Tuesday, July 10, 2007

Unity is Strength, But..

စည်းလုံးခြင်းသည်ခွန်အား.. သို့သော်..


တယောက်အားနှင့် ယူသော်မရ တသောင်းအားနှင့် ယူသော်ရ၏.
နွားကွဲလျှင် ကျားဆွဲသည်.
ဝိုင်းတွန်းလျှင် လေးလံလှသော ကျောက်ဆောင်ကြီးပင်ရွေ့နိုင်ပါသည်.
သဲပွင့်တမှုန်ခြင်းပေါင်းရာမှ သောင်ပြင်ကြီး ဖြစ်လာရသည်.

မိုးရေမြစ်ချောင်းအင်းအိုင်တို့ ပေါင်းစပ်ခဲ့ကြ၍သာ ပင်လယ်သမုဒ္ဒရာဟူ၍ ဖြစ်လာရသည်.

စကားပုံများဖြစ်ပါသည်. စကားလုံးလှ၍တမင်သက်သက် ဖွဲ့နွဲ့ခဲ့သော စကားများမဟုတ်ပါ. တကယ်ပင် စည်းလုံးခြင်းသည် အင်အားတရပ်ကို ဖြစ်ပေါ်လာနိုင်စေကြောင်း ယှဉ်ထိုး နှိုင်းဆခံဝံ့သည့် စကားများ ဖြစ်ပါသည်. သို့သော် အခြေအနေကိုလိုက်၍ အသုံးချတတ်ရန်တော့ လိုသည်. အသုံးချသူ၏ ဦးတည်ချက်ကို လိုက်၍သာ ရလာဒ်များ ပြောင်းလဲနိုင်ပါသည်.

ပုံမှန်အားဖြင့်မူ လူတို့သည် လွတ်လပ်စွာပင် နေထိုင်လိုသော ဗီဇစိတ်တခုရှိသည့်အတွက် စည်းလုံးမှုများ၌ အင်တိုက်အားတိုက် ပါဝင်သင့်သလောက် မပါခဲ့ကြ. သို့သော် ပတ်ဝန်းကျင်နှင့် နေထိုင်ရသော လူသားတယောက် အနေဖြင့် တတ်စွမ်းသ၍တော့ ပါဝင်ပတ်သက်သင့်သည် ထင်သောကြောင့် ထိုကိစ္စမျိုးသည် အရှေ့တဲ့တဲ့တွင် ကြုံခဲ့သောအခါတွင်မူ ရှောင်လွဲထွက်ပြေးရန်အတွက် အင်အား မရှိသင့်ခဲ့ပါ. စည်းလုံးခြင်းဖြင့် အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်သောကြောင့် သို့မဟုတ် သောင်ပြင်ဖြစ်နိုင်စေရန် ကူညီခွင့်ရသော သဲတစ်ပွင့်အဖြစ် ပါသင့်သည်ထင်သောကြောင့် လိုအပ်လျှင်အသင့်ရှိနေရန် အတွက်ကြောင့် ပါဝင်ပတ်သက်ရန် လိုပါသည်.

စည်းလုံးခြင်းသည် အင်အားဖြစ်သည် သို့သော်ဟု ကျနော်ခေါင်းစဉ်တတ်ထားခဲ့သည်. ထို သို့သော် ဆိုသည့်အကြောင်းကို အနည်းငယ် တွေးကြည့်စေချင်ပါသည်. စည်းလုံးခြင်းဆိုသည်မှာ အနည်းဆုံး တယောက်ထက် ပိုသောဟု အဓိပ္ပါယ်ရပါသည်. ဥပမာ ကျနော်သည် ကျနော်၏ တဦးတည်းသော သူငယ်ချင်း တယောက်နှင့် အင်မတန်စည်းလုံးသည်. တယောက်ဒုက္ခရောက်နေလျှင် တယောက်ကူညီဖို့ အတွက် စည်းလုံးသည်. သေချာပေါက် တယောက်ထက်ပိုမည်ဖြစ်သော စွမ်းအားတခုရစေရန် စည်းလုံးသည်. ထိုစွမ်းအားကို အသုံးချ၍ တယောက်တွေ့ကြုံရသော ပြဿနာ တစ်ခုအား နှစ်ယောက်စလုံးမှ ပူးပေါင်းဖြေရှင်းနိုင်စေရန်အတွက် စည်းလုံးသည်. နှစ်ယောက်လုံးအတွက်အကျိုးရှိစေနိုင်သော စည်းလုံးမှု ဖြစ်ပါသည်. တတိယတယောက်ကို ပူးပေါင်းတိုက်ခိုက်ရန်ဟူသော ရည်ရွယ်ချက်ဆိုပါက ထို တတိယတစ်ယောက်သည် အားလုံးသောလူအားလုံးကို ဒုက္ခပေးနေသူဆိုလျှင် အပြစ်မဆိုသာ. ထိုသို့မဟုတ်ပဲ အမြင်ကတ်၍ အနိုင်လိုခြင်၍ အကျောမခံလို၍ တမင်သက်သက်စည်းလုံးသည် ဆိုပါက ကောင်းသော ရည်ရွယ်ချက်မဟုတ်သည်ကိုမူ သတိချပ်သင့်ပါသည်. နွားများသည် နွားအားလုံးကို ဒုက္ခပေးနေသော ကျားအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက်သာ စည်းလုံးသင့်သည်. တခြားနွားများကို တိုက်ခိုက်ရန် အတွက်ဆိုသော ရည်ရွယ်ချက်မျိုးဖြင့် မစည်းလုံးသင့်ဟုထင်ပါသည်.

ကျနော်တို့သည် မိသားစုအတွင်း အချင်းချင်းစည်းလုံးသည်. အိမ်နီးနားချင်း အချင်းချင်းစည်းလုံးသည်- သူငယ်ချင်းမိတ်ဆွေအချင်းချင်း စည်းလုံးသည်. ရပ်ကွက်အနေဖြင့် စည်းလုံးသည်. မြို့တစ်ခုအနေဖြင့် စည်းလုံးသည်. တိုင်းတခုအဖြစ် စည်းလုံးသည်- မျိုးနွယ်စုတခုအဖြစ် စည်းလုံးသည်- နိုင်ငံတစ်ခုအဖြစ်စည်းလုံးသည်. တိုက်ကြီးများအနေဖြင့် စည်းလုံးသည်. အရှေ့နှင့်အနောက် ဆိုပြီးစည်းလုံးသည်. ကမ္ဘာသူကမ္ဘာသားဟူ၍ စည်းလုံးသည်. ထိုမြင်သာသော စည်းလုံးမှုမျိုးအနက် နောက်ဆုံးဖြစ်သော ကမ္ဘာသူကမ္ဘာသားအဖြစ်စည်းလုံးခြင်းသည် အဆင့်အမြင့်ဆုံးဟု သတ်မှတ်ကြသည်. ထင်ရှားသည်မှာ စည်းလုံးမှုနယ်ပယ် ကျယ်ပျံ့လေလေ အမြင့်ဆုံးစည်းလုံးမှုဟု ထင်စရာကောင်းလေလေ ဖြစ်သည်. ရှင်းပါသည် လူများစွာ ပါဝင်လာသောကြောင့်ဖြစ်သည်- ဤကိစ္စမှာ ဓမ္မတာပင် ဖြစ်ပါသည်. သို့သော်မည်ကဲ့သို့ ကြီးမားသော စည်းလုံးမှုဖြစ်ပါစေ ကိုနှင့်တိုက်ရိုက်ပတ်သက်၍ သို့ အကြောင်းမဲ့ မကျေနပ်၍ အားလုံးအကျိုးကို မကြည့်ပဲ အမြင်ကတ်၍ အကြောမခံချင်၍ ဆိုသောဦးတည်ချက်မျိုး နောက်ထပ်. တတိယ အစုအဖွဲ့ကို တိုက်ခိုက်ရန်ဟူသော ရည်ရွယ်ချက်မျိုးဆိုပါက အားလုံးချုံကြည့်လျှင် အင်မတန် ညံ့ဖျင်းသော စည်းလုံးမှုတခုသာ ဖြစ်လာနိုင်စရာ အကြောင်းရှိပါသည်. စစ်မှန်သော စည်းလုံးမှုဆိုသည်မှာ အားလုံး စည်းလုံး ခြင်းဖြင့် ခွန်အားအသစ်ထွက်လာစေရန်နှင့် ထိုခွန်အားကို အားလုံး အကျိုးခံစား ရစေနိုင်ရန်ဆိုသော ရည်ရွယ်ချက် ဖြစ်သည်. ထိုသို့ပင် ဖြစ်ပေါ်လာနိုင်အောင် စတင်လုပ်ဆောင် ပေးနေသူများသာမက ပဲ ၀ိုင်းဝန်း လုပ်ဆောင်ကြရန် တော့ အားလုံးအပေါ်တွင် တာဝန်ရှိပါသည်. မှန်ကန်သောရည်ရွယ်ချက်ဖြင့် စည်းလုံးခြင်း ကြောင့် စစ်မှန်သောအကျိုးရလာဒ်များကို အတူတကွ ခံစားရနိုင်ပါသည်. ခွန်အားတရပ်သည် စည်းလုံးခြင်း ကြောင့် သေသေချာချာပင် ကြီးထွား ဖွံဖြိုးလာမည်မှာကား မလွဲပါ.

Tesla

 
Online -------> hits