Friday, May 04, 2007

May Oo Moe

ဒိန်း.. ဒလိမ်း.. ဂျိန်း.. ဂျိန်း

ဟူသော မိုးခြိမ်းသံများသည် အိပ်ပျော်နေသော ကျနော့်အား အိပ်ရာမှ နိုးထစေခဲ့သည်- မိုးရွာတော့မည်ဟူသောအသိကြောင့် ပြတင်းတခါးကို ဖွင့်လိုက်သည်- ထိုအခါ အနောက်တောင် မုတ်သုန်လေများသည် ကြမ်းတမ်းစွာ အခန်းတွင်းသို့ ၀ုန်းကနဲ တိုးဝှေ့လာကြသည်- ၀ဿန်ကာလ၏ ခြေဆင်းဖြစ်သော တမန်တော်များ ၀င်ရောက်လာခြေပြီ- ဟိုး အဝေးကိုမျှော်ကြည့်လိုက်သောအခါ လှိုင်းထနေသော တောင်တန်းများတွင် မိုးရိပ်ဆင်ကာ ညိုမည်း အုံ့ဆိုင်းနေတော့သည်- လျှပ်စီးများက တချက်တချက် ၀င်းဝင်းလက် နေသည်မှာ ပြိုးပြိုးပြက်ပြက် ရှိလှသည်- ကြည့်နေစဉ်မှာပင် မိုးစက်တို့ ဟိုတစက်ဒီတစက် ကြွှေကျလာလျက်- ခေါင်းမော့မျက်စိမှိတ်ကာ မိုးသက်သော လေကို ရှုရှိက်နေစဉ်မှာပင် သင်းပျံ့သော မြေသင်းရနံ့ကို လတ်ဆတ်စွာ ခံစားလိုက်မိသည်- တဖွဲဖွဲမှသည် သည်းလာပြီ- မျက်နှာထက်သို့ မိုးစက်တချို့ပင် ရိုက်ခတ်လာနေပြီ-
နွေပူပူကို ခြွှေယူရန် ရက်များစွာမျှော်လင့်ခဲ့ရသော မေဦးမိုး ပင်တည်း…
ငယ်ငယ်က ရွတ်ဖတ်ခဲ့ဖူးသော ၀ဿန်ကာလ.. မိုးကျတည့်လျှင်… ဆိုသော ကဗျာလေးအား သတိရမိသည်- တောင်သူဦးကြီးများအား လုပ်ငန်းခွင်ဝင်ရတော့မည်ကို နိုးဆော်ပေးသော မိုးဖြစ်ပေသည်- တနွေလုံးခြောက်သွေ့ခဲ့ရသော မြေအား ပြန်လည်ထွန်ယက် ရမည့် အချိန်ရောက်တော့မည် ဖြစ်သည်- မိုးရွာထဲတွင် ဖျင်နီအင်္ကျီကြမ်းနှင့် ပုဆိုးတိုတိုဝတ်ကာ ရွှံဗွက်ထဲ လယ်ထွန်နေမည့် ကျေးဇူးရှင် တောင်သူဦးကြီးများကို မြင်ယောင်မိသည်-
ကြိုးကြာငှက်တို့သည် မိုင်ထောင်ရှည်ခရီးစဉ်အား စတင်တော့မည်ဟု၎င်း-
ကိုရွှေဖားတို့သည်ကား မရိုးနိုင်သော အုံးအွမ်သံစဉ်အား ဟစ်ကြွှေးတော့မည်ဟု၎င်း-
ပန်းတို့က လှလှပပ ပွင့်လိုက်ကြတော့မည်ဟု၎င်း-
သစ်ပင်တို့သည် အဖူးအပွင့်ရွက်သစ်ဝေရတော့မည်ဟု၎င်း-
ကြမ်းတမ်းသော နွေလေပူတို့က ဆုတ်ခွါတော့မည်ဟု၎င်း-
အသီးသီး ပြင်ဆင်နေချိန်တွင် ကျနော်သည်လည်း မိုးစက်ပွင့်တို့အား နမ်းရှိုက် အတိတ်ကို လွမ်းလိုက်ရန် အဆင်သင့် ဖြစ်နေမိသည်-
သည်းသည်းမည်းမည်း ရွာသောမိုးကြောင့် လတ်ဆတ်လာသော စိတ်များသည် အတိတ်ဆီကိုပင် ခေါ်ဆောင် လွှင့်မြောသွားစေတော့သည်-
ငယ်စဉ်တောင်ကျေး ကလေးဘ၀က မိုးရွာလျှင် လွတ်လပ်စွာ ပျော်ရွှင်ခဲ့ရပုံတို့သည် တရေးရေးပေါ်လာ ပြန်သည်- မိုးရွာပြီဆိုသည်နှင့် ဦးစွာ အိမ်မှ စဉ်အိုးထဲသို့ ရေဖြည့်ရသည်- နှစ်ရက်သုံးရက်ခန့်တော့ မြစ်ဆိပ်သို့ ရေသွားခပ်စရာ မလိုတော့ပေ- ရေဖြည့်ပြီးသည်နှင့် မိုးရေထဲသို့ ခုန်ပေါက်ပြေးလွှားသွားကာ လက်နှစ်ဖက်ကိုမြောက် ခေါင်းကိုမော့၍ ဝေး…. ကနဲ အားကုန်အော်ဟစ်ရသည့် အရသာမှာ ပြောမပြတတ်အောင်ပင်- မိုးရွာထဲ ပြေးလွှားဆော့ကစား ရသည်မှာအလွန်ပျော်စရာ ကောင်းပါသည်- လူများလျှင် ဘောလုံးကန်ကြသည်- တစ်ခါတစ်ရံ ကျောင်းဝင်းထဲရှိ သရက်ပင်ကြီးအောက် သို့ သရက်သီးများ ကြွှေကျသည်ကို အလုအယက် ကောက်ကြသည်- ကျောင်းဆောင်ကြီးမှ ရေသယောက် တွင် အလုံးအရင်းနှင့် ကျလာသော မိုးရေများအောက် ၀င်ခံကာ အသက်အောင့်၍ မျက်လုံးတဖြတ်ဖြတ်ခပ်လျက် ရေ၀င်ချိုးရသည်မှာ စွန့်စားခန်းတခု အလားဖြစ်သည်- မိုးရေချိုးနေတုန်း လျှပ်စီးများ ၀င်းကနဲလက် သွားလျှင် နားကို အလျင်အမြန် ပိတ်ထားရသေးသည်-
တွေးနေရင်းဖြင့် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချမိတော့သည်- အော် ဘယ်သောအခါမှ ပြန်လည်ရနိုင်တော့မည် မဟုတ်သည့် အတိတ်က ဖြစ်ရပ်များပင်.. တွေးနေရင်း ဖြင့်ပင် မိုးက သည်းတထက် သည်းလာပြန်သောကြောင့် မိုးသည်းတိုင်း လွှမ်းဆွတ်မိသူ တစ်ယောက်အကြောင်း တွေးမိပြန်သည်-

မိုးပြိုတိုင်း လွှမ်းမိတယ် ညို..
ဟိုးတခါ.. မိုးတွေရွာစဉ်ခဏ.
မျက်ဝန်းလှလှတွေက ရွှန်းလဲ့လဲ့စို..
တမ်းတမိတယ် ပျော်ရွှင်ဖွယ် နေ့ရက်တွေကို…
အခုတော့ ရင်ထဲမှာတောင်ငို..
အို.. ပိုတယ်လို့ပဲ ဆိုဆို..
တကယ်ကို လွှမ်းရပါတယ်ညို…….

လွှမ်းလွှမ်းဆွေးဆွေးဖြင့် မျိုးကျော့မြိုင်သီချင်းလေးအား ညည်းနေမိသည်..

မိုး…..လေး…..ဖွဲ. တုန်း.. သတိရတယ်……
ပို……တယ်. လို့.. မပြောလိုက်ပါနဲ့………..

နောက်အပိုဒ်ကိုလည်း နာနာကြည်းကြည်း ဖြင့် ထပ်ညည်းမိပြန်သည်..

ဝေး….ပြီး… တနေ့.. ပြန်တွေ့ ကြမယ်…..
ယုံ.. ကြည် ထား…. မိုးစက်တွေရယ်……….

((((( ဟိုက်.. ဇာတ်ကားရိုက်နေတာနဲ့ . ရုံးနောက်ကျပြီဟ…. အမြန်လုပ်မှ…!!!! )))))

Tesla

 
Online -------> hits