Monday, January 15, 2007

Strangeness

နေသည် အရှေ့မှထွက်၍ အနောက်သို့ဝင်သည်-
သိပ်တော့ မထူးဆန်းပါ-
နေထွက်ရာအရပ်ကို အရှေ့ ဟုသတ်မှတ်၍ နေ၀င်ရာ
အရပ်အား အနောက်ဟု အမည်ပေး ထားခြင်းကြောင့်သာ ဖြစ်မည်-
(နေထွက်ရာ အရပ်အား အနောက် ဟု လူညီလျှင် အမည်ပေး၍ ရသည်-
ထိုအခါ အရှေ့အရပ်၌ နေ၀င်လိမ့်မည်)

လူသားတယောက် မွှေးဖွားလာသည်-
သိပ်တော့ မထူးဆန်းပါ-
သံသရာလည် ခြင်းထဲမှ ဖြစ်စဉ် တခုသာ (သို့မဟုတ်) ဖန်ဆင်းခြင်း နှင့်
ကယ်တင်ခြင်းကြား တွင် ကြားညှပ်ခြင်းသာ ဖြစ်မည်-

အစားအစာ ၀ါးစားပါ- ကလေးများ စာသင်နေသည်-
သိပ်တော့ မထူးဆန်းပါ-
အစာကို ကြေညက်စွာ ၀ါးစားတတ်စေရန် သင်ပေးခြင်းသာ ဖြစ်မည်-
( အသက်ကြီးသည် အထိ အစာမကြေအောင် စားသော သူများရှိနေသေးသည်မှာ
ဝမ်းနည်းစရာ ကောင်းပါသည်- ထိုသူများအား သူငယ်တန်းမှ စ၍
စာနောက်တခေါက် ထပ်သင်ခိုင်းသင့်သည် )

ကျနော် ဟိုတုန်းက အသည်းတခါ ကွဲဘူးပါသည်-
သိပ်တော့ မထူးဆန်းပါ-
အသည်းနုခဲ့ သောကြောင့်သာ ဖြစ်မည်-
(ကြုံလျှင်တော့ နောက်တခေါက်လောက် အသည်းထပ်ကွဲကြည့် ခြင်ပါသေးသည်)
( အသားလွတ် ထည့်ထားသော အပိုဒ် ဖြစ်သည့် အတွက် ကျော်ဖတ်သွားပါက ပို၍ မထူးဆန်းပါ )

အိပ်စ် မျိုးဆက်မှ လူတယောက် ကို ၀ိုင် မျိုးဆက်ကဲ့သို့ လိုက်နာနေထိုင်ရန်
လုပ်ငန်းရှင်တယောက် ကညွှန်ကြားသည်-
သိပ်တော့ မထူးဆန်းပါ-
၎င်းလုပ်ငန်း၏ စားသုံးသူ ဖောက်သည်များသည် ၀ိုင် မျိုးဆက် ဖြစ်ခြင်းကြောင့်သာ
(သို့မဟုတ်) ထိုလုပ်ငန်းရှင် သည် စီးပွားရေး သမားဖြစ်ခြင်းကြောင့်သာ ဖြစ်မည်-
(စီးပွားပါရမီ ဟုမရှိသော်လည်း စီးပွားရေးကို အကုသိုလ် ဖြစ်လောက်အောင်
ရှာသူများရှိသည်- ထိုသူများကို မိန်းခလေး တော်တော်များများ ကနှစ်သက်သည်)

အိမ်အပြင် မထွက်ရသူ တယောက်ရှိသည်-
သိပ်တော့ မထူးဆန်းပါ-
အိမ်အပြင် မထွက်ရဲသူ တယောက်ကြောင့် ဖြစ်သည်-
(သို့မဟုတ်) ထိုမထွက်ရဲသူသည် ကြောက်တတ်သူ တယောက်ကြောင့်သာ ဖြစ်မည်-
( စကားပုံတချို့ ပြန်ပြင်သင့်သည် ဥပမာ- ကြောက်ရဲလျှင် မင်းဖြစ်)

ဂျူးများစွာ အသတ်ခံရသည် လူများစွာ တရက်ပြီးတရက်သေသည်-
သိပ်တော့ မထူးဆန်းပါ-
မင်းတို့သွားနှင့်ကြ ငါတို့နောက်က လိုက်ခဲ့မည်-
ပြီးလျှင် အတူတူ ပြန်လာ၍ သံသရာထပ်လည်ကြမည်-
( ခဏ ခဏ .. ခဏ ခဏ.. မေ့... ထား )

သံသရာမှ လွတ်မြောက်ရန် လူတချို့ ကြိုးစားကြသည်-
သိပ်တော့ မထူးဆန်းပါ-
ထိုလူများသည် လူ့ဘ၀၏ ပန်းတိုင်အစစ်သို့ သွားခြင်းသာ ဖြစ်မည်-

သို့သော် ထူးဆန်းသော ကိစ္စ တခုရှိပါသည်-
၎င်းမှာ အထက်ပါ မထူးဆန်းသော အဖြစ်ပျက်များကို
ထူးဆန်းအောင်စဉ်းစားကြ ခြင်းဖြစ်သည်-
ကျနော့်အတွက်မူ ထိုသို့ ထူးဆန်းလာအောင် စဉ်းစားရန် ပျင်းသည်-
နောက်ထပ် အချက်လက်တခု အဖြစ် ခင်ဗျားမြင်နိုင်ပါသည်-
၎င်းမှာ ထိုကဲ့သို့ စဉ်းစားရန် ကျနော် ဥာဏ်မမှီ -----

Tesla

အိမ်အပြင် မထွက်ရသူ တယောက်ရှိသည်-

အိမ်အပြင် မထွက်ရဲသူ တယောက်ကြောင့် ဖြစ်သည်-
ထိုစာကို (ကို)နှင်းခါးမိုး ၏ကဗျာမှ ခဏငှားထားခြင်းဖြစ်သည်-
ပြီးလျှင် ပြန်ပေးပါမည်-
ဤစာသည် ကျနော့်၏ နောက်ဆုံးတဂေါက် ဟုမျှော်လင့် မိပါသည်-

နောက်ပို့စ်များ ၌ မဂေါက်မိအောင် ဂရုစိုက် ရေးပါမည်-
ထို့အပြင် ဆရာ ဇော်ဇော်အောင် ၏စာများဖတ်မိ ၍ရေးမိပါသောကြောင့်
ကျနော်ဂေါက်ခြင်း သည်ထိုစာရေးဆရာ ကြောင့်ဖြစ်သည်-

 
Online -------> hits