Tuesday, June 24, 2008

Diary In Chaos



တရံတခါက ဖြစ်သည်။ ရေလှိုင်းတို့သည် လရောင်နှင့်အတူ ရွှင်မြူးစွာ ဆော့ကစား၏။ ခန္ဓာကိုယ်ကို စီးချက်ကျ ရွေ့လျားကခုန်နေသော လှိုင်း တို့အကြား ရေနေသတ္တ၀ါတို့ သည်လည်း မြူးတူးပျော်ပါးကြ၏။ ရုတ်တရက် ကာရံများမှ ရုံးထွက်ဖောက်ပြန်သော လရောင်၏ သွေ့ဆောင်မှုကြောင့် အရိုင်းအစိုင်း လှိုင်းတို့ ၏ ကကွက်တဆစ်ချိုး အား မိစ္စာနတ်ဆိုးတို့က တရွှီရွှီမြည်အောင် အားပေးအားမြောက် လက်ခေါက်မှုတ်ကြ၏။ လောကတရား ဆိုသည့်ကောင်ကြီးသည် ခန့်ခန့် ထည်ထည်ကြီးနှင့် ခပ်တည်တည် ထိုင်နေ၏။ ထို့ထက်အံသြောစရာကောင်းသည်မှာ အော်ဟစ်ညည်းညူသံများကို ဂီတအဖြစ် အရသာခံ နားထောင်၏။ ထိုအသံများဖြင့် အလျော်အစား ရောင်းဝယ်ဖောက်ကား ကြသူများလည်း ရှိ၏။ ထိုဂီတသည် အတုဖြစ်၏။ ရောင်းဝယ်မှုများသည် လည်းအတုဖြစ်၏။ အသံများက မူ အစစ် ဖြစ်၏။ ထိုအသံလှိုင်းများအား ကျဲပါးသွားအောင် ခုတ်ထွင်ရှင်းလင်းနေသော လက်များသည် အစစ်ဖြစ်၏။ အတုနှင့်အစစ် ခွဲခြားပြနေသည့် အသံများသည် ထိုလက်များကို နှေးကွေးစေ၏။ ခုတ်ထွင်ရှင်းလင်းခြင်း ဖြင့် တခြားသော အသံလှိုင်းများအား ထိခိုက်သောအခါ ဆတ်ဆတ်ခါ နာကျင်သွားကြသူများအား လက်ခုပ်တီးခဲ့ကြသော နတ်ဆိုးတို့က ပူဇော်ပသ ဆရာတင်ကြ၏။ ထိုအသံတို့သည် ကျွှတ် ကျွှတ် ဟူသော စီးချက်ဖြင့် ပြင်းထန်သော ဝေဒနာခံစားချက် ကိုလည်း ခေါ်ဆောင်လာ၏။ မည်သူက မည်သူ့ကို မည်သည့် အတွက်ကြောင့် မည်ကဲ့သို့လုပ်ရကြောင်း တွေးတောမှုအား မည်သည့်နေရာ တွင် မည်ကဲ့သို့ ရပ်လိုက်ရပါမည်နည်း။ မည်းမည်းမြင်ရာ ပြစ်ခြင်းနှင့် ထိုမည်းမည်းကို မြင်အောင်လိုက်ရှာ ကြခြင်းသည် အမှန်ကန်ဆုံး နည်းလမ်းဟု ထင်ကြသူများလည်းရှိ၏။ အိမ်ထောင်သားမွေးခဲ့သော ပြစ်မှုကြောင့် လူအများအတွက်လိုအပ်နေသော နေရာတစ်ခုနှင့်မထိုက် ဟုယူဆကြေး ဆိုလျှင် သိဒ္ဓထ္တ မင်းသား သည်လည်း ဘုရားဖြစ်ထိုက် မဖြစ်ထိုက် စဉ်းစားစရာရှိ၏။ အပြစ်ကင်းစင်နေသော လူသားဆိုသည်မှာ.. (တော်ပါပြီ) ထိုသူတို့သည် လော့ဂျစ် ဆန်ကြ၏။ လော့ဂျစ်ဆန် ခြင်းသည် သာလျှင် မေတ္တာတရား မထားနိုင်သော လူသားစုတို့ အတွက် (ခပ်ပိန်းပိန်း လူများအတွက်) အကောင်းဆုံးတရား ဖြစ်မည် ထင်၏။ သို့သော် ထိုသီအိုရီအား နက်ရှိုင်းစွာ လည်ပတ်စေရန်အတွက် ဖြန့်ထွက်တွေးတောသင့်သော အသိဥာဏ်မျိုး ရှိသင့်၏။ မမြင်ရသော အကြောင်းကြောင့် မမြင်ရသော အကျိုးများ များစွာ ဖြစ်လာနိုင်သည်ကို သိရန်အတွက် မမြင်နိုင်သေးသည့် အသိဥာဏ်မျိုး ရှိသင့်လှ၏။ ကြာ၏။
ပေါ်တင်တွေးရလျှင်မူ အရေအချင်းမရှိ ရေမြေ့တက်နင်း ထားသော ပြည့်ရှင်မင်း ဆိုသူအပေါင်းအားလည်း မကျေနပ် (ဘယ်လမ်းတိုး အဲ. သွားနေလည်း နားမလည်)။ ဘာဖြစ်ချင်နေမှန်းလည်းမသိ ရပ်ကြော် ရွာစော် မစဉ်းစားမဆင်ခြင်ပဲ လူကိုပါစော်သော မီဒီယာကျော်တချို့အား လည်း ကြည့်မရ (ဥာဏ်မမှီပါ)။ မုန့်လုံးစက္ကူကပ်နေကြသော လက်ရှိ ဘလော့လောကအဖြစ်အပျက်များ နှင့် ၀င်ဆဲ ၀င်ဆွဲ ၀င်ဟဲ ကြသော ဆရာ့ဆရာတို့၏ ဆွမ်းကြီးလောင်းပွဲ ကြီးများအားလည်း စိတ်ပျက် (လိုက်မမှီ)။ ထို့ထက်.. လုံး.. ၀… သုံးစား လို့ မရသေးသော ကြည့်မှန်ထဲမှ အကောင်အားလည်း စောင့်ကန်ချင်.. ထိုအချိန်တွင် လောကပါလတရားသည်လည်း ကျွှန်ုပ်၏ မျက်စိထဲ၌ အချိုးမပြေ ထောင့်မကျိုးစွာ ကပြ အသုံးတော်ခံလျက်ပင် ရှိနေသေး၏။
ရှည်လျား နက်မှောင်သော လွင်ပြင်ကျယ် သည် အင်မတန် မြန်လှပါသည်ဟု ဆိုသော စိတ်ဟူသော အရာအား ရုံးထွက်ခြင်း မရှိနိုင်အောင် ဖမ်းဆီးချုပ်နှောင်ထား၏။ ထိုအခါ စိတ်တို့သည် လေဖြစ်၏။ ဦးတည်ရာမဲ့ ပြေးလွှား၏။ ကစဥ့်ကလျားရှိလှ၏။ စွဲမက်ရှိုက်ဖို စရာကောင်းတုန်း အချိန်မှာပင် ဟိုက်ကနဲ ပြုတ်ကျကြ၏။
ထိုစိတ်များသည် ရေကဲ့သို့ ကျင့်ကြံသောအခါ အထက်မှ အောက်သို့ စီးဆင်း၏ တဖန် အောက်မှ အထက်သို့ ပြန်စီး၏ တနေရာထဲတွင် ငြိမ်ဝပ်စွာမနေတတ် ပဲ ထွက်ပေါက်ကိုသာ အပူတပြင်း ရှာ၏။ စီးဆင်းစရာ ထွက်ပေါက်များ ကုန်ခန်းသွားလျှင် အတွင်းထဲတွင်ပင် ဝေဒနာအဆောက်အဦး တခုအား ဖန်တီးတည်ဆောက်ကြ၏။ ထိုအဆောက်အဦးသည် ကဗျာများဖြစ်ကုန်ကြ၏။ သို့သော် ပျော့အိပျင်းတွဲ့နေသော ကဗျာ ၀ိဥာဉ်များ သည် ခိုင်မာသော အဆောက်အဦးအား မတည်ဆောက်နိုင်သောအခါ ထိုအဆောက်အဦးသည် ဝေ့၀ိုက် ယိမ်းထိုးကာ ဖြစ်ချင်သလို ဖြစ်နေသောကြောင့် (ဘာတွေမှန်းမသိသောကြောင့်) အထက်ပါစာတို့အား ကစဉ့်ကလျား ဒိုင်ယာရီများ ဟူ၍သာ မှတ်တမ်းတင်ထားခဲ့ လိုက်ရပါတော့သည်။

Tesla

 
Online -------> hits