ဆရာတင်မိုးသို့
-ဆေးလိပ်လည်းတို နေညိုသော်ငြား
တို့ပြည် တို့ရွာ တို့ဌာနီကား
ပြိုမြဲ ပြိုစဲ ပြိုလတည်း ပင်.....
-သို့ပါသော်လည်း
တာဝန်ကျေပွန် ပြည့်အကျိုး ထမ်းပိုး
ဆရာတင်မိုး သို့
အိမ်ပြန်ပို့ခိုက် မှာ လိုက်ချင်သည်
ကျနော်တို့ ဆက်၍ ထမ်းပါမည်.....
-ခရီးမှတ်တတ် လမ်းခုလတ်၌
ကိုယ်လွတ်ရှောင်ခွာ
ခွဲရသည်ဟု မထင်စေလို ဆရာအိုကို
ထပ်မှာချင်သည်
ဖြောင့်တန်းစွာပင် သွားပါလေ.....
ဆရာ...
ကောင်းရာသုဂတိ လားပါစေ.....
Tesla
ကြယ်တွေကြွှေတာ မဆန်းပေမဲ့-
အလင်းပေးနေတဲ့ ကြယ်တလုံး ကြွှေကျတာတော့ နှမြောလှတယ်ဗျာ
Saturday, January 27, 2007
Falling-Star
Posted by Tesla at 9:14 AM |
Monday, January 22, 2007
My Hopes (one)
တံငါသည်
ဝုန်း ..ရှဲ… ရှဲ……. ၀ုန်း ..ရှဲ… ရှဲ….….
လှိုင်းများသည် ကမ်းပါးရံ သို့ စီးချက်ကျစွာ ရိုက်ခတ် လျက်ရှိသည်-
လေများက မြစ်ကမ်း ဘေးမှ သစ်ပင်များကို ယိမ်းနွဲ့စေ၍ သစ်ခက် သစ်ရွက်
များသည် အချင်းချင်းပွတ်တိုက်ခါ သဘာဝဂီတ တခုကို ဖော်ကြူးနေကြသည်-
ထိုလေ များသည် ကြည်လင်သော မြစ်၏ကြမ်းပြင် အား ဖြတ်ကျော် တိုက်ခတ်
လာသောကြောင့် လတ်ဆတ် လွန်းလှသည်-
ရေနှင့်စုန်သွားသော ဖောင် လေနှင့်စုန်သွားသော ရွက်လှေ နှင့် ရေစုန်ရေဆန်
လေစုန်လေဆန်ကို ဂရုမစိုက်သော စက်လှေ တချို့တို့ကိုလည်း အသက်ဝင်
နေသော ပန်းချီကား တချပ် အလား မြင်နိုင်ပါသည်-
နေရောင်ခြည် များက ထိုပန်းချီကား ကို ရုပ်လုံးကြွှလာ စေရန် ဆလိုက်ထိုး
ပေးထားသည်နှင့်ပင် တူ နေသေးသည်-
ထိုနေရာ သည်ကား မိခင်ကုန်းမြေမှ နို့ရည်ထုတ်ပေး လိုက်သဖြင့်
မင်းဝံတောင်ကြောဘေး၌ ရစ်ခွေကာ စီးဆင်းနေသည့်
မြစ်ဧရာ၏ ကမ်းစပ်တခု ပင် ဖြစ်ပေသည်-
....................
သို့သော် ထိုအလှအပ များမှာ သူနှင့်မဆိုင် သည့်အလား မြစ်ကမ်းဘေး၌
တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသူ တယောက်ရှိသည်-
ထိုသူမှာ တံငါသည် တယောက်ဖြစ်ပါ သည်-
ဝမ်းနည်းစရာကောင်းသည်မှာ ထိုတံငါသည် သည် ကလေးတယောက်
ဖြစ်နေခြင်းပင်-
....................
တံငါသည်လေး၏ မျက်စိများသည် ပန်းချီကားချပ် ထဲ၌ ရှိမနေသည်မှာ
သေချာပါသည်-
သူ၏ အမြင်အာရုံမှာ နိုင်လွန်ငါးမျှားကြိုး နှင့် ဆက်သွယ်ထားသည့် ရေပေါ်၌
ပေါလောပေါ်နေသော ဖော့တစ်ခု၌ တည်ရှိနေသည်-
ထိုဖော့ကလေး လှုပ်ရှားလာခြင်း သည် သူ၏ရည်မှန်းချက် ဖြစ်သည်-
သူ၏စိတ်များ ကိုလည်း ပတ်ဝန်းကျင်၌ လွင့်မြော မနေစေပါ-
ငါးတကောင် အစာကို လာဟတ်လျှင် ဒုတ် .. ဒုတ် .. ဒုတ် . ဒုတ် .. ဟု လက်မှ
ခံစားရလာမည့် အတွေ့အာရုံ သည် သူ၏ မျှော်လင့်ချက် ဖြစ်သည်-
ငါးမျှားတန် ကိုင်းညွှတ် သွားလျှင် လျင်မြန်စွာ ဆွဲတင်နိုင်ရန်
အဆင်သင့် ပြင်ထားသည်-
သူ၏ ပန်းတိုင်မှာ ငါးတကောင်သည် သူ့ငါးမျှားတန်၌ ပါလာရန် ပင်ဖြစ်သည်-
....................
တဖြည်းဖြည်း နှင့် အချိန်တွေကုန် လာသည်မှာ
နေမင်းကြီးသည်ပင် ထိုတရက်ကို နုတ်ဆက်ရန် ဟန်ပြင်နေပြီ-
ငါးများသည်လည်း ငါးသီတံ ၌ချိတ်ဆက်ထားသည်မှာ
တော်တော်ပင် များနေပေပြီ-
တံငါသည်လေး၏ မျှော်လင့်ချက်များမှာ ထိုနေ့အတွက် ဖူလုံနေပြီ-
ထိုအချိန် ကြမှသာ သူသည် ပတ်ဝန်းကျင် အလှပကို ခံစားနိုင်တော့သည်-
သူ၏ ပတ်ဝန်းကျင် ခံစား မှုမှာ လတ်ဆတ်သောလေကို တ၀ကြီး
ရူသွင်းလိုက်ခြင်းပင်-
ထို့ထက်ပို၍ မခံစားတတ်-
သူ၏စိတ် ကိုလည်းလွှတ်လပ်ခွင့် ပေးလိုက်သည်-
ထိုအခါ အတွေးတို့သည် အိမ်မှ ထွက်လာသော မနက်ခင်းစီသို့ နစ်ဝင်စီးမျော
သွားပါတော့သည်-
....................
အကြိမ်ကြိမ် တားထားသည့် ကိစ္စ မှန်းသိလျက်နဲ့ ကျနော်အရဲစွန့်၍
ပြောလိုက်သည်-
ထိုအခါ မေမေသည် ပုစ္စာပေါင်းမြောက်များစွာ ကိုတပြိုင်နက်
တွက်ချက်တော့သည်-
ကျနော်ဥာဏ်မှီသလောက် ခန့်မှန်းမိသည့် ပုစ္စာ တချို့မှာ-
-ငါးများနှင့် ဆန်နို့ဆီဘူး နှစ်လုံးတို့၏ ဖလှယ်ရ ဂုဏ်သတ္တိ
-ကလေးတယောက် အတွက် အသားဓါတ် ငါးဓါတ် မရရှိခြင်း သည်
ရက်ပေါင်းမည်မျှအထိသာဖြစ်သင့်ပါသနည်း
-ကုသိုလ်နှင့် အကုသိုလ် တို့၏ ဖက်စပ် မရ ဂုဏ်သတ္တိ
ထို အပ်ကြောင်းထပ် ပုစ္စာ များနှင့် မဖြေရှင်းနိုင်တော့သည့် အတွေးများက
ေ၀၀ါးသော အဖြေတစ်ခုသာ ထုတ်ပေးလိုက်သည်-
သေချာသည်မှာ ထိုအဖြေထဲ၌ အဝေးကြီး လှမ်းကြည့်ရန် အင်အားမရှိတော့၍
ပစ္စုန်ပ္ပန် ကိုသာကြည့်ခြင်း၊ နောက်နေ့အတွက် လိုအပ်မည့် စားစရာ၊
လက်မြောက်အရှူံးပေးလိုက်ရသော ဆင်းရဲမှူ စသည့် သက်သေပြချက်များ
ပါဝင်နေမည်ကိုမူ ကျနော်သိထား ပါသည်-
“ သားလေးဂရုစိုက်ပြီးသွားနော် “
ကျနော်ထွက်လာ သောအခါ မေမေသည် မျက်နှာတဘက်လွှဲကာ
ထိုကဲ့သို့ ပြောပါသည်-
မေမေ မျက်ရေ၀ဲနေ မည်ဆိုတာကိုတော့ ရိပ်မိပါသည်- ကွယ်လွန်သွားပြီဖြစ်သော
ဖေဖေ့ကို တမ်းတ နေခြင်းလည်းဖြစ်နိုင်ပါသည်-
....................
ကြေကွှဲစွာ ဆိုသည်မှာ
သူ့အတွေးများကြောင့်ဖြစ်သော်လည်း
ပြုံးလိုက်ခြင်း မှာကား
သူ၏မျှော်လင့်ချက် များမှာ
လိုသည်ထက်ပိုကာ ငါးသီတံ၌ အစီအရီ ချိတ်ဆက်ထားပြီးသောကြောင့်ဖြစ်သည်-
“ ဟေ့ကောင်- ပြန်ကြမယ်ဟေ့ “
ခပ်လှမ်းလှမ်းတွင်ရှိနေသော သူငယ်ချင်းအားလှမ်း အော်လိုက်သည်-
“ အေး “
သြော်- သူလည်းပဲ မျှော်လင့်ချက်များကို သီတန်းပြီးသား ဖြစ်ပေလိမ့်မည်-
ရုတ်တရက် ဂျွတ်.. ဂျွတ် … ဂျွတ်ဂျွတ် ဟူသော အသံတခုကြားလိုက်ရသည်-
လုံးဝမထင်မှတ်ထားသော ကိစ္စ တစ်ခုဖြစ်လာပါသည်-
တောတန်းကမ်းပါးရံ မှ ငါးပွက်ရာ ငါးစာချ ဟူသော ဥပဒေသ အတိုင်း လိုက်ခဲ့၍
ညနေပိုင်းတွင် လူနေအိမ်ခြေ နှင့် နီးကပ်သောနေရာ၌ ငါးမျှားနေသော
တံငါသည်လေးသည် မနက်ခင်းအတွေးများကြောင့်
သတိလက်လွှတ်ဖြစ်သွားပါသည်-
အသံကြား၍ လှဲ့ကြည့်လိုက်သောအခါ ၀က်တစ်ကောင်သည် ငါးသီတံ၌ ရှိသော
နောက်ဆုံး ငါးတကောင်ကို အစားပိတ်အဖြစ် မြိန်ဆက်စွာ ၀ါးနေသည်ကို
တွေ့လိုက်ရသည်-ရင်ထဲ၌ဟာသွားသည်-
ဝက်ကိုမုန်းမုန်းတီးတီး စိုက်ကြည့်လိုက်သည်-
နောက် အံကြိတ်၍ မျက်လုံးအစုံကို မှိတ်လိုက်သည်-
မျက်ရေစ တချို့ ပါးပြင်ပေါ်သို့ ကျလာသည်-
တံငါသည်လေး၏ မျက်ရေစတို့ ကိုနှစ်သိမ့်ရန် ငါးတချို့ခွှဲပေးခဲ့သည့်
သူငယ်ချင်း၏
ချစ်ခြင်းမေတ္တာ များဖြင့်ထိုတရက်သည် တိတ်ဆိတ်စွာပြီးဆုံးသွားခဲ့တော့သည်-
....................
စားသုံးသွားသည်-
သူ မသိ သည်မှာ ထိုညနေစာထဲ၌ ကလေးတယောက်၏ မျှော်လင့်ချက် များပါ
ရောပါသွားသည် ဆိုသည့် အချက်ပင်-
ဧရာဝတီ သည်ယခုတိုင် စီးမြဲစီးစဲ ဖြစ်ပါသည်-
မြစ်အတွင်း၌ ထင်ဟပ်နေသော လမင်းကြီး မှာကား လှိုင်းများကြောင့် လှုပ်ရန်း
နေနိုင်သော်လည်း ခေါင်းမော့ကြည့် လိုက်ပါက တည်ငြိမ်စွာ အလင်းပေးနေ
သည်ကိုတွေ့ နိုင်ပါသည်-
ဝင်းပမြဲ ၀င်းပလျက်ပါ-
Tesla
Posted by Tesla at 10:08 AM |
Wednesday, January 17, 2007
Place
-ပြာလဲ့လဲ့ ကောင်းကင်ရှိတယ်
-လမင်းကြီး လည်းကြည့်နေတယ်
-မှောင်နေတဲ့ အခါ ခဏအနားယူနိုင်တယ်
-အဲ့ဒီအခါ
အရာင်အသွေးဆုံတဲ့ လမင်းကြီးက
မင့်ကို အားပေးလိမ့်မယ်
-ဘာလိုသေးလည်းကွယ်
-ခရီးဝေးလှတယ် ဆိုပေမဲ့
-ငြိမ်းချမ်းတဲ့ တနေရာ အတွက်
-အနှောင်အဖွဲ့တွေ မလိုချင်နဲ့
-တကောင်ထဲပျံ ရတာ လွတ်လပ်ပါတယ်
-ကဲ- မင့်အတောင်ပံတွေ ဖွင့်လိုက်တော့ ငှက်ငယ်-
Posted by Tesla at 4:23 PM |
Monday, January 15, 2007
Strangeness
နေသည် အရှေ့မှထွက်၍ အနောက်သို့ဝင်သည်-
သိပ်တော့ မထူးဆန်းပါ-
နေထွက်ရာအရပ်ကို အရှေ့ ဟုသတ်မှတ်၍ နေ၀င်ရာ
အရပ်အား အနောက်ဟု အမည်ပေး ထားခြင်းကြောင့်သာ ဖြစ်မည်-
(နေထွက်ရာ အရပ်အား အနောက် ဟု လူညီလျှင် အမည်ပေး၍ ရသည်-
ထိုအခါ အရှေ့အရပ်၌ နေ၀င်လိမ့်မည်)
လူသားတယောက် မွှေးဖွားလာသည်-
သိပ်တော့ မထူးဆန်းပါ-
သံသရာလည် ခြင်းထဲမှ ဖြစ်စဉ် တခုသာ (သို့မဟုတ်) ဖန်ဆင်းခြင်း နှင့်
ကယ်တင်ခြင်းကြား တွင် ကြားညှပ်ခြင်းသာ ဖြစ်မည်-
အစားအစာ ၀ါးစားပါ- ကလေးများ စာသင်နေသည်-
သိပ်တော့ မထူးဆန်းပါ-
အစာကို ကြေညက်စွာ ၀ါးစားတတ်စေရန် သင်ပေးခြင်းသာ ဖြစ်မည်-
( အသက်ကြီးသည် အထိ အစာမကြေအောင် စားသော သူများရှိနေသေးသည်မှာ
ဝမ်းနည်းစရာ ကောင်းပါသည်- ထိုသူများအား သူငယ်တန်းမှ စ၍
စာနောက်တခေါက် ထပ်သင်ခိုင်းသင့်သည် )
ကျနော် ဟိုတုန်းက အသည်းတခါ ကွဲဘူးပါသည်-
သိပ်တော့ မထူးဆန်းပါ-
အသည်းနုခဲ့ သောကြောင့်သာ ဖြစ်မည်-
(ကြုံလျှင်တော့ နောက်တခေါက်လောက် အသည်းထပ်ကွဲကြည့် ခြင်ပါသေးသည်)
( အသားလွတ် ထည့်ထားသော အပိုဒ် ဖြစ်သည့် အတွက် ကျော်ဖတ်သွားပါက ပို၍ မထူးဆန်းပါ )
အိပ်စ် မျိုးဆက်မှ လူတယောက် ကို ၀ိုင် မျိုးဆက်ကဲ့သို့ လိုက်နာနေထိုင်ရန်
လုပ်ငန်းရှင်တယောက် ကညွှန်ကြားသည်-
သိပ်တော့ မထူးဆန်းပါ-
၎င်းလုပ်ငန်း၏ စားသုံးသူ ဖောက်သည်များသည် ၀ိုင် မျိုးဆက် ဖြစ်ခြင်းကြောင့်သာ
(သို့မဟုတ်) ထိုလုပ်ငန်းရှင် သည် စီးပွားရေး သမားဖြစ်ခြင်းကြောင့်သာ ဖြစ်မည်-
(စီးပွားပါရမီ ဟုမရှိသော်လည်း စီးပွားရေးကို အကုသိုလ် ဖြစ်လောက်အောင်
ရှာသူများရှိသည်- ထိုသူများကို မိန်းခလေး တော်တော်များများ ကနှစ်သက်သည်)
အိမ်အပြင် မထွက်ရသူ တယောက်ရှိသည်-
သိပ်တော့ မထူးဆန်းပါ-
အိမ်အပြင် မထွက်ရဲသူ တယောက်ကြောင့် ဖြစ်သည်-
(သို့မဟုတ်) ထိုမထွက်ရဲသူသည် ကြောက်တတ်သူ တယောက်ကြောင့်သာ ဖြစ်မည်-
( စကားပုံတချို့ ပြန်ပြင်သင့်သည် ဥပမာ- ကြောက်ရဲလျှင် မင်းဖြစ်)
ဂျူးများစွာ အသတ်ခံရသည် လူများစွာ တရက်ပြီးတရက်သေသည်-
သိပ်တော့ မထူးဆန်းပါ-
မင်းတို့သွားနှင့်ကြ ငါတို့နောက်က လိုက်ခဲ့မည်-
ပြီးလျှင် အတူတူ ပြန်လာ၍ သံသရာထပ်လည်ကြမည်-
( ခဏ ခဏ .. ခဏ ခဏ.. မေ့... ထား )
သံသရာမှ လွတ်မြောက်ရန် လူတချို့ ကြိုးစားကြသည်-
သိပ်တော့ မထူးဆန်းပါ-
ထိုလူများသည် လူ့ဘ၀၏ ပန်းတိုင်အစစ်သို့ သွားခြင်းသာ ဖြစ်မည်-
သို့သော် ထူးဆန်းသော ကိစ္စ တခုရှိပါသည်-
၎င်းမှာ အထက်ပါ မထူးဆန်းသော အဖြစ်ပျက်များကို
ထူးဆန်းအောင်စဉ်းစားကြ ခြင်းဖြစ်သည်-
ကျနော့်အတွက်မူ ထိုသို့ ထူးဆန်းလာအောင် စဉ်းစားရန် ပျင်းသည်-
နောက်ထပ် အချက်လက်တခု အဖြစ် ခင်ဗျားမြင်နိုင်ပါသည်-
၎င်းမှာ ထိုကဲ့သို့ စဉ်းစားရန် ကျနော် ဥာဏ်မမှီ -----
Tesla
အိမ်အပြင် မထွက်ရသူ တယောက်ရှိသည်-
အိမ်အပြင် မထွက်ရဲသူ တယောက်ကြောင့် ဖြစ်သည်-
ထိုစာကို (ကို)နှင်းခါးမိုး ၏ကဗျာမှ ခဏငှားထားခြင်းဖြစ်သည်-
ပြီးလျှင် ပြန်ပေးပါမည်-
ဤစာသည် ကျနော့်၏ နောက်ဆုံးတဂေါက် ဟုမျှော်လင့် မိပါသည်-
နောက်ပို့စ်များ ၌ မဂေါက်မိအောင် ဂရုစိုက် ရေးပါမည်-
ထို့အပြင် ဆရာ ဇော်ဇော်အောင် ၏စာများဖတ်မိ ၍ရေးမိပါသောကြောင့်
ကျနော်ဂေါက်ခြင်း သည်ထိုစာရေးဆရာ ကြောင့်ဖြစ်သည်-
Posted by Tesla at 11:12 AM |
Monday, January 08, 2007
Risk To Witch
-ဆုံးမသင့်ရဲ့နဲ့ မဆုံးမနိုင်ခဲ့တဲ့ စုံးမ..
-ခဏ ခဏ ကြားခဲ့ရတဲ့
ဆက်သွယ်မှူဧရိယာပြင်ပ..
-နေခြည်တွေဖိတ်ကျ
သိပ်လှတဲ့ ညနေခင်းတွေလည်း ငါမခံစားရ..
-ည
တော်တော်များများက အိပ်မရ..
-ပြုတ်ကျ
အုံး ခနဲ ပြုတ်ကျ..
-အသုံးမကျ
စုံးမ ရဲ့အလှထဲက ရုန်းမရ..
-အော်.. ငါ့မှာလည်း ဒုက္ခ…..
---------x----------
-ဒီမှာ မင့်ရဲ့ ပရမ်းပတာ မျှားချက်ထိလို့ အောက်ပြုတ်ကျသွားတာ
ငှက်မဟုတ်ဘူး အဲ့ဒါ ငါ့နှလုံးသား. (ဟိုက် ရှားဘား)
-အုံး ခနဲ သွေးသံရဲရဲ နဲ့ ပြုတ်ကျသွားတာတောင် မိုက်မဲလှတဲ့
အတောင်ပံတစုံ က တဖြတ်ဖြတ်ခတ်တုန်း (ငတုန်း)
-စုံးမကို မဆုံးမနိုင်ခဲ့တော့ အဲ့ ဒီအထပ်ထပ်ပြန်ရှင်လာ တဲ့
မိုက်ရူးရဲ အတောင်ပံ တွေကိုပဲ ငါ အရှင်လတ်လတ်
မြေမြုပ်ပြစ်ခဲ့တော့တယ်.. (အာမင်)
ဟဲဟဲ အရင်ပို့စ် ဂေါက်ထားတာရဲ့ အဆက် နောက်တဂေါက်.
လွန်ခဲ့တဲ့ လေးငါးနှစ်က ဟာကို ပြန်ခံစားထားတာပါဗျာ..
ကိုလေးဖြု သီချင်းကြားဘူးတယ်မလား..( အခုချိန်ထိ ချစ်ရမှာလား
ရှက်စရာကောင်းတယ် - စိတ်ကူးရင်တဲ့အရွယ် မဟုတ်တော့လည်း..
သိပ်ခက်တယ် အား အန်း အန်.. ) ဆိုတာလေ တက်စ်လာ ကြီးအသည်း
ကွဲနေတယ်ဆိုပြီး စွပ်စွဲနဲ့..
------ X -------
စကားမစပ် ဗျာ ကျနော်ဘယ်သူ့ကိုမှ ခွင့်မတောင်းပဲ လင့်ခ်တွေ
ချိတ်လိုက်တယ် ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ် ခွေးလွတ်ပါတော့ ..
သဘောမတူသူများ ကျနော်ပြန်ဖြုတ်ပေး ပါ့မယ်..
Posted by Tesla at 10:47 AM |
Tuesday, January 02, 2007
2007
>>သေနေတဲ့ ငါ့ဘူတာမှာ အချိန်ရထားများသာ
တရွေ့ရွေ့ ခုတ်မောင်းသွားကြ..
>>ကံဆိုးခြင်း ကုန်ရထားထဲက တန်ဖိုးရှိမယ် ထင်တဲ့ဟာသာ
ခဲရာခဲဆစ် ထုတ်ယူခဲ့ရ..
>>အဲ့လိုနဲ့ နှစ်ထောင့်ခွန် အ၀င်ည
သူများတွေ ကကြ ခုန်ကြ
ငါ့အနားမှာ တော့ ကြယ်များသာ ခစားကြ.. (ငါ့ကိုယ်ငါ)
>>ဟော နားထောင်စမ်း ဟက်ပီးနယူးရီးယား တွေ
ငါ့အနားနားက..
ကွေ့ဝိုက်ပြီး ထွက်ခွာသွားကြ..
အခုချိန်ထိ ငါ့ နောက်ဆုံးရထားကို ငါမတွေ့ရ..
တောက် -x+=ေ xxာ က် +-x အ xိုး ရ x+-..
Posted by Tesla at 2:01 PM |