Saturday, June 30, 2007
NaCl2 PRODUCTION
ကျွှန်တော်နှင့် လတ်တလောများ
လာလာလည်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကိုအားနာတယ်ဗျာ- ကိုယ်တိုင်ကလည်း ဘာရေးရမှန်း မသိသေးတာနဲ့.. ဟဲ ဟဲ ထုံးစံတိုင်းပေါ့ နဘေးကို ကြည့်လိုက်တော့ ဒေါ်ဂျီးပန်ကတော့ ဆားချက်တယ်တဲ့.. အဲ့လိုနဲ့.. ကျနော်လည်း ဘာမှမလုပ်တတ်သေးတော့ ဆားပဲ ၀င်ချက်လိုက် ရပါတယ်- အကြံကုန်နေသောကြောင့်- ဘယ်လိုဆားချက်ရမလည်း ဆိုတာကလည်းရှိသေးတယ်ဗျ- ဆားဆိုတာကလည်းချက်တတ်ဦးမှ- တချို့တွေကတော့ ကျွှမ်းကျင်အဆင့်ဆိုပဲ- ကျနော်ကတော့ ခပ်ပေါပေါဆားပဲ ချက်တတ်တယ်- ကျွှန်တော် ဘာတွေလုပ်နေလည်းဆိုတဲ့ ဆားတချို့ပါ- နည်းနည်းတော့ငန်တယ်- သံပုရာသီးလေးနဲ့စားရန်- (အဲ ငန်ရင်သံပုရာသီးနဲ့စား မမှားဘူး။ မစားရင် သွေးတက်တတ်တယ်။ အခွံပါရောစားရင် လေကျေတယ်။)
-လတ်တလော အခြေအနေ
လုပ်စရာများ များပြားလှသောကြောင့် မည်သည့်အရာကို ဦးစားပေး လုပ်ရမလဲ စဉ်းစားတုန်း မှာပင် ဘာကိုမျှမလုပ်မိ။ ထိုအခါ လုပ်စရာများသည် ပိုမို များပြားလာသည်။ အကြည်ဓါတ် ကုန်ခမ်းနေခြင်းဖြစ်လာသည်။ ထို့ကြောင့် ဘာကိုမျှဟုတ်တိပတ်တိ မလုပ်ချင်သေးပါ။
-လတ်တလော ထိတွေ့မိသောပတ်ဝန်းကျင် (ဓါတ်ပုံများ)
I. အလင်းရောင်တစ်ခု။ နေရာမမှတ်မိပါ။ အလင်းကိုပင် ရွှဲရွဲစိုကျသွားအောင် ရွာချသောမိုးဟု ခံစားပြစ်လိုက်သည်။ (အမှန်တော့ ခေါင်မိုးပေါ်က ရေတွေ ကျလာတာလား မပြောတတ်ပါဘူး။ မိုးကတော့ရွာနေပါတယ်။)
II. ခြသေ့င်္ပုံသစ်သားအရုပ်။ ဆိုင်တစ်ဆိုင်အရှေ့မှ။ ဟိန်းလိုက်သောအသံ တစ်သံ ကြားမိသလိုလို။ တောထဲမှာဆိုလျှင်တော့ ဘုရင်။ အကောင်ငယ်တို့ အတွက်မုဆိုး။ လူတို့၏သားကောင်။ သို့သော် မုဆိုးကိုပြန်ဒုက္ခပေးတတ်သော သားကောင်။ အခုတော့အရုပ်။ ခင်ဗျားတို့ကော မုဆိုးလား သားကောင်လား အရုပ်လား။
III. ဈေးတန်းတခု။ ဗဟန်းဈေး အပြင်ဘက်။ စားကျ အိပ်ကျ ရှာကြ နေကြ ပြီးတော့ သေကြ နေ့တဓူဝ။
IV. လမ်းမပေါ်။ ပြည်လမ်းမ။ နီးလာတာလား ဝေးသွားတာလား စုပ်ယူတာလား မှုတ်ထုတ်လိုက်တာလား။ ဟိုးအဝေးမှာ အဖြူအစ တခုတွေ့ရတယ်။
V. ပန်းလား အရွက်လား။ ရုံးရှေ့က။ ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲရိုက်လိုက်တာ။
VI. စားသောက်ဆိုင်မှ ငါးရှည့်များ။ တတိယပိုင်းအစီစဉ်၏ ဘီယာဆိုင်မှ။ သနားစရာကောင်း ၍့ရိုက်လိုက်သည်။ ရိုက်ပြီးဓါတ်ပုံကို ပြန်ကြည့်မိသည်။ ပြီး ဆိုင်ထဲသို့ တချက်ဝေ့ ကြည့်လိုက်သည်။ လူများစွာ ပျားပန်းခတ်မျှစည်ကားနေသည်။ ကြည့်နေရင်းမှာပင် ပတ်ဝန်းကျင်တခုလုံး အနီအရောင် တချက် ဖြတ်ခနဲ လက်သွားသလိုပင်။
VII. တိုက်နဲ့လ (မင်းပြောမှလား)။ နေရာ ရွှေဂုံတိုင်။ ညကိုထွက် လေ့လာခွင့်ရသော တိုက်ပိတ်ခံ အလင်းတချို့။ လကတော့ ပြုံးပြုံးကြီး ကြည့်လို့။
VIII. လမင်း။ ပျင်း၍ အင်္ဂါဂြိုလ် ပေါ် တက်ရိုက်ထားခြင်း။ ယုံချင်ယုံ မယုံချင်နေ။
IX. ဒါလည်း တိုက်နဲ့လ။ ရွှေဂုံတိုင်။ လ ပါတော့ လှများလှမလားလို့။ အဲ ရိပ်မိလောက်ပြီထင်တယ် အဲ့ဒီအရှေ့မှာ ဘီယာဆိုင် ရှိတယ်ဆိုတာ။
X. မောင်ပွတ်။ တတိယပိုင်းအစီစဉ်၏ ဘီယာဆိုင်မှ။ ကောင်မလေးတွေကို ငမ်းနေတာများ သရေတတောက်တောက်ကျ။ ရုပ်ပျက်ဆင်းပျက်။ မြင်မကောင်း ရှုမကောင်း။ (မှတ်ချက်- ကြည့်ရှုရန် မသင့်လျှော်၍ ပြန်ဖျက်လိုက်သည်။ အတုယူမှားမည်ဆိုးသဖြင့်။)
-လတ်တလော အဟာရများ (အဲ. အစာများ)
မနက်- ကော်ဖီ + ခေါက်ဆွဲ
နေ့လည်- သေမှာဆိုးလို့ စားလိုက်ရသောထမင်း
ညစာ- တမင်တကာ လွတ်ထားသော မျောမိမျောရာ အတွေးများ + တမင်တကာဘီယာ + တမင်တကာ စီးကရက် (မှတ်ချက်- တချို့ရက်များသာ။ အရက်သမားကြီးလို့ အခေါ်ခံရမှာ လည်း ကြောက်ရသေးတယ်။ ချောင်းနေတဲ့လူတွေ ရှိတယ်။)
-လတ်တလော ကျန်းမာရေး
ချောင်းနည်းနည်းဆိုးတယ်။ တချို့ရက်တွေ ခေါင်းကိုက်တယ်။
-လတ်တလော လူလယ်ကျမှု
NaCl2 PRODUCTION
-လတ်တလော ရချင်နေမှု (စိတ်ကူးယဉ်)
အတောင်ပံတစုံ (ခပ်မြင့်မြင့် ပျံသန်းနိုင်သော)
-လတ်တလော ပုစ္ဆာ
စာတွေ ဆက်ရေးဖြစ်မလား မရေးဖြစ်မလားဆိုတာ ဘယ်သူကများ အတိအကျ ပြောနိုင်မှာလည်း?
-လတ်တလော ကဗျာ
ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်လာ၍ မရနိုင်ပါခင်ဗျာ။
-လတ်တလော သွားဖြဲချိမ်းခြောက်နေသော ကိစ္စတစ်ခု
ပရောဂျက် (လာပြန်ပြီတခါ)
-လတ်တလော ပျော်ရွှင်မှု
Pro Evolution Soccer Game
-လတ်တလော အမြင်ကတ်နေသူ
တက်စလာ (မှတ်ချက်- ညာမပြောပါ)
-လတ်တလော ကွယ်ဝှက်ထားမှု
ဟီး ဟီး ဟဲ ဟဲ တို့၏အနောက်။
-လတ်တလော ဆုတောင်း
စိတ်ဆင်းရဲနေသူများ စိတ်ချမ်းသာကြပါစေ။
-လတ်တလောကော အရင်တလောကော အခုတလောကော နောက်တလောကော ဒုက္ခပေးနေသော အတွေး
ဟေ့ရောင် မင်းအသက်သုံးဆယ် ပြည့်တော့မယ်။
-လတ်တလော မေတ္တာပို့မိသူ
ပုဂံနက်- ဆာဗာတွေ Configure ပြန်လုပ်နေလို့ပါတဲ့။ ပြီးရင် အံ့မခန်း မြန်လာမှာပါတဲ့။ အင်း. အားလုံးဘမ်းပြီး သုံးစားလို့ မရတဲ့ ဆိုဒ်တွေပဲ ထားခဲ့မယ်ထင်ပ။ လုပ်ကြ လုပ်ကြ။
-လတ်တလော ဆဌမအာရုံ
ရိုးသားမှု၊ မခံချင်မှု၊ ပါးနပ်မှု၊ ထိုအမှုများအားလုံးကို လျစ်လျုရှုသောအမှု။
-လတ်တလော ရုံးထွက်ရန် ကြိုးစားနေသော ကိစ္စ
အထက်ပါ လတ်တလော များအားလုံး။
-လတ်တလော နားထောင်နေသော သီချင်း
ဇော်ဝင်းထွဋ္ဋ် ၏ ဂျစ်ပစီမိုးတိမ် အခွေမှ ကမ္ဘာမှာ မသေချာဘူး (ဘာမှ မသေချာဘူး?)။ ၀င်းမင်းထွေး ရေးသည်ထင်၏။
….ပြတင်းပေါက်ဖွင့် မင်း စိုက်ကာငှေး မနက်ခင်းလေးများ မြူးတူးလို့ကစား.
အပူပင်လည်း ကင်းလွတ်လပ်လို့ အထိမ်းအကွတ်မဲ့ အရိုင်းပန်းလေးများ…
ဘယ်ဆီသူတို့မျောမယ် မသိကြတဲ့ အဖြူရောင်တိမ်များ ကောင်းကင်ဝယ်.
အနာဂတ်လည်း မတွေးတတ်တဲ့ ဆီမီးကလေးများ ကလေးများပေါ့…
ဘာမှ မသေချာဘူး.. အား.. လုံးဟာမှားယွင်းနေ.
အစကတည်းက မသေချာဘူး..… အားလုံးဟာမှားယွင်းသွား…
ဟိုမှာနှစ်ယောက်တွဲ ဖြတ်ခါသွား ပြုံးရယ်စကားပြောလို့သွား..
လူတွေကြည့်လည်း ဂရုမစိုက်ဘူး.. အဲ့ဒါ စွဲမက်စရာ တပ်မက်မှုပေါ့..
လေမှာသယ်လာ အချစ်ရဲ့ မွှေးရနံ့များ. အာရုံမှာ တကယ့် . ထူးဆန်းတဲ့..
အချစ်ရဲ့ တောနက်ထဲတိုးဝင်သွား.. အဲ့ဒီမှာ မျက်စိလည် လမ်းမှားတော့……
ဘာမှ မသေချာဘူး.. အား.. လုံးဟာမှားယွင်းနေ.
အစကတည်းက မသေချာဘူး..အူး… အားလုံးဟာမှားယွင်းသွား…
ငါဟာငါ့တံခါး အတင်းပြန်ပိတ်.. ပြီးတော့ ငါမျက်စိမှိတ်..
တိမ်ကို အသစ်အသစ်ကြည့်ပြန်တော့.. အသိပျောက်ဆုံး မည်းနက်ဖုံး….
ရောင်စုံခြယ်ကာမှုန်းကာ တောက်ပတဲ့ အရွယ်ပျို ပွင့်ဖူး တက်ကြွခဲ့..
မာယာတွေ မသိသေး.. အတွေးအိမ်မက်..
အခုတော့ ပျက်စီးသွား….
ဘာမှ မသေချာဘူး.. အား.. လုံးဟာမှားယွင်းနေ.
အစကတည်းက မသေချာဘူး..အူး… အားလုံးဟာမှားယွင်းသွား…
အားလုံးဟာ….. မသေချာခဲ့လည်း….. အစစဟာ မှားလို့သွား…
ဘာမှ မသေချာတော့.. အားလုံးဟာ တကယ်ကိုမှား……….…။
-လတ်တလော တာဝန်မကျေမှု
အပေါ်က သီချင်း တင်မပေးနိုင်ခြင်း။ ကွန်နက်ရှင်မကောင်းလို့ပါ။
-လတ်တလော တောင်းပန်လွာ
စီဘောက်တွင် လာနုတ်ဆက်ထားသူများ။
Tesla
Saturday, June 23, 2007
‘R ‘A ‘I ‘N ‘ ‘ ‘
အက်စစ်မိုး-
စက်ရုံတရုံမှ အငွေ့တထောင်းထောင်း ထအောင် မှုတ်ထုတ်လိုက်သည်မှာ ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များဖြစ်သည်- လေထုသည် မစုပ်ယူချင်၍ မရ- ထိုဓါတ်များကို စုပ်ယူ၍ ရေနှင့်သန္ဓေတည်ကာ မွေးဖွားပေးလိုက်သည်မှာ ဆာလဖြူရစ် အက်ဆစ်နှင့် နိုက်ထရစ်အက်ဆစ်တို့ ကြီးကြီးစိုးစိုးပါဝင်သော အက်ဆစ်မိုးဖြစ်သည်- ပီအိပ်စ် အမှတ်အောက် တော်တော်နိမ့်သည်- သစ်တောများကို မျိုးတုန်းစေသည်- သစ်ရွက်များ အသက်ဆုံးရှုံးရသည်- လူတချို့ ကျန်းမာရေးထိခိုက်သည်- အင်းဆက်များသေသွားသည်ကိုမူ ၀မ်းသာရမလား ၀မ်းနည်းရမလား မသိ- ထိုကိစ္စ မည်သူ့တွင် တာဝန်အရှိဆုံးဖြစ်ပါသလဲ- စက်ရုံလား လေထုလား စက်ရုံကိုမောင်းနှင်နေသည့် လူသားလား- လူသားကိုမောင်းနှင်နေသည့် အတ္တလား- မပြောတတ်- သို့သော် ဒီပတ်ဝန်းကျင်တွင် အက်ဆစ်မိုးကတော့ မထင်ရင် မထင်သလို ရွာစဲ…..
ခြောက်ခြားစရာမိုး-
သည်းသည်းမည်းမည်းရွာသွန်းဖြိုးနေသော မိုးသည်းညဖြစ်သည်- ပတ်ဝန်းကျင်တခုလုံး မှောင်နဲ့မည်းမည်း ရှိလှ၍ မိုးသံလေသံကို ခဏဖယ်ထားပါက တိတ်ဆိတ်ငြိမ်သက် နေမည်မှာမလွဲပင်- သင်္ချိုင်းမြေတခုနှင့် ခပ်လှမ်းလှမ်းတွင်တော့ မှိန်ပျပျမီးရောင်တခုကို တွေ့နိုင်ပါသည်- အနီးကပ် သွားကြည့ှ်လျှင်မူ အကြော်ရောင်းနေသော အရွယ်လွန်အဖွား အို တယောက်ကို ဆီမီးခွက်အလင်းရောင်ဖြင့် တွေ့နိုင်ပါသည်- စားသုံးနေသူ လူကတော့ဖြင့် တယောက်မျှမရှိ- ထိုအချိန် တကိုယ်လုံး မိုးရေစိုရွှဲနေသော မိန်းမပျိုလေးတယောက် အကြော်ဆိုင်ထဲသို့ ၀င်လာသည်- ခိုက်ခိုက်တုန်နေသော သူမသည် ချမ်းနေသောကြောင့် မဟုတ်ပါ- ထိတ်လန့်စရာ တခုခုကို ကြုံခဲ့ရသောကြောင့် တုန်လှုပ်နေသည်မှာ သိသာသည်- အကြော်ဆိုင်ထဲသို့ အားကိုးတကြီး ၀င်ထိုင်လိုက်သည်- ရေနွေးခွက်ကို တုန်နေသော လက်များဖြင့်ငှဲ့လိုက်သည်- စိတ်နည်းနည်း တည်ငြိမ်လာသည့် အရိပ်ယောင်တွေ့ရသည်- ထိုအခါကြမှ စကားပြောနိုင်တော့သည်- အဖွားအိုကို သူတွေခဲ့ရသည့် အဖြစ်ပျက်ကို ပြောနေသည်- သူမ လမ်းလျှောက် လာတုန်း မိုးသဲသဖြင့် ညောင်ပင်ကြီးအောက် ခဏ၀င်ခိုနေခိုက် လူတယောက်နှင့်တွေ့သည်ဆို၏- မိုးကလဲသည်းလိုက်တာနော် စသည်ဖြင့် အလာပသလာပ များပြောနေရင်း ဘာမှပြန်မပြော၍ ထိုလူကို လှမ်းကြည့်လိုက်သောအခါ မျက်စိများ မျက်ခုံးများ နှခေါင်းများ ပါးစပ်များမပါသော မျက်နှာတပြင်လုံး ဘဲဥတလုံးကဲ့သို့ ချောမွေ့နေသော သူကိုတွေ့ခဲ့ရသည်ဟု ပြောနေသည်- သူမပြောနေတုန်းပင် ဆီမီးခွက်သည် မီးစာကုန်သွားသည်ထင်၏- မီးဖိုမှမီးတချို့၏ မှိန်ပျပျ အလင်းရောင်သည်သာရှိနေခဲ့သည်- ထိုအချိန် ပဲ့တင်ထပ်နေသော အသံတစ်ခုကို သူမ ကြားလိုက်ရသည်- ((((((ဒီလိုကြီးလား)))))). ဆိုသောအသံဖြစ်သည်- လျှပ်စီးတချက်လက်သွားသည်- အဘွားအိုသည်လည်း ဖွာလံကျဲနေသော ဆံပင်အောက်မှ ချောမွေ့နေသော ဘဲဥပုံသဏာန် မျက်နှာတခုနှင့်ဖြစ်သည်- ဘုရား သကြားမလို့ ထိုကဲ့သို့ မိုးသည်းညမျိုး မကြုံပါရစေနဲ့…
ကံဆိုးမနောက်လိုက်သည့်မိုး -
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာသည်ဟု ကြားဘူးသည်- တအိမ်လုံးရွှဲရွဲစိုနေသည်မှာ ရေချိုးထားသော တဲအိမ်ကလေး အလားပင်- ကျန်ရှိနေသေးသော အိမ်ထဲမှ ပစ္စည်းများသည်လည်း သူ့ကြောင့်ပင် တခုမှရစရာမရှိတော့- ကံဆိုးမသည်လည်း မိုးလုံသော စားပွဲခုံအောက်မှ ထိုင်ကြည့်နေယုံမှလွဲ၍ တခြားမတတ်နိုင်- မိုးသည် သူတို့လိုလူတန်းစားအတွက်တော့ ဇိမ်ခံပစ္စည်းမဟုတ်ခဲ့ပါ- အင်မတန်ရက်စက်သော မိုးဖြစ်သည်-
ထစ်ချုန်းမိုး-
ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် အားလုံးကို လွတ်ချကာ ရွာချလိုက်သော မိုးဖြစ်သည်- အပူပင်တွေငြိမ်းအောင် ကမ္ဘာကို ဆေးကြောပေးသည်ဆိုသော သီချင်းလည်းကြားဘူးသည်-
အသံကော အလင်းကော ပူးပေါင်းခံစားခွင့်ရသည်- အရသာ အရှိဆုံးသော မိုးဖြစ်သည်-
ကွက်ကျားမိုး-
မျက်နာလိုက်သည်ဟု ထင်စရာရှိသည်- တခါတခါတော့လည်း လှပသည်- နေပူမိုးရွာ သူခိုးလာ ဆိုသည့် စကားပုံမှာ ကွက်ကျားမိုးကြောင့်များ ဖြစ်ပေါ်လာသလားမသိ- သူခိုးများကြိုက်သည့် မိုးလား- အင်း ငတက်ပြားမိုး- ဒါပေမဲ့ သက်တန့်တချို့လည်း သူ့ကြောင့် ဖြစ်ပေါ်လာသည်ထင်၏-ဘာပဲပြောပြော သူသည်လည်းခေါင်းမာစွာပဲ ရွာစဲ…..
အလွမ်းမိုး-
အလွမ်းဓါတ်ခံရှိသော ကျနော့်အတွက် သုံးရာသီရွာပေးသည်- ဟီး- ရှက်လိုက်တာ..
မေဦးမိုး-
အနောက်တောင် မုတ်သုန်လေ တ၀ုန်းဝုန်းနှင့် ဒီနေရာ တွင် ရွာပြီးပြီ-
အချစ်မိုး-
ဟဲ ဟဲ ကျွှန်းခံစရာတောင် နှလုံးလမ်းကြောင်း မပါလာတဲ့ကျနော့်အတွက် ထိုမိုးသည် ခေါင်သည်- ကျနော်မမျှော်လင့်ရဲခဲ့သော မိုးများလား- တခါတခါတော့လည်း ကွက်ကျားမိုးကို အဖော်ပြုကာ လာရွာသေးသည်- ဖတ်သူက ကြော်ငြာမိုး ဟူ၍ သမုတ်သွားသေးသည်- မတတ်နိုင်..
မိုးပြေးလေး-
မိုးပြေးလေးဆိုသည်မှာ ရွာတယ်ဆိုယုံလေးဖြစ်သည်-
လွန်တယ်ဟု အပြောခံရနိုင်သဖြင့် ထပ်မရေးတော့- ကြုံမှ ခေါင်းစဉ်တခုတပ်ပြီး ကို ရေးဦးမည်- လျှောက်မတွေးပါနဲ့ မိုးခြိမ်းလိုက်ခြင်းဖြစ်သည်- မိုးပြေးလေးကို အားငယ်မည်ဆိုး၍ ထစ်ချုံးမိုးကို အဖော်ခေါ်လိုက်ခြင်းသာ- သို့သော် တဖောက်ဖောက်နှင့် ရွာစဲ မျက်ရေတတောက်တောက် ကျစဲ..
အခါလွန်တဲ့မိုး-
ထိုမိုးသည် အငြိုးနှင့် ရွာသည်တဲ့-
မရွာပဲညိုတဲ့မိုး-
မိုးပြေးလေးထက် ပိုဆိုးသည်- ရွာမလိုလို လာမလိုလိုနှင့် ကိုယ်ယောင်ပြသွားသော မိုးဖြစ်သည်- မူယာမိုး မာယာမိုးဟူ၍ပင် ခေါ်လို့ရနိုင်သည်- ပျော်ရွှင်စေရန် အရိပ်အခြေပြသွားတာကိုတော့ ကျေးဇူးတင်ရမလိုလို-
မေမြို့မိုး-
သီချင်းဖြစ်သည်-
ရိုင်းတယ်ပဲပြောပြော ဟိုတခါက ရေစိုထမိန်နဲ့ မိုးရေမှာ လှပခဲ့ဘူးတာ ဆိုတဲ့ စာသားကို အခုသေချာ ပြန်တွေးကြည့်တော့ ကြိုက်သလိုလို- မေမြို့ကိုတော့ ကြုံရင်သွားဦးမည်- မေမြို့မိုးနှင့်များ တွေ့မလားဟူသော ရည်ရွယ်ချက်ဖြင့်-
တက်စလာမိုး-
ကျနော့်မိုးဖြစ်သည်- ရှင်းအောင်ပြောရလျှင် ဒီမိုးဖြစ်သည်- မိုးမျိုးစုံအောင် ရွာချပြစ်လိုက်သည်- မမယ်လိုဒီ နှင့် မဂျစ် တို့ နှစ်ယောက်ကြီးများတောင် ကျနော့်အပေါ်တက်၍ ရွာလိုက်ရခြင်းဖြစ်သည်- အမ်.. မြန်မာလိုတိုက်ရိုက် ဘာသာပြန်ရသည်မှာ တခါတရံ တော်တော် ဂွကျသည်- :P
ဒယ်မီမိုး
ရောကုန်ပြီ- ရှုပ်ကုန်ပြီ- ထပ်ရေးရင် ထပ်ရှုပ်တော့မည်- ရော်ဂျာမိုး နေခဲ့တော့- မိုး.. ရေ .. တိတ်တော့…
Tesla
Wednesday, June 20, 2007
19 June 2007
မိခင်ကုန်းမြေအတွက်.
ပြတင်းပေါက်သံတိုင်ကို ကိုင်ထားတဲ့လက်တွေ..
ဒါ.. ရဲရင့်မှုအတွက် သက်သေ…
အမေ….
လှပစွာ ၀ဲပျံနိုင်မဲ့ အတောင်ပံတွေကို ရိုက်ချိုး..
အမျိုးတွက် အားလုံးကို စတေးခဲ့ပေ…
ဒါ.. သစ္စာရှိမှုအတွက် သက်သေ…
အမေ….
သားရဲတိရိစ္ဆာန်တွေကြား.
ဣနြေ္ဒရရ လျှောက်လှမ်းလို့.. ခြေလှမ်းရယ်မှမယိုင်..
ပိုင်ပိုင်နိုင်နိုင်ရွေ့နေ…
ဒါ.. ယုံကြည်မှုခိုင်မာတဲ့သက်သေ….
အမေ…..
ငရဲပွဲထဲတိုးဝင်.
ကစဥ့်ကလျား လူရိုင်းတွေအတွက်…
ငြိမ်းချမ်းရေး မိန့်ခွန်းခြွေလို့ စုစည်းခဲ့ပေ..
ဒါ.. ခေါင်းဆောင်ကောင်း ပီသတဲ့ သက်သေ….
အမေ….
အကြောင်းဟုတ် မဟုတ်.
ပြုလုပ်ထိုက် မထိုက် ခွဲခြား..
အရိုးကျေ ပစေ အရေခန်း ပစေ သက်စွန့်ကြိုးပန်းနေခဲ့တာတွေ…
ဒါ.. အာဇာနည်ပီသတဲ့ သက်သေ…
အမေ….
ရဲရင့်တဲ့အမေ….
သစ္စာရှိတဲ့အမေ…..
ယုံကြည်မှုခိုင်မာတဲ့အမေ….
ခေါင်းဆောင်ကောင်းပီသတဲ့အမေ….
အာဇာနည်အမေ……
မွေးနေ့မှာ ပျော်ရွှင်ပါစေ….
ဆွေးမြေ့ပြိုကျတော့မဲ့ ကုန်းမြေအတွက်ပေါ့….
အသက်ရာကျော် ရှည်ပေးပါတော့ အမေ……
Tesla
Sunday, June 17, 2007
..STORY (One)
ဟိုး.. ရှေးရှေးတုန်းက ဇီးကွက်ကြီးတကောင်ဟာ တောကြီးတတောရဲ့ ရေကန်လေးနားက သစ်ပင်ပေါ်မှာ နေထိုင်သတဲ့- ဇီးကွက်ကြီးဟာ ပညာရှိကြီးလို့ တတောလုံးက ၀ိုင်းသတ်မှတ်ထားတော့ လောကကြီးကို တရားကျတဲ့စတိုင် နဲ့ နေ့ခင်းတောင် အပြင် မထွက်တော့ဘူးတဲ့- ညရောက်မှ ဆင်းရဲစရာကောင်းတဲ့ သူ့ခန္ဓာကိုယ်ကို မဖြည့်ချင်ဖြည့်ချင် ဖြည့်ရတဲ့ပုံစံမျိုးနဲ့ အသက်ရှင်ယုံလောက် အဆာကိုသာ ထွက်ပြီး ရှာဖွေစားသောက်သတဲ့- အဲ့ဒီရေကန်ကြီးထဲမှာ ရေချိုးလိုက် အတောင်ပံလေးတွေခတ်ပြီး ကခုန်ပျံလွှားလိုက် နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတဲ့ ဘဲငန်းမလေး တကောင်လည်း ရှိနေခဲ့တယ်- ဟော မောင်ညီမလေးတို့ရေ သေသေချာချာနားထောင်နော် ဇာတ်လမ်းစတော့မယ်-
အဲ့ဒီမှာ စတွေ့တာပေါ့ကွယ်- ရေကန်ကြီးနားမှာလေ- တနေ့တနေ့ ဖြူဖွေးလှတဲ့ အတောင်ပံတွေ နဲ့ ဆော့ကစားနေတဲ့ ဘဲငန်းမလေးကို ဇီးကွက်ကြီးက ရုပ်တည်ကြီးနဲ့ ပြူးပြီးသား မျက်လုံးတွေ ထပ်ချဲ့လို့ စူးစူးရဲရဲ ချောင်းကြည့်နေခဲ့သတဲ့ကွယ်- တော်တော်ဆိုးတဲ့ ကိုဇီးကွက်ပေါ့- ဘဲငန်းမလေးကလည်း သူ့ကို ချောင်းကြည့်နေတာကို ရိပ်မိတယ်တဲ့- ဒီလိုနဲ့ပဲ ဘဲငန်းမလေးဟာ စူးစူးရဲရဲ မျက်လုံးကြီးတွေကို မလန့်ပဲနဲ့ ရင်ခုန်သွား မိသတဲ့- မိုက်မဲလှတဲ့ ငန်းမလေးများလားကွယ်- ရှည်ပါတယ် မောင်ညီမလေးတို့ရယ် အကျဉ်းချုပ်ရရင် ဇီးကွက်ကြီးနဲ့ ဘဲငန်းမလေးတို့ ဟာ တဦးပေါ်တဦး မေတ္တာမျှသွား ကြသတဲ့-
မေတ္တာမျှတော့လည်း ပေါင်းဖက်ခဲ့ကြတယ်လို့ပဲ ခပ်လွယ်လွယ်ယူဆကြပေါ့ကွယ်- ခပ်လွယ်လွယ် ထပ်ယူဆရရင် တလလောက်လွယ် သုံးဆယ့်ငါးရက် လောက် ဥဘို့ အထိ ငန်းမလေးဟာ မပေါ့မပါးဖြစ်သွားရှာသတဲ့- (ပုံပြောတဲ့ ဦးဦး ဒီနေရာမှာ နည်းနည်းလွန်ပြီထင်ရင် ခွင့်လွတ်ပါကွယ် အမှန်တော့ငန်းတွေ ဘယ်နှစ်လလွယ်ပြီး ဘယ်နှစ်လဖွားတယ် ဆိုတာ ဦးဦးလည်းသိဘူး ရွီးလိုက်တာပါကွယ်)- ကဲ ကဲ .. ဇီးကွက်ကြီးက ကောက်ရိုးတွေ အရွက်စလေးတွေ ရှာပေးခဲ့လို့ ငန်းမလေးဟာ ခပ်မြန်မြန်ပဲ အသိုက်ကလေးရသွားပါသတဲ့- ရသွားတော့ ဥသည်ပေါ့ကွယ်- ဇီးကွက်ကြီးကတော့ ဘယ်တော့မှ အပြင်မထွက်တဲ့ နေ့ခင်းမှာတောင် အညောင်းဆန့်သလိုလို အတောင်ဖြန့်တာ လေ့ကျင့်သလိုလို နဲ့ အသိုက်နားမှာ ရစ်သီ ရစ်သီ လုပ်ပြီး ရင်တွေဘာတွေ ခုန်လို့ပေါ့- ဟော ဥပါပြီတဲ့- ခြောက်လုံးတောင် ဥသတဲ့ကွယ်- ငန်းမလေး စိတ်ကြီးတယ်- ဇီးကွက်ကြီးကတော့ ဥတွေကြည့်ပြီး ရင်ခုန်နေတာပေါ့- မသိရင် သူကိုယ်တိုင်ပဲ ဥထားတာလိုလို နဲ့ပေါ့- အင်း.. အကောင်ပေါက်ဘို့ ငန်းမလေးဟာလည်း ခါတိုင်းလို မဆော့နိုင်ပဲနဲ့ သည်းကြီးမဲကြီး ၀ပ်သတဲ့- ဇီးကွက်ကြီးကတော့ ရန်များကို ကိုယ်ရှင်းမယ် ဆိုတဲ့ တေးသွားအလိုက် နဲ့ လေတချွှန်ချွှန် ရင်အုပ်ကြီးကားပြီး ဟိုလျှောက်ဒီလျှောက် (အဲ ဟိုပျံဒီပျံ) စောင့်ရှောက် နေခဲ့တာ နာရီမိနစ် စက္ကန့်မလစ်ပေါ့လေ-
အော်- ၀ပ်တော့လည်း ပေါက်သည်ပေါ့- လက်သယ်တောင် ခေါ်စရာမလိုပဲ ရှောရှောလျှူလျှူ ပေါက်သွားတာ ငန်းသေးသေးလေးတွေ ခြောက်ကောင် တောင်မှတဲ့- အဲ. အဲ့မှာ ဇီးကွက်ကြီးက နည်းနည်းလေသွားတယ်- ဘာဖြစ်လို့ ငန်းတွေချည်းပဲ ပေါက်ရတာလည်းပေါ့- မသကာ ဇီးကွက်တကောင် လောက် ပါရင်တောင် မဆိုးဘူးပေါ့- အဲ.. မှန်မှန်ကန်ကန်ကွာ ဇီးငန်း လိုမျိုး အကောင်အသစ်လေး တွေကောဘာလို့ မပါသလဲပေါ့လေ- ငန်းမလေးကတော့ လည်ပင်းရှည်ရှည်ကြီးရမ်းလို့ အတောင်ပံတွေကို ခပ်နိမ့်နိမ့် မြင့်တင်ပြီး ဒါတော့ ကျမလည်း မပြောတတ်ဆိုတဲ့ ပုံစံမျိုးပေါ့ကွယ်- အင်း.. ဇီးကွက်ကြီးကလည်း ထားပါကွယ် အမှန်တော့ သူ့သွေးသားတွေပဲ သူအရမ်းချစ်ပါတယ် ဆိုပြီး ဘဲငန်းမလေးရဲ့ နဖူးကို ခပ်ဖွဖွနမ်းရင်ပြောသတဲ့- (အဲ.. သူတို့နှစ်ကောင်ထဲ နားလည်တဲ့ အပြာရောင် ဘာသာစကားတခုရှိတယ် ဆိုတာ မောင်ညီမလေးတို့ကို ပြောခဲ့ဘို့ မေ့နေတယ်)
အဲ့လိုနဲ့- ဘယ်နားရောက်သွားပြီလဲ- အော်သိပြီ- ငန်းသေးသေးလေးတွေ တောင် ငှက်နို့သောက်ပြီး တဖြည်းဖြည်း ငှက်လား မြောက်လာခဲ့တယ်- (ဦးဦးကို ပြန်မငြင်းနဲ့ ဟိုးအရင်တုန်းက ငန်းတွေက နို့တိုက်သတ္တ၀ါပေါ့ကွယ်- အခုမှ သွေးအေးတဲ့ သွေးနွေးသတ္တ၀ါဖြစ်သွားတာ ဘာလြို့ဖစ်သလဲ သိချင်ရင် ဆက်နားထောင်) အတောင်ပံတွေ စုံတော့လည်း အပြင်ထွက်လာနိုင်တာပေါလေ့- အဲ့ဒီ ရက် ရောက်တော့ ငန်းမေမေကြီးက ငန်းသားသား ငန်းမီးမီးလေးတွေခေါ်ပြီး ဒီနေ့ ရေထဲဆင်းကြမယ်ဟေ့ ပေါ့- ဇီးကွက်ကြီးကလည်း အူကြောင်ကြောင်နဲ့ လိုက်သွားတာ ရေထဲရောက်မှ ဖလူးဖလူးနဲ့ ပြန်တက်လာခဲ့ရသတဲ့- သူမှရေမကူးတတ်တာ- ငန်းမလေးက တချက်တော့ လှမ်းကြည့်သတဲ့- ဒါပေမဲ့ ငန်းသေးသေးလေးတွေကို သင်ပေးဘို့တာဝန် ရှိသေးတယ်မလား- ဆက်ပဲ ကူးခတ်နေခဲ့တယ် ငါးတွေကို ဖမ်းနည်း သင်ပေးတယ်- သူကိုယ်တိုင်ဖမ်းပြတယ် အဆာကြွေးတယ် ပါးစပ်ထဲထိ ခွန့်ကြွေးတယ်ပေါ့- ဇီးကွက်ကြီးကတော့ ကန်ဘောင်ပေါ်ကနေ တွေတွေကြီး စိုက်ကြည့်နေခဲ့တာ အရုပ်ကြီးလားတောင် ထင်ရသတဲ့- ညာဘက်မျက်လုံးကတောင် မျက်ရေတွေကျလို့ ငန်းမလေးက ဘာဖြစ်နေလဲ အော်မေးတော့ နေ့ခင်းဘက်ဆိုတော့ မျက်စိစူးလို့ မျက်ရေထွက်တာပါကွာ လို့ပဲပြန်ပြော နေခဲ့တာပေါ့- နည်းနည်းရိပ်မိတဲ့ ငန်းမလေးက ငါးတကောင်ရတော့ ကုန်းပေါ်ကို ပြစ်တင်ပေးလိုက်တယ်တဲ့- ချစ်တယ်ပေါ့လေ အထာက- ဒါပေမဲ့ ဇီးကွက်ကြီးက ချစ်ခြင်းမေတ္တာတွေပါတဲ့ ငါးကိုတောင် မစားတတ်တော့ တွေတွေကြီးစိုက်ကြည့်နေခဲ့တာ ဟော တောင်ကြားထဲကိုတောင် နေလုံးကြီး ပြုတ်ကျ သွားပြီကော-
အဲ့လိုနဲ့ နောက်မကြာခင်ရက်မှာပဲ ငန်းမေမေကြီးက ဒီနေ့ လေဟုန်စီးခြင်း အတတ်ပညာကို သင်ပေးမယ်လို့ ပြောသတဲ့- ငန်းသေးသေး လေးတွေကလည်း… ဟေး… လို့ ၀ိုင်းအော်ကြတာပေါ့- ဇီးကွက်ကြီးက ဒီတချီတော့ ငါပါပြီဆိုပြီး အားကိုးရတဲ့ ဖခင်တယောက် ပုံစံမျိုးနဲ့ ခန့်ခန့်ထည်ထည်ကြီးပေါ့လေ- မာနကြီးနေလိုက်တာများ ပိတ်မရတဲ့ မျက်လုံးတွေကို အတင်းဆွဲပိတ်လို့တဲ့- အတောင်ပံတွေတောင် တဖြတ်ဖြတ်ခတ်ပြနေသေးတယ်- အဲ့အချိန်မှာ ငန်းမလေးကလည်း အတောင်ပံဖြန့်မိတော့ ဇီးကွက်ကြီး ရိပ်ကနဲ သတိထားမိလိုက်တာက အတောင်ပံတွေဟာ သူ့ထက်ကြီးမား ကျယ်ပြန့်တယ်ဆိုတာပဲ- ခဏကြာတော့ ငန်းမလေးဟာ အပေါ်ကို ပျံတက်သွားတာများ အတောင်ပံတချက်ထဲပဲ ခတ်ပြီး ညိမ့်ခနဲပေါ့- ငန်းသေးသေးလေးတွေကလည်း နောက်ကလိုက် သွားကြသတဲ့- အဲ ဇီးကွက်ကြီးကတော့ စထွက်တာတောင် အတောင်ပံလေးခါလောက် ခတ်ပြီးမှနောက်က လိုက်သွားရသတဲ့- တဖြည်းဖြည်း မြေကြီးနဲ့ဝေးသထက်ဝေးအောင် ပျံကြတော့ လေဟုန်စီးလို့ရတဲ့ နေရာရောက်ကြတာပေါ့- ကဲ အဲ့ဒီအချိန် အတောင်ပံကြီးကြီးနဲ့ ငန်းတွေက လေ အရသာခံနေကြသလောက် ဇီးကွက်ကြီးက သူ့အတောင်ပံ သေးသေးလေးတွေကို တဖြတ်တဖြတ်ခတ်နေရတာ ပြုတ်ထွက်တော့မလားလို့တောင် သူ့ကိုယ်သူ ထင်နေခဲ့တယ်- တဖြည်းဖြည်းနဲ့ ဘယ်လိုမှမရတော့တဲ့ အခြေနေရောက်တော့ ဇီးကွက်ကြီး ဟာ အားမတန်လို့ မာန်လျော့ သူတို့ပဲ ပျံသန်းကြပါစေတော့ ဆိုပြီး နောက်ပြန်လှဲ့ခဲ့ရသတဲ့-
အင်း.. အိမ်ပြန်ရောက်တော့ အဲ အပင်ပေါ်ပြန်ရောက်တော့ ဇီးကွက်ကြီးက စဉ်းစားသတဲ့ ငါဟာ တတောလုံးက ပညာရှိလို့ သတ်မှတ်ထားကြတဲ့ ဇီးကွက်ပဲ ဒါလေးတောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘူးလား ဆိုပြီး တွေးရင်း အော် ငါလိုနေတာ အလေ့အကျင့်ကိုး ဟုတ်တယ် ငါလေ့ကျင့်ဘို့လိုတယ် ငါကြိုးစားရင်ရမှာပါ ငါလည်းမစဉ်းမစား ထုံထိုင်းနေတဲ့ကောင်မှ မဟုတ်ပဲဆိုပြီး လေဟုန်စီးဘို့ရယ် ရေကူးသင်ဘို့ရယ် ဆုံးဖြတ်လိုက်တယ်တဲ့- စိတ်ဓါတ်တွေက ပြန်ပြီး ကြွတက်လို့ပေါ့ကွယ်- အဲ့လိုနဲ့ ညရောက်တော့ ငန်းမလေးကို ပြောလိုက်သတဲ့ မနက်ဖြန်ကစပြီး သူ့ကိုရေကူး သင်ပေးပါဆိုတဲ့ အကြောင်းပေါ့- ငန်းမလေးကတော့ ဘာပြောမှာလည်း အင်းအင်း ပေါ့လေ-
မနက်ခင်းရောက်တော့ ရေကန်ထဲကို မိသားတစုလုံး ပျော်ပျော်ပါးပါး ထွက်ခါလာကြတာ ဇီးကွက်ကြီးကတော့ ရင် တဒိတ်ဒိတ်ခုန်နေတာ သိမှာဆိုးလို့ အတောင်ပံတွေကြားမှာ နှလုံးသားကို ၀ှက်ပြီးလိုက်လာခဲ့ရတာပေါ့- ကဲ ရောက်ပြီ. ရေကန်ထဲ. ငန်းသေးသေးလေးတွေက ဘေးကနေ ဖေဖေကြီး ဖေဖေကြီး အဲ ပါပါး.. အာ ဘယ်လိုခေါ်သလဲ ဦးဦးလည်း မသိတော့ဘူးကွယ်- ၀ိုင်းအားပေးနေကြတယ် လို့ပဲ မြင်ယောင်ကြည့်ပေါ့- ငန်းမလေးက အရင်ဆုံးရေထဲ ဆင်းပြီး ဒီလိုလုပ် ဟိုလိုလုပ်ပေါ့လေ ပြသတဲ့- ဇီးကွက်ကြီးက ရေထဲကို ခြေတလှမ်းအရင် ချလိုက်တယ် အောင်မလေးလို့ အော်မိတော့ မလို့ပဲတဲ့- ကြက်သီးတွေက လဲထလို့ တော်သေးတယ် အမွှေးတွေပါလို့ တခြားလူတွေ အဲ တခြားအကောင်တွေ မမြင်တာတဲ့- ဒါပေမဲ့ပေါ့လေ ယောက်ကျားမာန (အဲ.. အထီးမာနလား) ကို အစွမ်းကုန် မြင့်တင် အချစ်ရဲ့အားမာန်တွေနဲ့ မျက်စိမှိတ်ပြီး ရေကန်ထဲဆင်းလိုက်တော့တယ်- ဒါတောင် ရုပ်ပျက်ဆင်းပျက် အတောင်ပံတွေကို ခတ်မိသေးတယ်- ငန်းမလေးက အဆင်ပြေလား လို့မေးတော့- အင်း.. တဲ့- ရေထဲနည်းနည်း မြုပ်သွားတယ်- ငန်းမလေးက အဆင်ပြေလား လို့ ထပ်မေးတယ် အင်းလို့ပြန်ပြောတယ်- တဖြေးဖြေးသူ မလုပ်နိုင်ဘူးဆိုတာ ဇီးကွက်ကြီးက သိလာတယ် ဒါပေမဲ့ ငန်းမလေးရဲ့ မျက်လုံးတွေကို ကြည့်တယ် ငန်းသေးသေး လေးတွေရဲ့ အသံတွေကို နားထောင်တယ် ရေထဲကိုတော့ တ၀က်ကျော်ကျော်မြုပ်နေပြီ- ပေါ်အောင်လုပ်လို့ မရသေးဘူး- အဆင်ပြေလား လို့ ထပ်မေးတယ် အင်းလို့ပြန်ပြောတယ်-နောက်ဆုံးအင်းလို့ ထပ်ပြောတဲ့ အချိန်မှာ ရေသံတွေ ရေနဲ့လေပေါင်းထားတဲ့ အသံတွေ ထွက်လာတယ်- ရေအောက်ရောက်သွားတယ် အဆင်ပြေလား လို့ ထပ်မေးတယ်- ပလုံ ပလုံဆိုတဲ့ အသံထွက်လာတယ်- ငန်းမလေးက အင်းလို့ပြန်ဖြေတယ် လို့ထင်နေတယ်- ဇီးကွက်ကြီးကတော့ ဟိုးရေအောက် ထဲထိရောက်တော့. အော် အမြင့်မပျံနိုင်ပေမဲ့ သူတို့မရောက်နိုင်တဲ့ ရေအောက်ခြေထိ ငါရောက်နိုင်ခဲ့တယ် ဆိုတဲ့အတွေးရယ် ငန်းမလေးရဲ့မျက်လုံးတွေရယ် ငန်းသေးသေးလေးတွေရဲ့ အော်သံတွေရယ် အကုန်ရောထွေးပြီး မြင်လိုက်ကြားလိုက်. မမြင်တချက်မြင်တချက် နဲ့ လေပူဖောင်းလေးတွေကပဲ ပါးစပ်ထဲက ပလုံစီပြီး တက်လာကြသတဲ့- ပုံပြင်လေးကတော့ ဒါပါပဲကွယ်- ဇီးကွက်ကြီးလား. ဇီးကွက်ကြီးက သေသွားတာပေါ့ကွယ်- ဟင့်အင်း.. ငန်းမလေးကြည့်ရတာ သိပ်သတိရတဲ့ပုံမပေါ်ဘူး မေ့မေ့ပျောက်ပျောက်ပဲ-
ဦးဦး Tesla
Caroline Leaf ရဲ့ The Owl Who Married a Goose ဆိုတဲ့ Short Film Animation ကိုမှီငြမ်းရေးထားခြင်း ဖြစ်ပါသည်- အဲ့ဒီလင့်မှာ ဗွီဒီယိုလေးလည်း ပါပါတယ်- ကျနော်အင်မတန် ကြိုက်ပါတယ်- အဲ ကျနော်ရေးထားသလိုတော့ ပေါကြောင်ကြောင် မဟုတ်ပါဘူး- မကြည့်ဘူးသေးရင် သွားကြည့်လိုက် ကြိုက်မှာပါ-
Sunday, June 10, 2007
PROCEZz
အဖြစ်အပျက် (၁)
အဖြစ်အပျက် (၂)
တောအုပ်ကြီးထဲမှ လှိုင်းထနေသော တောင်တန်းများသည် ပြာလဲ့လဲ့ ကောင်းကင်ကြီးနှင့် လှပနေသည်- လေနုအေးလေးများသည် တငြိမ့်ငြိမ့်တိုက်ခတ်လျက်- သစ်ပင်များသည် တပင်နှင့်တပင် ရိုက်ခတ်ဆော့ကစား နေကြသည့်အလား ယိမ်းယိမ်းနွဲ့နွဲ့- ထိုလှပသော ပတ်ဝန်းကျင်ကို ထပ်မံအရောင်ချယ်ထားသည်မှာ ကြည်စိမ်းနေသော ရေကန်ကြီး တစ်ခုဖြစ်သည်- ထိုရေကန်ကြီးဘေးနားတွင် သမင်တကောင်သည် ပြေးလွှားဆော့ကစားလိုက် နားလိုက် အစာစားလိုက်နှင့် အပူပင်ကင်းနေသည်မှာ ကျားတကောင် ချုံဖုတ်ထဲမှ ချောင်းနေသည်ကို သတိမမူမိအောင်ပင်- သမင်တကောင်သည် ကျားတကောင်နှင့်ယှဉ်ပြိုင်နိုင်သော ခွန်အား မည့်သည့်အခါကမှ မရှိခဲ့ပါ- တခဏအတွင်းမှာပင် စိမ်းလဲ့လဲ့ပတ်ဝန်းကျင်တွင် အနီရောင် သွေးများဖြင့် အကျည်းတန်သွားသည်- ကျားများ ၀ံပုလွေများ သည် တကောင်နှင့်တကောင် မာန်ဖီရင်း အသားတစ်များကို မြိန်ရေယှက်ရေ စားနေတော့သည်-
ခြံဝင်းတခုမှ ဆူညံစွာ အော်ဟစ်ညည်းညူသံကို ကြားရသည်-
သူသည် ငယ်ငယ်ကတည်းက ဒီခြံထဲတွင် ကြီးပြင်းလာခဲ့ရသည်- သူတို့ကျွှေးသော အဆာများကို စားသုံးသည်- ပျင်းလာလျှင် အိပ်သည်- အစာထစားသည်- ဒီလိုပဲ ကြီးပျင်းလာခဲ့ရသည်- သူသည် ၀က်တကောင်ဖြစ်ပါသည်- ငြိမ်းငြိမ်းချမ်းချမ်း ကြီးပြင်းခဲ့ရသော ၀က်တကောင်သာဖြစ်ပါသည်- ယခုမူ လာခေါ်နေကြပြီ- ထိုသူတို့ ဘာလို့လာခေါ်သလဲ ဆိုသည့်အကြောင်း တစွန်းတစရိပ်မိပါသည်- ထိုသူတို့နှင့် ခွန်အားခြင်းယှဉ်ပြိုင်ရန် အစွမ်းအစ သူ့မှာမရှိခဲ့ပါ- ဒုတ်ကြီးကြီး တခု သူ၏နှာခေါင်းဝ သို့ အရှိန်နှင့် ပြေးလာသည်ကို သာနောက်ဆုံး မြင်လိုက်ရသည်- ပတ်ဝန်းကျင်တွင် သွေးများဖြင့် ရဲရဲနီနေတော့သည်- ည.. လူတို့သည် ညစာစားပွဲ တစ်ခုကို ခမ်းခမ်းနားနားကျင်းပနေသည်- ထိုနေ့ကအသတ်ခံရသော ၀က်၏ သွေးရဲရဲ အသားတစ်များကို ပိုးစိုးပက်စက် မစားကြပါ- မီးကင်၍ ယဉ်ကျေးစွာ စားကြပါသည်-
အဖြစ်အပျက် (၃)
မေခ.. အလွန်လှပါသည်- သူမသည် နီစွေးသော နုတ်ခမ်းများ.. စိမ်းဖန့်ဖန့်ရှိသော သွေးကြောကလေးများ- ကော့ညွတ်သွယ်သော မျက်တောင်များ. ကြည်လင်၍ ပြာလဲ့လဲ့ရှိ သော မျက်ဝန်းများ ပိတုန်းရောင်ထနေသော ဆံနွယ် ထူထူအုပ်အုပ်ရှည်ရှည်များ အချိုးအဆ ပြေပြစ်လွန်းသော ခန္ဓာကိုယ်တည်ဆောက်ပုံ ၀င်းပသော အသားအရေများ ပိုင်ဆိုင်ထားသောကြောင့် မြင်ရသူအပေါ် မှင်တက်သွားစေနိုင်သည် အထိ လှရက်သည်-
ယခုလည်းခန့်ခန့်ညားညားပင် စင်အထက်တွင်လဲလျောင်းနေသေးသည်- ပတ်ဝန်းကျင်တွင် လူအများသည် ၀မ်းနည်းမှု ကိုအသက်သွင်းကာ ငြိမ်သက်စွာ ရပ်နေကြသည်- သေဆုံးသွားပြီဖြစ်သော မေခအတွက် သံစဉ်တခုကို ရွတ်ပေးနေကြသည်- ကွင်းပြင်ကျယ်ကြီး၏ စင်ပေါ်မှာကား မေခသည် လှပစွာ လဲလျောင်းနေပြီ- ပန်းပေါင်းစုံတို့ဖြင့် ပြည့်နက်နေသော ထိုစင်မြင့်တ၀ိုက်တွင်ကား မွှေးပျံကြိုင်ကာနေသည်- မေခသည် အလှပကို အနိုင်ယူသွားတော့မည် ဆိုကာ နာခြင်းနှင့်အိုခြင်း မရောက်ခင်မှာပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်- သို့သော် မြို့စားကြီးသည် မိုက်မဲလှသော သူမအတွက် စီရင်ချက် တခုချလိုက်မှာ အလှအပကို နောက်ဆုံးထိ သယ်ယူသွား နိုင်ရန် အလှပဆုံးစင်မြင့် အမွှေးပျံ့ဆုံးသော ပန်းရနံ့များ ဖြင့် မေခအား မီးမရှို့ပဲ ထိုစင်ထဲမှာပင် ထားခဲ့ရန်ဟု ဖြစ်သည်-ပျားတကောင်သည် ပန်းရနံ့ကြောင့် မေခ၏ ရင်ဘတ်ထက်မှာပင် အနားယူနေသေးသည်-
တစ်ရက်- လှပဆဲ-
နှစ်ရက်- ၀င်းပသော အသားအရေမှာ ညိုငန်းငန်းဖြစ်လာပြီ-
သုံးရက်- ပန်းတို့သည် အမွှေးနံ့ကို ထိမ်းထားစေရန် မတတ်နိုင်၍ လက်လျှော့လိုက်ပြီ- ပျား ပုတုန်းတို့က ထိုနေရာမှ ဝေးရာသို့-
လေးရက်- ပွရောင်းရောင်း ဖြစ်လာသည်မှာ မေခမှ ဟုတ်ပါလေစ-
ငါးရက်- အနိထာရုံ မြင်ကွင်းတခု ဖြစ်လာသည်-
ခြောက်ရက်- လဒတကောင်၏ မျော်လင့်ချက် ပါသောအသံတခုကြားနေရသည်-
ခုနှစ်ရက်- ပုတ်အဲ့သော အနံ့များသည် ပတ်ဝန်းကျင်လေထုတခုလုံးကို နေရာယူထားသည်- အရည်တစက်စက် ကျနေသော မေခ၏ ခန္ဓာကိုယ် ထဲသို့ ရေတစက် ထပ်ကျသွားသည်- လဒတကောင်၏ သရေတစဖြစ်သည်-
အဖြစ်အပျက် (၄)
ကျွှန်းတခုပေါ်၌ လူလေးဦးပိတ်မိလျက်ရှိသည်- မည်သည့်အချိန်ကတည်းက မည်သည့်အတွက်ကြောင့် မည်ကဲ့သို့ရောက်လာကြမှန်း မည်သူမျှ မသိကြ- ထိုကျွှန်းပေါ်တွင်က သားရဲတိရိစ္ဆာန်များ ကျက်စားသည်- ကြီးနိုင်ငယ်ညင်းဝါဒ ထွန်းကားသည်- တယောက်သည်က ပျော်ပျော်နေ၏- သားရဲ တကောင်ကောင် နှင့်တွေ့လျှင် ရင်ဆိုင်၏- ယှဉ်ပြိုင်အနိုင်ယူ၏- သူ့ခန္ဓာကိုယ်ဝယ် ကုတ်ဖဲ့ခံဒါဏ်ရာများနှင့် ပြည့်နှက်နေတတ်၏-
တနေ့နေ့ တွင် သူ့အားအနိုင်ယူသွားမည့် သားရဲတကောင်ကောင်နှင့်တွေရမည်ကို မူ မေ့ပြစ်ထားခဲ့သည်- တယောက်မှာကား ပိတ်မိနေပြီဟု သိသည်- ထိုအသိကြောင့် ဘာမှမလုပ်ပဲ အကြီးအကျယ် စိတ်မချမ်းမြေ့လျက် ရှိကာ တမှိုင်မှိုင်နှင့် သေဆုံးသွားသည်- ကျန်နှစ်ယောက်မှာကား ခပ်ရေးရေးမြင်ရသော ကျွှန်းတခုဆီသို့ သာလှမ်းမျှော်ကြည့်နေတတ်သည်- ထိုကျွှန်းပေါ်ရောက်လျှင် လွတ်မြောက်မှုတခုခု တွေ့နိုင်သည်ဟူသော ရည်မှန်းချက်ရှိသည်- ထိုနှစ်ယောက်ထဲမှ တယောက်သည်က သက်လုံကောင်းအောင် ကြိုးစားလျက် တနေ့သောအခါ ရဲဝံ့စွာ ရေကူး၍ ထွက်သွားတော့သည်- အရင်ကတည်းက ရေကူးကျွှမ်းကျင်အောင် လေ့ကျင့်ထားသူဖြစ်ရမည်- ကျန်တယောက်မှာကား ရေမကူးတတ်သောကြောင့် ပျော်ပျော်နေသောသူ တယောက်နှင့်ပင် အတူတူ သားရဲတိရိစ္ဆာန် တို့၏ရန်ကိုခုခံရင်း နေ၏- အချိန်ရလျှင်မူ ပင်ပင်ပန်းပန်းနှင့် သတိထား သွားရသော တောအုပ်ထဲသို့ဝင်ကာ ၀ါးများစု ဆောင်းလျက်ရှိသည်- ဖောင်တခုဖွဲ့နိုင်ရန်ဖြစ်သည်- ထိုအချိန်မှာပင် ထိုကျွှန်းပေါ်သို့ အမည်မသိ လူတစု ထပ်ရောက်လာပြန်သည်- လူများလာတော့ ပျော်ကြသည်- သားရဲတိရိစ္ဆာန်များသည်လည်း တနေ့ထက်တနေ့ တိုးပွားလျက်ရှိသည်-
အဖြစ်အပျက် (၅)
အအေးဓါတ်သည် ရုပ်ဝတ္တု များကို ခေတ္တမျှရပ်ထားစေနိုင်ရန် အစွမ်းထက်၏- အပူဓါတ်သည် ယဉ်ကျေးမှုဝတ်ရုံ ကို လှပစေရန်အထောက်အပံ့ပေး၏- သို့သော် အချိန်သည် အားလုံးကို ၀ါးမျို၏- အချိန်ကို ပြန်လှည်ဝါးမျိုးနိုင်ရန် စွမ်းအားတခုရှိပါလိမ့်မည်- လွယ်လွယ်နှင့်မရနိုင်ပါ- ထိုပတ်ဝန်းကျင်တွင်ကား ငှက်ဆိုးများ၏ ဆွဲဆွဲငင်ငင် အူသံကို ကြားနိုင်သည်- လဒငှက်များ၏ သရေစ တို့သည် မိုးအဖြစ်ရွာချလျက် ရှိသည်-
Carly don't be sad
Life is crazy
Life is mad
Don't be afraid
Carly Don't be sad
That's your destiny
The only chance
Take it, take it in your hands.
Tesla
Remarks: ; Snapshots are from the movie of " The Legend Of Zu "
Sunday, June 03, 2007
D I A R Y ?
ထို့ကြောင့်ဤအရာကို… (ဘယ်လိုခေါ်လည်းမသိတော့ပါ)
လောလောဆယ် ဖြစ်စေချင်တာပြောကြေးဆို..
ပလူတိုဂြိုလ်ကို ဂြိုလ်ကြီးကိုးလုံးထဲ ပြန်ထည့်စေချင်တယ်…
အလွမ်းခြွှေချလို့ ပန်းကြွေကျသတဲ့..
ချစ်ခြင်းမေတ္တာဟာ ပိရိစွာ ဖုံးအုပ်ထားတဲ့ ကလကာနောက်မှာ
မောဟိုက်စွာကတယ်…
ဘယ်တော့မှတည်ခင်းဧည့်ခံမှာ မဟုတ်တဲ့ မျက်ရည်တချို့ဟာ..
ရေခဲသေတ္တာထဲမှာ ၀မ်းနည်းစွာ အကျဉ်းချခံရတယ်…
သံစဉ်မပါတဲ့ အသံတွေကြောင့် ထကြွလို့..
တခါတခါများဆို နှလုံးသားက နွမ်းနွမ်းခခနဲ့ ထပြီးတောင်ကတယ်…
ဦးနှောက်အနားယူတဲ့အချိန်ဆို..
နှလုံးသားက ရွှင်ပြတယ်…
မြေမြုပ်ခံထားရတဲ့ အတောင်ပံတွေကလည်း
ရှင်ပြန်ထမြောက်ချင်နေသေးတယ်…
သြော်.. ခရေပင်ကြီးအောက် ခရေပန်းအကျစောင့်ရင်း
ဝုန်းဝုန်းဒိုင်းဒိုင်း ပြုတ်ကျလာတာ ငါပါလား..
အဲ့လိုနဲ့..
ခရေကပဲ ငါ့ကိုပြန်ကောက် သွားတော့တယ်…
မင်းလွတ်လပ်စွာ ပျံသန်းနိုင်ဘို့ဆို
ဟောဒီမှာ အတောင်ပံတစုံ ယူသုံးပါ..
ငါ့နှလုံးသားကို တစစီဖြုတ်ပြီး ယက်လုပ်ထားတယ်..
ကဲ.. ငါဟာဝလုံးမရေးတတ်လို့ ငှေးမှိုင်ကျန်ခဲ့တဲ့ ရွှေခဲကြက်တူရွေးပေါ့
ညီလေးခင်ရေ.. လှည့်ကြည့်မနေနဲ့.. စာကြည့်ပျက်တယ်…..
Tesla
Saturday, June 02, 2007
C!O!N!F!U!S!I!O!N!
ရောထွေးခြင်း.
ကျွှန်တော့်ဘ၀တွင် အဓိက အခန်းကဏ္ဍမှ နေရာယူပတ်သက်မှု တခုသည် ရောထွေးခြင်းေ၀၀ါးခြင်း ရှုပ်ထွေးခြင်း နှင့် လမ်းကြောင်းများဖြာမှုအား ရွေးရခက်ခြင်း ဖြစ်သော ၎င်း Confusion ပင်ဖြစ်ပါသည်-
လူတို့၏သဘာဝမှာ သိခြင်သည် စူးစမ်းခြင်သည် ထို့ကြောင့် မသိမှုတခုခု နှင့်ကြုံရလျှင် လေ့လာသည် စဉ်းစားသည် မှတ်သားသင့်သည်ကို မှတ်သားသည်- ရိုးစင်းသော ကိစ္စများ အတွက်မူ ရိုးရိုးစင်းစင်း စဉ်းစားယုံ နှင့်ပင် အဖြေထွက်နိုင်ပါသည်- ထို့အပြင် သိပ်မစဉ်းစားသော အခြေနေတွင် ရောက်နေသော လူတယောက်သည် ထိုရောထွေးခြင်းများထဲမှ ကင်းလွတ်ခွင့်ရသည်- အသိပညာ မစုံ၍၎င်း မစဉ်းစားချင်၍၎င်း မှီငြမ်းစဉ်းစားရန် အချက်လက် များများမရှိ၍၎င်း သိပ်စဉ်းစားရန်မလိုသော ကိစ္စတခုဖြစ်နေ၍၎င်း ဖြစ်နိုင်ပါသည်- ပုံမှန်အားဖြင့်မူ နေ့တဓူဝကိစ္စများသည်လည်း ထိုအတွင်းထဲမှာပင် ပါနိုင်ပါသည်-
သို့သော် ဦးနှောက်ထဲတွင် မှီငြမ်းရန် အချက်အလက်အများအပြား ရှိလာသော အခါ လူတယောက်သည် ကိစ္စတခုကို မြင်ရာ၌ တွက်ချက်မှုမှာ ပိုမိုများပြားလာသည်- တွက်ချက်မှုများလာသောအခါ ရှုထောင့်များလည်း ပိုမိုများပြားလာသည့်အတွက် အဖြေသည် တခုထက်ပိုလာကာ ပြတ်သားစွာ ရွေးချယ်နိုင်မှုသည်ေ၀၀ါးလာသည်- အဘယ့်ကြောင့်ဆိုသော် တခုနှင့် တခုကွာခြားချက်သိပ်မရှိပဲ ထွက်လာသော ရလာဒ်များကို တွေ့နိုင်သောကြောင့် ဖြစ်သည်- သို့မဟုတ် မည်သည့်အဖြေကို ရွေးချယ်သင့်သည်ကို မဆုံးဖြတ်နိုင်သောကြောင့် ဖြစ်သည်- တနည်းအားဖြင့်မူ တွက်ချက်နိုင်မှုကို သိသော်လည်း ဆုံးဖြတ်နိုင်မှုကိုမူ မသိခြင်းလည်းဖြစ်နိုင်ပါသည်- ထိုနေရာမှစ၍ Confusion သည် စတင်ပါသည်-
ထိုကိစ္စသည် မည်သည့်အရွယ်မှ စတင်ကာ ကျွှန်တော့်ထံတွင် ရောက်နေလျက်ရှိသည်ကို သေချာမသိသော်လည်း မှတ်တမ်းမှတ်ရာ အရမူ ကျွှန်တော့်၏ ပထမဆုံး ဒိုင်ယာရီတွင် မေမေရေးပေးခဲ့သည့် အထက်ပါစာမှ စတင်သည်ဟု ပြောနိုင်သည်- ဖြစ်လာမည့် နောက်ဆုံးအဖြေကို ကြိုတင်တွက်ဆ ပါဆိုသည့်အခါ လက်ရှိအဖြေလား အနာဂတ်အဖြေလား သံသရာအတွက် အဖြေလားဟု ကျနော် ဖြေရှင်းရန်ဆိုပြီး ချရေးထားမိသည်- နောင် တနှစ်ကြာသောအခါ ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ် ဆိုသည်နှင့် နှိုင်းယှဉ်ကာ ဖြေရှင်းရမည် ကျွှန်တော် အဖြေတွေ့သွားပြီဟု ချရေးထားလိုက်သည်- အဖြေမှန်မဟုတ်သေးပေ-
နောက်ပိုင်းတွင်မူ စဉ်းစားနိုင်လေလေ ဘက်ပေါင်းစုံမှ ရှုထောင့်မျိုးစုံနှင့် ကြုံရလေလေဖြစ်ပြီး ဆိုးဆိုးရွားရွားပင် ရောထွေးခြင်း သည် ကျွှန်တော့်ထံတွင် တွယ်ကပ်နေတော့သည်- တခါတရံတွင်မူ ၎င်း၏ကောင်းကျိုးများကိုလည်း ခံစားရပါသည်- အဖြေများစွာ၏ အကျိုးကို တွက်ဆနိုင်သောကြောင့် မည်ကဲ့သို့ အဖြေရလာ စေကာမူ အကောင်းဆုံးရှုထောင့် တခုကို လိုရာဆွဲတွေး ခွင့်ရသည်- ကိုယ့်အတွက်ကောင်းမည့် ကျန်မည့် ရှုထောင့်ကို ပြောင်းပြစ်ခွင့်ရသည်-ထို့ကြောင့် တော်ယုံတန်ယုံ လောကဓံကို မူ ခံနိုင်ရေ ရှိလာသည်- လူတွေအပေါ် ပိုမိုနားလည်နိုင်စွမ်းရှိလာသည်- ဥပမာမြင်အောင်ပြောရလျှင် လွမ်းစရာကို နာစရာနှင့် စဉ်းစားဆိုသလိုမျိုး ဖြစ်သည်- နိမ့်နေလို့စိတ်ပျက်နေရင် ကိုယ့်ထက်ပို နိမ့်သူကို ကြည့်ဆိုသလိုပင်- ထိုအခါ မကောင်းသည်မှာ ဘာပဲဖြစ်ဖြစ်ကွာ ဖြစ်ချင်ရာဖြစ်ပါစေ ဆိုသည့် အကျိုးသက်ရောက်မှု လည်း ၀င်လာသည်- ထိုအခြေနေသည် ကြိုးစားအားထုတ်မှုကို လျှော့သွားနိုင်သည်- မဖြစ်ဖြစ်အောင် ဒီကိစ္စကိုလုပ်ရမည် ဆိုသောစိတ်ဓါတ်ကို လျှော့စေသည်- မဟုတ်သည်များကို ကိုယ့်ဟာကို ဟုတ်သည်သတ်မှတ်ကာ ဟုတ်သည်ဟုတွေးသော အတွေးမှားများလည်း တခါတရံ ၀င်လာနိုင်သည်-
လူ့ဘ၀တွင် မစဉ်းစားပဲ နေထိုင်ခြင်းသည် ဘာကိုမျှ ဆင်ခြင်နိုင်မည်မဟုတ်ပဲ လွန်စွာအကျိုးယုတ် နိုင်ပါသည်- စဉ်းစားခြင်းကြောင့် ပိုမိုကောင်းမွန်သော ရလာဒ်များ တွေ့လာနိုင်သော်လည်း မလိုအပ်ပဲ စဉ်းစားပါက နောက်ကျခြင်း ဆုံးဖြတ်ချက် မပြတ်သားခြင်း နှင့် ခွန်အားဆုတ်ယုတ်ခြင်း ကဲ့သို့သော ဆိုးကျိုးများလည်း များပြားစွာ ရနိုင်ပါသည်- အဓိကမှာ ချိန်ခွင်ကဲ့သို့ Balance လုပ်နိုင်ခြင်းဖြင့် ကိစ္စတခုခြင်းစီကို လိုက်၍ မည်သို့ကိုင်တွယ် သည့်သည်ကို သိလျှင်မူ အကောင်းဆုံး ရလာဒ်ကို ရနိုင်ပါသည်- မြတ်ဗုဒ္ဓ ဟောကြားခဲ့သော အလယ်အလတ် လမ်းစဉ်သည် လူသားတို့အတွက် အကောင်းဆုံးနှင့် အသင့်လျှော်ဆုံး နည်းလမ်းဖြစ်ပေသည်- ထိုစဉ်းစားနိုင်မှုကို အသုံးချကာ မည်သည့်ကိစ္စ ဖြစ်ပါစေ ကုသိုလ်ဖြစ်အောင် စဉ်းစားခြင်း နေခြင်း ဖြင့် လက်ရှိအတွက် အနာဂတ်အတွက် သံသရာအတွက်ေ၀၀ါးခြင်းမဟုတ်သော ရောထွေးခြင်းမရှိသော အကျိုးရလာဒ် ကောင်းများကိုရနိုင်ပါသည်-
Tesla
Online -------> hits