥပမာ သီချင်းတပုဒ်ဆိုရင် မြူးဇစ်သီအိုရီတွေ နားလည်ရပါမယ် မြူးဇစ်ကယ် အင်စတူးမန့် တခုကို တတ်ကျွှမ်းရပါမယ်- နောက်ပိုင်းတွေမှာ ရေးတဲ့ မော်ဒန်ကဗျာတွေမှာတော့ မလိုပါဘူး နည်းစနစ်နဲ့ ရေးရတဲ့ ကာရန်ညီတဲ့ လေးချိုးဒွေးချိုး တွေကတော့ ခန့်ခန့်ထည်ထည် ရှိပါတယ်- ကာရန်နှင့် အနက်လိုက်ဖက်ရင်တော့ အကောင်းဆုံးပေါ့ဗျာ- ဒါပေမဲ့ ခံစားချက်တွေ လစ်ဟ သွားနိုင်ပါတယ်- ဥပမာအားဖြင့် အလှပဆုံးရေးစပ်ထားတဲ့ လေးချိုး ကဗျာတပုဒ်ကို ဘာသာစကား တခုကို ပြောင်းလိုက်တဲ့အခါ သေချာပေါက် အရသာပေါ့သွားပါလိမ့်မယ်- သူ့ရဲ့အဓိက အရည်အချင်းကိုက ဘာသာစကားပေါ် အမှီပြုနေခြင်း လို့ထင်ပါတယ်- နောက်တဆင့် ခေတ်စမ်း လင်္ကာ လိုဟာမျိုးတွေလည်း ကာရန်ညှိခြင်း ရှိပါတယ်-
တနေ့က မအိမ့်စီဘောက်မှာ ကဗျာလေးတွေ ရွတ်ကြတော့ ဟိုတုန်းကတည်းက နုတ်ထဲစွဲနေခဲ့တဲ့ ကဗျာလေး ပြန်ရွတ်မိပါတယ်- ရေးသူတော့ မမှတ်မိတော့ပါ-
တကယ်ချစ်ပေမဲ့.. မတွယ်ရစ်လိုသူပါခင်..
မြိုသိပ်တွယ်ငင် အချစ်ဦးမို့ ..
နစ်စူးစွာချစ်ပေမဲ့ လွမ်းရေးကို ကြိုကာမြင်..
မခင်ပါနဲ့တော့လား..
ဒီတော့ကွယ်..
ဝေဒနာ ရင်မှာ မကျွှမ်းရင့်ရအောင်..
ပန်းပွင့်ကို လိပ်ပြာ မုန်းခဲ့တယ်…
ချစ်သူရယ် … မုန်းမေ့စေသား….
လှလှပပ နဲ့ ကာရန်ထိပြီး အနက်မိတဲ့ ကဗျာလေးပါပဲ- ဒီအကြောင်းအရာ ခံစားချက်ကို ယူပြီး မော်ဒန် ဆန်ဆန် ခံစားရေးကြည့်မိတယ်..
ပန်းကြောက်တဲ့ လိပ်ပြာတဲ့လား..
ငါဟာ ခမ်းခြောက်စွာ စီးဆင်းခဲ့ရတဲ့ ကောင်ပါ..
ပင်လယ်အထိစီးဖို့ အသာထား..
ဟောဒီ အရိုင်းအစိုင်းကျောက်ဆောင်တွေကြား..
ဟိုရောက်ဒီရောက်နဲ့..
ငါ့ရေနဲ့ငါတောင် မလောက်ဘူး..
နွေရယ်… ဥတုသုံးလီထဲ..
မင်းဘာလို့များပါနေတာလဲ…..
ဒီလိုရေးဖို့အတွက် ကျနော်ဟာ ကာရန်စနစ်တွေ နည်းပညာတွေ ကို ပူးပေါင်းတွက်ချက်မှုမပါတော့ ပါဘူး- ခံစားချက် သက်သက်ပဲ အပြည့်အ၀ ထည့်သွင်းခွင့်ရပါတယ်- မျက်စိမှိတ် စိတ်ကိုလွတ်လွတ်လပ်လပ် ထားပြီး ရွတ်ဖတ်လို့ ကောင်းမဲ့ စာရတာနဲ့တင် ရေးဖွဲ့ခွင့်ရပါတယ်- မော်ဒန်ကဗျာရဲ့ အဓိကအချက်က ကျနော့အတွက် အဲ့ဒီကိစ္စပဲ ဖြစ်ပါတယ်- ပို့စ်မော်ဒန် လိုကဗျာမျိုးကြတော့ မော်ဒန်လို ပေါင်းစပ် ခံစားခြင်းတွေ မရှိတော့ပဲ ရိုးစင်းစွာ ရေးဖွဲ့ခြင်းနဲ့ အရှိအတိုင်းခံစားခြင်း အမှန်တခုကနေချည်းကပ်ခြင်း ဖြစ်လာတယ် လို့ ကျနော်ခံစားပါတယ်- ဓမ္မကျမှုကို ကျောထောက်နောက်ခံပြု၍ အရိုးစင်းဆုံး ဖော်ပြလာတယ် လို့ထင်ပါတယ်- ဒဿနဆန်ခြင်းတွေကို ထည့်သွင်းလာတယ် လို့နားလည်မိပါတယ်-
ကျနော်သည် လိပ်ပြာတကောင် ဖြစ်ခဲ့သည်ဆိုပါက ပန်းပွင့်တို့နှင့် ဝေးရာ၌ ပျံသန်းနေမိသည်-
ပန်းဝတ်ရည်တို့သည် လိပ်ပြာ၏ အဟာရဖြစ်သဖြင့် လှပစွာမ၀ဲပျံနိုင်ခဲ့-
စမ်းချောင်းတခု ဖြစ်ခဲ့သည် ဆိုပါက ကြမ်းတမ်းစွာ စီးဆင်းနေခဲ့မိသည်-
နွေဥတုထဲမှာ စီးဆင်းရခြင်းဖြစ်သဖြင့် ပင်လယ်ထဲထိရောင်အောင် တဟုန်တိုးမစီးဆင်းနိုင်ခဲ့-
ထို့ကြောင့် ပါးလျနွမ်းခ စွာ ခရီးဆက်သည်-
ရင်ခွဲနာကျသွားသော လိပ်ပြာတကောင်မဖြစ်ချင်၍ ဖြစ်သည်-
ရေငတ်သေသော စမ်းချောင်းတခု အဖြစ် မစီးဆင်းချင်၍ ဖြစ်သည်-
သို့သော် သူမအတွက် ခပ်ဟဟသာ ပြောနိုင်တော့မည့် စကားတခွန်း ရှိပါသည်-
ကျနော်သည် ပန်းမကြိုက်သည့် လိပ်ပြာမိုက်တကောင် တော့ မဟုတ်ပါ .. ဟု-
အထက်ကရေးခဲ့ တဲ့ကဗျာ တွေဟာ အကြောင်းအရာ အားဖြင့် ခံစားမှုအားဖြင့် အတူတူပါပဲ-ပထမအမျိုးအစားက ကျနော်ရေးတာမဟုတ်ပေမဲ့ ဒီလိုကဗျာရေးဖို့အတွက် ကာရန်သင့်အောင် စဉ်းစားရခြင်းဟာ အဓိကအချက်အနေနဲ့ ပါဝင်ပါလိမ့်မယ်- ဒုတိယအမျိုးစားရေးဖို့ အားလုံးကို လွတ်ချပြီး လွတ်လွတ်လပ်လပ်နဲ့ ပြောရရင် စိတ်ထဲဖြတ်ကနဲ ပေါ်လာတာကို ခံစားရေးချခြင်း ဖြစ်ပါတယ်- တတိယအမျိုးအစား ကျတော့ ဒုတိယလိုပဲ လွတ်လွတ်လပ်လပ် ပါပဲ- တခုပိုတာက ဖြစ်ခြင်းပျက်ခြင်း လိုမျိုး သဘောတရားရေး ရာတွေပါ ရောယှက်လာပါတယ်-
အခုလို ရေးလို့ ကျနော်ဟာ မော်ဒန် ပို့စ်မော်ဒန်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တယ် လို့မထင်ပါနဲ့- ကျနော့်တယောက်ထဲအတွက်ပဲ ဘယ်လိုခံစားလည်း ဆိုတာ ပြောတာပါ- ကျနော့်အတွက်တော့ နည်းစနစ်တွေကို ဖတ်တော့ဖတ်ပါတယ် ဒါပေမဲ့ ကဗျာတပုဒ်ကို ကဗျာတပုဒ်အဖြစ် ခံစားတာထက် မပိုပါဘူး- ကဗျာရေးရင်လည်း အားလုံးကို ခေါင်းထဲမှာ မတွက်ချက်ပဲနဲ့ ခံစားရတဲ့ အတိုင်းပဲရေးမိပါတယ်- အနုပညာတွေမှာ အဓိကအရည်အသွေးတခုဖြစ်တဲ့ ဟိုက်အတ်လို့ခေါ်မယ်ထင်တယ်- ခံစားသူအတွက် ကြိုက်သလို ဆွဲတွေး၍ ခံစားခြင်းလည်း နည်းနည်း ကျနော် ဘယ်လို ခံစားလည်းပြောပါဦးမယ်- အဲ့ဒီအတွက် ကျနော် ဟိုက်ကူကဗျာ လေးတခုအကြောင်း ပြောချင်ပါတယ်-
Matsuo Basho^ : Frog Haiko ပါ-
Furu ike ya >>>>> Old Pond!
Kawazu tobikono >>>>> Frogs Jumps in
Mizu no oto >>>>> water’s sound
Translated by Alan Watts-
The old pond,
A frog jumps in:
Plop!
Translated by Dorothy Britton-
Listen! A frog
Jumping into the stillness
Of an ancient pond!
တာရာမင်းဝေ ဘာသာပြန်-
အိုင်အိုကြီးပါလား-
ရွှေဖားခုန်ဆင်းသွား-
ပလုံရေသံကြား-
ကျတော့်ခံစားချက်-
မိုက်လိုက်တဲ့ဖား-
အိုင်အိုထဲကိုမှ ဆင်းသွား-
ရေသံမှတပါး မကြား-
အသီးသီး ဘာသာပြန်တာတွေကို ဖတ်ကြည့်ရင် ကွဲပြားတဲ့ ဘာသာပြန်ဆိုချက်တွေကို တွေ့နိုင်ပါတယ်- စာဖတ်သူသတိထားမိမှာပါ- ကျနော် ရေးလိုက်တဲ့ အချက်က ဘာသာပြန်ဆိုတာထက် ကျနော့်ရဲ့ အတွေးကိုပဲ ဆွဲယူလိုက်ပါပြီ- နောက်တဆင့်ဖတ်မဲ့ သူအတွက် လိုရာဆွဲလို့ရမဲ့ အနုပညာ မပါသလောက် နည်းသွားပါပြီ- ကျနော့်တယောက်ထဲရဲ့ အမြင်ဖြစ်သွားပါပြီ- အပေါ်က ကဗျာဆရာတွေ က ကဗျာဆရာတွေ လိုပဲ ဆက်ခံစားခွင့် ရအောင် ပြန်ဆိုကြပါတယ်- ကျနော်က ဒီနေရာမှာ ကဗျာရေးသူအနေနဲ့ မဟုတ်ပဲ ကဗျာဖတ်သူ တယောက်အနေနဲ့ ပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်- အဲ့လိုပါ ကဗျာတွေကို ဘယ်လိုခံစားမိတယ် ဆိုတာပြောချင်တာပါ-
ကဲဗျာ.. ဆက်စပ်တွေးတောမိတာတွေက ဆက်ရေးရင် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ပြီး ကုန်းဘောင်ခေတ်ကို ပြန်ရောက်လို့ ကိုဒီဝိုင်းနဲ့ တွေ့နေပါဦးမယ်- ကျနော့်အတွက်တော့ ဘလော့ရေးရတာ အရသာရှိတဲ့ ထွက်ပေါက်တခုပါပဲ- ဆက်တိုက်မရေးနိုင်တာတော့ ခွင့်လွတ်ပါ- ဘလော့တွေဖတ်ရတာလည်း အင်မတန်နှစ်သက်ပါတယ် အနုပညာ မဆန်လို့ စာရေးမကောင်းလို့ ဆိုပြီး တချို့တွေက ကိုယ့်ကိုယ်ကို ထင်နေပေမဲ့- စိတ်ထဲမှာ ရှိတဲ့ အရာတွေ.. ခံစားရတာတွေကို ရိုးသားစွာ ချရေးခြင်းဟာ လူသားတွေရဲ့ ဖန်တီးမှုမပါတဲ့ (တမင်တကာလုပ်ထားခြင်းမဟုတ်သော) အလှပဆုံး အနုပညာ မဟုတ်လားဗျာ- ဘလော့ရေးတဲ့ သူတွေအားလုံးရဲ့ စာတွေကို ကျနော်နှစ်သက်ပါတယ်-
Teslaမှတ်ချက်- အနုပညာ မဆန်တဆန် အမှန်အကန် အံချခြင်းဖြစ်သဖြင့် အံဖတ်များထဲတွင် ညှီစို့စို့ အနံ့တချို့ ပါဝင်နိုင်ပါသည်- အံဖတ်များကို တာဝန်ခံ ကြုံးပေးမည့် သူမှာ ဂျစ်တူး ဖြစ်ပါသည်- အဘယ့်ကြောင့်ဆိုသော် အံဖတ်များများ နှင့် ပို့စ်ရေးပါ ဟု ဟိုတနေ့က သူ တောင်းဆိုသောကြောင့် ရေးမိခြင်းဖြစ်သည်- ဘလော့မိတ်ဆွေများ ဖတ်ဘို့ အတွက်ဖြစ်ပါသည်- အံချလိုက်စမ်း အံချလိုက်စမ်း ဟုကျောကုန်းကို ခဏ ခဏ ဇွတ်လာလာနှိပ်ကြသော ဂျစ်တူး ဘာညာ နှင့် ဒေါင်းကြီးတို့ ကြုံးဘို့ဖြစ်သည်- ကဲ ကြုံးပေတော့…. တို့ကတော့ မူးနေတယ် အိပ်ပြီ..