လူ့ဘ၀ဆိုတာ အမှန်တကယ်တော့ ပန်းပေါင်းစုံနဲ့ ဖူးပွင့်ဝေဆာနေတဲ့ ဥယာဉ်ကြီးတခုပါလား ဟု စိတ်ထဲတွင်ထင်မှတ်ထားပါက အမှန်တကယ်ပင် ပန်းတို့၏ မွှေးပျံ့သောရနံ့များရယ် စိမ်းလန်းလှပတဲ့ ပတ်ဝန်းကျင်ရယ် လေနုအေးကလေးတွေရယ်နဲ့ ထိတွေ့ရနိုင်ပါသည်။ တစ်ခါတစ်ရံတော့လည်း နှင်းဆီလို ပန်းမျိုးတို့၏အောက်က ဆူးခက်တွေတွေ့တဲ့အချိန်တွေ တိမ်ခဏဖုံးသွားလို့ ဥယာဉ်ထဲယောင်ဝါးဝါး လျှောက်ရတဲ့အချိန်တွေ အလင်းရောင်တစ်ချို့ အနားယူတဲ့ မှောင်မိုက်တဲ့အချိန်တွေ ဥယာဉ်ထဲမှ မရနိုင်သော လိုချင်တပ်မက်မှုတွေကြောင့် စိတ်ပင်ပန်းရတဲ့ အချိန်တွေ စတဲ့အခြေအနေတို့နဲ့လည်း တွေ့ရမယ်ဆိုတာကတော့ မလွှဲပါဘူး။ သို့သော် ဥယာဉ်ထဲဖြတ်လျှောက်တဲ့ အချိန်မှာ နေသာချိန်တွေကိုတော့ သတိမထားမိပဲ မှောင်မိုက်တဲ့အချိန်တွေကိုပဲ ဂရုတစိုက်ရှိနေမည်ဆိုပါက ဒီဥယာဉ်ကြီးထဲလျှောက်ရတာ ဘာများပျော်စရာရှိဦးမှာလည်း။ ဘာမှပျော်စရာမရှိတဲ့ ဥယာဉ်လို့ ထင်မိတဲ့အချိန်မှာ ပန်းတွေဟာ ဘယ်လိုကြည့်ကြည့် မလှပတော့ပါဘူး လတ်ဆတ်တဲ့ လေနုအေးအေး လေးတွေလည်း မတိုက်ခတ်နိုင်တော့ပါဘူး တေးသံချိုချိုတွေလည်း မကြားရတော့ပါဘူး ဥယာဉ်ထဲလျှောက်ရတဲ့ တန်ဘိုးကလည်း အဓိပ္ပါယ်ကင်းမဲ့သွားပါပြီ။ ထိုအခါ အကျိုးရလာဒ်ကောင်းများလည်း ရတော့မှာမဟုတ်ပါဘူး။ အကျိုးရလာဒ်များ မရှိတဲ့အတွက်ကြောင့် လွတ်မြောက်မှု တွေကိုမရနိုင်တော့တာလည်း သေချာပါတယ်။ လွတ်မြောက်လိုမှု ရုံးထွက်လိုမှု ပန်းတိုင်များသို့ ဆက်လျှောက်လှမ်းနိုင်မှု ဆိုသည်များမှာ ပျော်ရွှင်ဖွယ်ဘ၀ ကြည်လင်သော စိတ်ဓါတ်များ နဲ့ ရှေ့ဆက်မှသာ အောင်မြင်နိုင် ရောက်ရှိနိုင် မှာဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ဘ၀ ဆိုသည်မှာ လျှောက်လှမ်းတတ်ဘို့ တခုတော့ လိုအပ်တယ်ဆိုတာ သိထားရမည် ဖြစ်ပါတယ်..။
လူဆိုသည်မှာ ကိစ္စတိုင်းအား တုံးတိုက်တိုက် ကျားကိုက်ကိုက် ကျင့်ကြံ၍ မရသလို ဘုရားသခင်ကို ထိုင်အားကျနေယုံနဲ့လည်း အလုပ်မဖြစ်ပါဘူး။ လူ့လောကနဲ့ လိုက်လျောညီထွေစွာ မနေတတ်ခဲ့ရင်တောင် လူသားတစ်ယောက်ရဲ့ အလုပ်နိုင်ဆုံးသော စွမ်းအင်ကို အပြည့်အ၀ ဖော်ထုတ်အသုံးချရမှာ ဖြစ်ပါတယ်။ မမြဲခြင်းတရားကို မလိုအပ်ပဲ ထည့်သွင်း စဉ်းစားနေလို့လည်း အကျိုးယုတ်နိုင်ပါသေးတယ်။ မမြဲခြင်းတရားသည် ဆင်ခြင်နိုင်ရန်ဖြစ်သည် နေရာတကာလိုက်၍ ကျင့်ကြံနေမည်ဆိုပါက အစွန်းရောက်ခြင်း ဖြစ်ပေါ်လာပြီး အကျိုးပိုယုတ်ဖို့သာရှိပါတယ်။ H.W Longfellow ရဲ့ ကဗျာတပုဒ်ထဲမှာ..
“Life is real, Life is earnest,
And the grave is not its goal”
လို့ရေးထားခဲ့တယ်။ ဒီစာကြောင်းက ဘာလိုအဓိပ္ပါယ်ဆိုတာ တွေးကြည့်ပါက ဘ၀ဆိုတာ အိပ်မက်မဟုတ်ဘူး။ လက်တွေ့အကောင်အထည်ဖော်နေရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ တခါတရံမှာ အစွန်းရောက်စွာ ဘ၀ဆိုတာ စိတ်ဖိဆီးဘို့သက်သက် လူဖြစ်လာရခြင်းပဲ သေခြင်းတရားမှာ နောက်ဆုံးတော့လည်း အဆုံးသတ်ရမှာပဲ မဟုတ်လား စတဲ့ အတွေးတွေ ၀င်လာနိုင်ပါတယ်။
ဒီလိုအတွေးတွေ နှိပ်စက်နေတဲ့အခါ လူတယောက်ရဲ့ စွမ်းအင်တွေ အားထုတ်ဖြေရှင်းရမဲ့ ဥာဏ်တွေ မထွက်လာနိုင်တော့သလို မျှော်လင့်ချက်လည်း မရှိတော့ပါဘူး။ အရေးကြီးဆုံးမှာ အဲ့ကိစ္စဖြစ်ပါတယ် စွမ်းအင်မရှိတော့ရင် ဘယ်လို ကိစ္စမျိုးကှို စွမ်းဆောင်နိုင်တော့မှာလည်း။ လူဆိုသည်မှာ စိတ်၏ပါဝါကို တဖြည်းဖြည်းခြင်း မြင့်သထက်မြင့်အောင် ဖြည့်ဆည်းရတာဖြစ်ပါတယ်။ အဆင့်ကျော် ပြီး မလိုက်နိုင်ပဲ တွေးတောမှုတွေက စိတ်ဖိဆီးမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပါသေးတယ်။ တရားတခုဟာ တိကျတဲ့ လမ်းကြောင်းအတိုင်း မလိုက်ပဲ Virtual Path အတိုင်းရွေ့မိမည် ဆိုပါက တနေရာရာမှာ အစကို ပြန်ရောက်ဦးမှာပါပဲ။ ထိုသို့ အခါခါပြန်ပတ်နေသောကြောင့် နောက်ဆုံးမှာ စိတ်ဖိဆီးမှု သာထွက်လာမှာ ဖြစ်ပါတယ်။ မမြဲခြင်းတရားကို အမြဲနှလုံးသွင်းသင့်သော်လည်း အကျိုးယုတ်နိုင်သော အခြေနေထိ မပါသင့်ပါဘူး။ နောက်တဆင့် စိတ်တကယ်မလိုက်နိုင်ပဲ (ရရှိထားသော စိတ်ပါဝါ မမြင့်ပဲ) နဲ့လည်း အရာရာကို နှလုံးမသွင်းသင့်သေးပါဘူး။
ပုံမှန်အားဖြင့်မူ သာယာမှုဆိုသည်မှာ လူသားအားလုံး ပိုင်ဆိုင်ချင်သော ကိစ္စဖြစ်ပါတယ်။ သာယာသောဘ၀ တစ်ခုရရန် ဆိုသည်မှာ ခပ်မြန်မြန်နဲ့ ခပ်လွယ်လွယ် သတ်မှတ်လို့ရနိုင်မဲ့ တိကျတဲ့ ဥပဒေသ မရှိပါဘူး။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်သောသူအတွက် အစာအဟာရသည် ကျန်တယောက်အတွက် အဆိပ်အတောက် ဖြစ်စေနိုင်သည်ဟု ပရောဖတ်ကြီးတွေ ပြောခဲ့သလိုပါပဲ။ တစ်ယောက်ခြင်းစီမှာပဲ မူတည်နေမှာ ဖြစ်ပါတယ်။
သာယာမှုမှာလည်း အစစ်အမှန်နဲ့ အတုအယောင်ဆိုပြီး ရှိပါတယ်။ ကျွှန်တော်တို့ ရှာဖွေရမဲ့ သာယာမှုကတော့ အစစ်အမှန်သာယာမှုဖြစ်ပါတယ်။ အတုအယောင်သာယာမှု များကတော့ တဒင်္ဂရုန်းထွက်နိုင်စေနိုင်သော စွမ်းအားရှိပါတယ်။ သို့သော် အချိန်တခုပြီးသွားရင် စိတ်ဖိဆီးမှုများ ပြန်လည် ရောက်ရှိလာမှာဖြစ်ပြီး ထပ်ရောက်လာတဲ့ အခါရင်ဆိုင်နိုင်တဲ့စွမ်းအားက အရင်ကထက်ပိုမို လျော့ကြသွားမှာ ဖြစ်ပါတယ်။ အစစ်အမှန်သာယာမှုများကတော့ လောကဓံကို ပိုပိုပြီးရင်ဆိုင်နိုင်တဲ့ စိတ်စွမ်းအင်ကို ပေးပါလိမ့်မယ်။ တဖြည်းဖြည်း ခြင်း ရင့်သန်ထက်မြက်လာအောင် ဖြည့်ဆီးပေးသလိုမျိုးဖြစ်ပါတယ်။ ထိုအချိန်ကြမှာသာ ပျော်ရွှင်ဖွယ်ဘ၀ တစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
ပျော်ရွှင်ဖွယ်ဘ၀ ဆိုတဲ့အဆင့်ကို ရောက်လာတဲ့အချိန်မှာလည်း ပျော်ရွှင်မှုအစစ် နဲ့ ပိုမိုအကျိုးသက်ရောက်မှုရှိသော ပျော်ရွှင်မှုဆိုပြီး ရှိနိုင်ပါတယ်။ ပျော်ရွှင်မှုအစစ်တွေက ဘာတွေလည်း? ချမ်းသာခြင်းလား ကျန်းမာခြင်းလား လှပခြင်းလား အာဏာလား ပညာလား အဆင့်တန်းမြင့်ခြင်းလား…
အထီးကျန်ခြင်း ခံစားနေရတဲ့ ချမ်းသာသောလူတယောက်ဟာ မပျော်ရွှင်နိုင်ပါဘူး. ကျန်းမာနေပါလျက် ဆင်းရဲမွဲတေနေလျှင်လည်း မပျော်နိုင်ပါဘူး Alexander The Great လည်း ကမ္ဘာကြီးကို ပိုင်ဆိုင်တာတောင် ထပ်ပြီးနယ်ချဲ့ချင်နေသေးတဲ့ အလိုမပြည့်မှုစိတ်တွေကြောင့် မပျော်ပါဘူး. လှပခြင်းပိုင်ဆိုင်တဲ့လူဟာလည်း အချိန်ရဲ့တိုက်ခိုက်မှုကို သေချာပေါက်ခံရမှာ ဖြစ်လို့မပျော်ရွှင်ပါဘူးပျော်ရွှင်မှုအစစ်ကတော့ဖြင့် လူတယောက်ခြင်းစီရဲ့ စိတ်ထဲမှာပဲ တည်ရှိနေပါလိမ့်မယ်။ စိတ်ဟာ ဗုဒ္ဓဟောကြားခဲ့သလိုပါပဲ ငရဲကော ကောင်းကင်ဘုံကော စိတ်ထဲမှာ ရှိနေပါတယ်။ သည်းညည်းခံတတ်တဲ့ စိတ် ချိုးချံနိုင်တဲ့စိတ် ကြည်လင်တဲ့စိတ်တွေ ရှိနေလျှင် ပျော်ရွှင်မှုတွေနဲ့ တွေ့ရမယ် ဆိုတာ မလွှဲပါဘူး။ အားလုံးအတွက် မှန်ကန်နိုင်သော စစ်မှန်သည့်ပျော်ရွှင်မှုဆိုသည်မှာ မှန်ကန်သော အတွေးအခေါ်များအား ပိုင်ဆိုင်ထားသည့် ကိုယ့်ကိုယ်ကို ထိမ်းချုပ်နိုင်သည့် လူတယောက်ထံတွင် တွေ့နိုင်ပါသည်။
ပန်းဥယာဉ်လေးတခုကတော့ သေသေချာချာပင် လှလှပပ တည်ရှိနေပါသည်။ လျှောက်လှမ်းတတ်တဲ့ လူကတော့ ဥယာဉ်ထဲက ပန်းတွေ လိပ်ပြာတွေနဲ့အတူ လှပစွာ ခရီးဆက်နိုင်ပါလိမ့်မယ်။ မလျှောက်တတ်လို့သော်၎င်း ပန်းတို့အောက်က ဆူးဒါဏ်ကို မခံနိုင်၍၎င်း တိမ်ခဏဖုန်း သည်ကို သည်းညည်းမခံတတ်၍၎င်း ဥယာဉ်ထဲမှ ကိုယ့်အတွက်မရနိုင်သော လိုချင်တပ်မက်မှုများဖြင့် အလိုမပြည့်၍၎င်း စိတ်ဆင်းရဲနေမည်ဆိုပါက သာယာမှုမရှိတော့၍ ပျော်ရွှင်ဖွယ်ဘ၀ တစ်ခုကို ပိုင်ဆိုင်ခွင့်ရမည် မဟုတ်ပါ။ လျှောက်တတ် ကြည့်တတ် နုလုံးသွင်းတတ်ခဲ့လျှင်မူ လိုရာခရီး ရှေ့ဆက်နိုင်မည် ဖြစ်သည့် ပန်းဥယာဉ်ကြီးထဲတွင် သင်ရောက်ရှိလျက် ရှိသည် ဆိုသည့်အချက်ကတော့ ဖြင့် လွန်စွာသေချာလျက်ရှိပေသည်…..။
စကားချပ်။ ။ ဒီပို့စ်လေးနဲ့ နည်းနည်းဆက်စပ်လို့ပါ. ကျွှန်တော်ရေးခဲ့ဘူးတဲ့ ဒီကဗျာ လေးအကြောင်း အကြမ်းမျင်း ရှင်းပြပေးချင်ပါတယ်။ ဘလော့စာအုပ်မှာပါဘို့ရွေးထား တဲ့ ကဗျာပါ အယ်ဒီတာမင်းများက ကြိုက်ကြတော့ ကြယ်တွေရသည်ပေါ့ ကြယ်တွေရတော့လည်း ပါသည်ပေါ့လေ. သို့သော် အယ်ဒီတာမင်းများ မှတ်ချက်ကလည်း ဒီလိုဗျ “ကောင်းတယ်ဗျာ” ဟဲ.. “အဆင့်တွေ ခွဲထားတာတော့ နားမလည်ဘူး” အမ်.. “တတိယ အဆင့်က အပိုကြီးထင်တယ် အဲ့အဆင့်သာ မပါရင် ကြယ်ငါးပွင့်ပေးတယ်” ဟိုက်.. “စကားလုံးတွေတော့ ကြိုက်ပါ့ ဖွဲ့စည်းပုံအသစ်ထင်တယ်” အင်း အဲ… ဆိုတော့က ကိုယ့်အရေအချင်းကိုယ် သိသွားပါတယ် ရှင်းပြမှ လုံးစေ့ပတ်စေ့ ခံစားလို့ရမယ် ဆိုတာ သဘောပေါက်သွားပါတယ်. (အဲ့လိုတော်တာ ရေးတာရေးရတယ် အပေါ်ကပို့စ်လည်း ရေးထားတဲ့ နေရာအချို့ က ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်ဆိုတာ နားလည်တယ် . တဖြည်းဖြည်းခြင်းတော့လည်း တင်ပြပုံကောင်းလာမှာပါ ဒီလိုပဲ လေ့ကျင့်ယူရတာမလား ဟဲ)
အဲ.. ဒီနေရာမှာ ကဗျာလေးကို ပြန်ရှင်းပြတော့ ခံစားမှု အကျိုးတစ်စုံတစ်ခု ထပ်ရတိုင်တဲ့အတွက်ပါ။ ဒီကဗျာက စိတ်ဖိဆီးမှုမှ လွတ်မြောက်ခြင်း လို့ နာမည်ပေးထားပါတယ်. ဒီလိုလွတ်မြောက်ဘို့အတွက် ရုန်းထွက်မှု အဆင့် တစ် နှစ် သုံး ဆိုပြီး ခွဲထားပါတယ်။
ပထမအဆင့်- ပုံမှန်ရုန်းထွက်ခြင်းပါပဲ။ လူတော်တော်များများရဲ့ နေ့တဓူဝ ရုန်းထွက်မှုမျိုးပါ လူငယ်ဆန်တာတွေပါတယ် တုံးတိုက်တိုက်ကျားကိုက်ကိုက် တွေပါတယ် တဇွတ်ထိုးတွေပါတယ် ဘီယာတွေပါတယ်. ခဏတာပဲ ရုန်းထွက်နိုင်တဲ့ စွမ်းအားရှိပါတယ်. ရုံးထွက်ရ လွယ်ကူတယ်။
ဒုတိယအဆင့်- ဆင်ခြင်မှု အစွန်းရောက်တယ် ပြောလို့ရပါတယ် လူကတကယ် ပါရမီ မရှိသေးပဲ တွေးတောမှုသာရှိလို့ပါ. အဲ့ဒီအတွက် မတည်မြဲခြင်း ဘ၀ဆိုတာ ဘာများဟုတ်လို့လည်း သေမှာပဲမလား ဆိုတဲ့ အချက်တွေနဲ့ ဒုက္ခပြန်ရောက်နိုင်ပါတယ် လူလိုက်နိုင်လျှင်တော့ အကျိုးမြတ်ရမဲ့ ရုန်းထွက်မှု မျိုးပါ. လွယ်တော့မလွယ်ပါ ပါရမီရှိပြီးသား ဖြစ်နေရပါမယ်။
တတိယအဆင့်- လုပ်ဆောင်ဘို့ လွယ်ကူသလို အင်မတန် လည်းခက်ခဲတဲ့ အဆင့်ပါ မေတ္တတရား ဖြစ်ပါတယ်. မေတ္တာထားနိုင်ဘို့ ဆိုသည်မှာ ရှုပ်ထွေးလှတဲ့ လူ့လောကကြီးမှာ ပြောရလွယ်သလောက် တကယ့် လက်တွေ့ကျကျ ကျင့်ကြံဘို့ မလွယ်ကူပါဘူး. အခြေခံလိုအပ်ချက် များစွာရှိပါတယ်. စိတ်ကြည်လင်ရပါမယ်. တကယ်ပင် မေတ္တာဖြင့် လောကကြီးကို ကြည့်နိုင်ပါက အတက်အကျမရှိပဲ ပေါ့ပါးလန်းဆန်းစွာ နဲ့ပင် စိတ်ဖိဆီးမှုမှု လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်.
ဆိုလိုသည်မှာ မေတ္တတရားသည်လည်း ပျော်ရွှင်ဖွယ်လူ့ဘ၀ကို လျှောက်လှမ်းနိုင်ရန် ဆိုတဲ့ ကကွက်ထဲမှာ မရှိမဖြစ် အရေးကြီးသော အခန်းမှ ပါဝင်လျက်ရှိနေသည် ဆိုတာကို ထပ်ပေါင်းထည့်ချင်တာပါ..
မေတ္တာဖြင့်
Tesla
|