ဘာကြောင့် ဘလော့ရေးပါသလဲတဲ့. မေးသင့်မေးထိုက်တဲ့ မေးခွန်းတခုဖြစ်ပါတယ်. ကျနော့်ကို ကိုဖြိုးက အဲ့အကြောင်း ရေးစေချင်ပါတယ်တဲ့ အဲ တက်တယ်ပေါ့ဗျာ ထို့ကြောင့် ကျနော်ဘာလို့ ဘလော့လည်းဆိုတာ ရေးလိုက်ပါတယ်.
ခံစားချက် အဆိုးတွေ အကောင်းတွေ မျှဝေခံစားခြင်လို့ ရေးပါတယ်။
စိတ်အပန်းဖြေမှုတခုအနေနဲ့ ရေးပါတယ်။
အနုပညာ သတင်းအချက်အလက်တွေနဲ့ လူနေမှုပတ်ဝန်းကျင်တွေကို ထိတွေ့ခွင့် ရတဲ့အတွက် ရေးပါတယ်။
ဖန်တီးနိုင်ခွင့် အခွင့်အရေး ရလို့ ရေးပါတယ်။
စာရေးရတာ ၀ါသနာပါလို့ ရေးပါတယ်။
စာရေးရတာကို ၀ါသနာပါတဲ့ဗီဇအရကြောင့် ဆိုတဲ့အချက်ကတော့ အဓိကနေရာက ပါဝင်ပါတယ်။ စာရေးတာဝါသနာပါတာနဲ့ ဘလော့ရေးရောလား ဆိုတာလည်း မဟုတ်သေးပါဘူး။ ကိုယ်ရေးထားတာကို အလျင်အမြန် ရီအက်ရှင် (Reaction) ရသောကြောင့်ရယ် (Interact) ဆိုသည့်အချက်ရယ် ပါဝင်ပတ်သက်ပါတယ်။ ကိုယ့်ဟာကိုရေးနေရတာပဲ ပျော်တယ် ခံစားရတာတွေလည်း Share မလုပ်ချင်ဘူး ဆိုရင်တော့ ဘလော့ရေးမှာမဟုတ်ပဲနဲ့ ဒိုင်ယာရီလိုမျိုးနဲ့ ကောင်းတဲ့စာမျိုး အာရုံလာတဲ့စာမျိုး စာရေးဆရာဖြစ်ချင်တာမျိုးဆို မဂ္ဂဇင်း တွေကိုပို့တာမျိုးပဲ လုပ်မိပါလိမ့်မယ်။ ဘလော့ခြင်းရဲ့ အရသာဟာ အဲ့ဒီနေရာမှာဖြစ်တယ်လို့ ထင်ပါတယ်။ လူတို့၏ သဘာဝအရ ခံစားမိသော အကြောင်းကိစ္စ များဟာ အချိန် ၀င်ရောက်ပါဝင်ပတ်သက်ခဲ့တာနဲ့ အမျှ ပေါ့သွားနိုင်သလို လေးသွားနိုင်ပါတယ်။ ပေါ့သွားခြင်းလေးသွားခြင်း ဟာ ဦးနှောက်က နေရာဝင်ယူမှု များပြားလာခြင်း အတွက်ဖြစ်ပါတယ်။ အဲ့ဒီအခါ ပိုမို ကောင်းမွန်သော စာများထွက်လာနိုင်သော်လည်း ဦးနှောက်၏ တည်းဖြတ်ခံထားရသော စာများဖြစ်သွားပါပြီ။ ပုံမှန်အရမူ ဘလော့ရေးခြင်းမှာ ထိုကဲ့သို့ စာမျိုး တွေ့နိုင်ရန်ရှားပါတယ်။ ကျနော်ကြိုက်နှစ်မိသည်မှာ ထိုအချက်ဖြစ်ပါတယ်။ ထိုအချက် ၏ ဆိုးကျိုးကား စိတ်ထဲရှိတဲ့အတိုင်းရေးခြင်း ဖြစ်တဲ့ အတွက်ကြောင့် တခါတရံ သူတပါးကို စော်ကားမိသလို မျိုးနဲ့လည်း ညိသွားနိုင်ပါတယ်။ သို့သော် ဘလော့အကြောင်း သေသေချာချာ နားလည်သူများ နှင့် လူတို့၏မူလဗီဇကို သဘောပေါက်ပြီးသူများအတွက် ကတော့ ပြန်လည် စမ်းစစ်မိနိုင် လက်ခံနိုင် ပါလိမ့်မယ်။ ထိုအချက်ကြောင့်ပင် စာရေးခြင်းအား ၀ါသနာ မပါသူများ ပင် လျှင် ဘလော့ရေးသည် ဆိုသည့် အချက် ဖြစ်ပေါ်လာသည် ထင်မိပါတယ်။ ထို့အပြင် ခံစားချက်များအား တယောက်နှင့်တယောက် ဝေမျှသည့်အတွက် မိမိခံစားနေရသည့် ဆိုးကျိုးများလျှော့သွားသလို ကောင်းတာကြတော့ ပိုမို ပီပြင်လာပါတယ်။ မျှဝေခံစားခြင်းရဲ့ အနှစ်သာရတခု ဖြစ်ပါတယ်။ ယူတတ်ခဲ့လျှင် အနုပညာ အပြင် စိတ်ထားပြည့်ဝသူ တို့၏အတွေးများ ကောင်းမွန်ပါးနပ် စွာ ဘ၀ကိုဖြတ်သန်းနေကြသူများ ၏ အလေ့အထများ ကိုလည်း လေ့လာ အားကျခွင့်ရနိုင်ပါတယ်။ ကိုယ်နဲ့ စိတ်တူကိုယ်တူ တွေများတဲ့အတွက် (လုပ်ငန်းပုံစံတွေပါတူတဲ့ လူတွေများပါတယ်) သတင်းအချက်အလက် နဲ့ နည်းပညာတွေဟာလည်း ကိုယ်နဲ့ ပိုမိုအံဝင်ဂွင်ကျ ရှိစွာ ရရှိနိုင်ပါတယ်။ နောက်ထပ်တစ်ချက်က စိတ်ထွက်ပေါက် အပန်းဖြေမှုဆိုတာ ဖြစ်ပါတယ်။ လူတွေဟာ နေ့တဒူဝ အလုပ်တွေ လုပ်နေကြရတဲ့ အတွက် လူတိုင်းလူတိုင်းမှာ ထွက်ပေါက်တခုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အဲ့ဒီထွက်ပေါက်ဆိုတဲ့ ကိစ္စဟာ မကောင်းမှုတွေ ဖြစ်ဘို့ ရာနှုန်း တော်တော် များပါတယ်။ ဥပမာ ဘီယာတို့ အရက်တို့ မူးယစ်ဆေးဝါးတို့ အထိပါပါတယ်။ ဘလော့ရေးခြင်းသည် စိတ်အပန်းဖြေမှုကို ဖြစ်ပေါ်စေသလို စိတ်ထွက်ပေါက်အဆင့်ထိ ရောက်အောင်တောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ (ဟိုက် ရေးနေတာ ဘယ်ရောက်သွားပါလိမ့်) ဟုတ်ပါတယ် အခုလိုမျိုးပါပဲ ဘလော့ရေးခြင်းဟာ အချိုးအစား မကျပဲ အဲ့ဒီလို ဟိုရောက်ဒီရောက် ရောက်သွား တတ်ပါသေးတယ်။ ဟိုရောက်ဒီရောက်နဲ့ ဆိုပေမဲ့ သေချာပြန်စမ်းစစ်လျှင် စာများဟိုရောက် ဒီရောက် ဖြစ်ခြင်းထက် စိတ်၏ သဘာဝအရ ဆက်စပ်ရောက်သွားခြင်းသာ လျှင် ဖြစ်ပါတယ်။ ထို့ကြောင့် ဘာလို့ ဘလော့ရေးရတာ နှစ်သက်ခဲ့ပါသလဲ ဆိုတဲ့ အချက်အတွက် အပေါ်က ဟိုရောက်ဒီရောက်များ အားလုံး အကြုံးဝင်ပါတယ်။ ကောင်းတာရှိသလို ဆိုးတာတွေလည်း ရှိပါတယ်။ ထိုအထဲက စိတ်အခန့်မသင့် သောအချိန် တွင်မှ ဆိုးကျိုးများကို ခံစားမိတဲ့အခါ ကျပြန်တော့ ဘလော့ရေးရတာကို စိတ်ကုန်ခဲ့မိပါသေးတယ်။
ဘာလို့ စိတ်ကုန်မိခဲ့ပါသလဲ?
လူဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် စဉ်းစားပုံခြင်း ခံယူချက်ခြင်း တူညီနိုင်ရန် အင်မတန် ခဲရင်းပါတယ်။ အပေါ်က ရေးထားခဲ့တဲ့ ဆိုးကျိုးတစ်ခုလိုပါပဲ ဘလော့ရေးခြင်း သည် ဦးနှောက်၏ တည်းဖြတ်ထားမှု အလွန်တရာမှ နည်းပါးလှသည့် အတွက် အခန့်မသင့် ဖြစ်ခြင်းများ သည် အလွန်တထောင် များပြားနိုင်ပါတယ်။ သို့သော် ရှင်းရှင်းနဲ့ စိတ်ထဲရှိတဲ့အတိုင်း ပဲ ဆိုသလို ပုံစံမျိုးဖြစ်ပါတယ်။ သတ်မှတ်ခံထားရသော အနုပညာရှုထောင့် အရ ကြီးကြီးကျယ်ကျယ် ပြောခွင့်ရလျှင်မူ ခံစားမိသည်ကို စိတ်ထဲရှိတဲ့ အတိုင်း စာရေးခြင်းဟာ ပို့စ်မော်ဒန်ဖြစ်ပါတယ်လို့ တံဆိပ်ကပ်ချင်မိပါတယ်။ (ဟုတ်ကဲ့ အသလွတ်ကြီးပါပဲ စိတ်ထဲရှိတဲ့အတိုင်း ကျနော့်အမြင်သက်သက်ပါ) အဲ့ဒီလို ကျနော့်အမြင်သက်သက်ပါလို့ ပြန်ဖာထေးရသလိုမျိုးပါပဲ။ လူတို့သည် အရှိအတိုင်း ပြန်လည်စမ်းစစ် လက်ခံနိုင်သော (သို့) အနိမ့်ဆုံး အဆင့်အရ ရိုးစင်းစွာ စဉ်းစားပေးသော ယဉ်ကျေးမှု အရမ်းကာရော မထွန်းကား သေးပါဘူး။ ထိုအခါ .. ထိုအခါ ဘာဖြစ်ရောလည်း… ဟုတ်ကဲ့ ပြဿနာ ဆိုသည့် အရာများ ကြီးထွားဖွံဖြိုး ဥာဏ်ရေ တိုးလာပါတော့တယ်။ သက်သေပြချက် ချပြပါဆိုရင်တော့ ပုဂ္ဂိုလ်ရေး ရေးသားမှုကို ဆန့်ကျင်တဲ့ လူ့ကျင့်ဝတ် ခဏလောက်ခွင့်လွတ်ပါတော့. ကျနော်တို့ မြန်မာ ဘလော့လောကမှာ ထားပါတော့ ခေတ်ဟောင်း ခေတ်သစ်ပေါ့ဗျာ ကျော်ကြားလူကြိုက်များခဲ့တဲ့ ကိုညီလင်းဆက်တို့ မမေဓါဝီတို့ ကိုကလိုစေးထူးတို့ မနိုင်းနိုင်းစနေတို့ ကိုမောင်လှတို့ ပြဿနာ ဖြေရှင်းရမှုတွေနဲ့ တယောက်မှ မကင်းခဲ့ကြပါဘူး အခုဆိုလည်း ကျော်ကြားစ ပြုလာတဲ့ ကိုရန်အောင်တို့ ကိုဖြိုးတို့ ကိုစိုးဇေယျတို့ မဂျစ်တူးတို့ လည်း အတုအစစ်တွေနဲ့ ရောရောနှောနှော လိမ့်ခံနေကြရလေရဲ့။ ပထမဘလော့ဂါ စစ်ပွဲဆို အဖြူရောင်တွေ အမည်းရောင်တွေ စီဗောက်တွေက ကျဉ်ဆံသံ တ၀ီဝီနဲ့ပေါ့ ဒုတိယစစ်ပွဲဆို လူ့ယာဉ်ကျေးမှုနဲ့ မာနတွေနဲ့ အငြိုးအတေးတွေနဲ့ တခြားတခြားသော စစ်ပွဲအသေးစားလေး တွေကလည်း ကျိုးကျား ကြိုးကြား နယ်ပယ်ခြားခြင်းတွေကော ရှိခဲ့ကြတယ်ပေါ့။ ထိုကိစ္စများ အားလုံးသည် လူတို့၏သဘာဝအရ ပဲဖြစ်ပါတယ်။ အပေါ်ကစာကို ပြန်ကောက်ပါတယ်။ ရိုးစင်းစွာ စဉ်းစားပေးသော ယဉ်ကျေးမှု အရမ်းကာရော မထွန်းကား သေးပါဘူး။ နားလည်ပေးမှုတွေပေါ့ဗျာ။ ကဲ နောက်ထပ် လက်တွေ့ သရုပ်ပြသရလျှင်မူ အခု ရေးနေတာ ကို ဖတ်နေရင်းနှင့် ပင် ကြီးကြီးကျယ်ကျယ်ကွာ မင်းကဘာကောင်လည်း လို့ အခုစာဖတ်သူ တွေးနေမိတယ် ဆိုတဲ့အချက် ကိုသက်သေပြခြင်ပါတယ်။ (လက်တွေ့ လက်တွေ့ .အဲ့လို လက်တွေ့ ပြချင်လို့ အပေါ်ကစာကို တမင်တကာရေးထားတာ ဗွေမယူကြပါနဲ့ဗျို့ :P) ကျနော်သည်လည်း စာဖတ်နေသူဆိုလျှင် တွေးကောင်း တွေးမိပါလိမ့်မယ် (တို့က တရားမျှတတယ်နော် :P)။ ထိုအခါ ဘလော့ရေးရတာ ကျနော်စိတ်ညစ်လာပါတော့တယ်။ အမှန်တော့ အဲ့ဒီအချိန်မှာ အပေါ်ကကျနော်ရေးထားသလို လူတွေရဲ့ ဗီဇကို နားလည်ပေးနိုင် တဲ့အချက် မှာ ကျနော် ပြန်ညိသင့်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားပုံတွေနဲ့ပဲ. အဲ့လိုစဉ်းစားမိပြန်တော့ ဘလော့ရေးရတာ စိတ်ကုန်ပါတယ် ဆိုတဲ့ အတွေးက အဝေးထွက်ပြေး သွားပြန်ပါတယ်. ဒီတော့ စိတ်ရှိလက်ရှိ စာရေးမိသည့် သကာလ နောက်ထပ် မေးခွန်း ထပ်ထွက်လာပါတော့တယ်။
ဘလော့ရေးခြင်းသည် ထားသင့်သည့် စိတ်ခံစားမှု ပုံမှန်ထက် ကျော်လွန်နေသော အလုပ်ထိခိုက်စေလောက်သည့် စိတ်စွဲလန်းမှုတခုလား?
ဒါ အရေးကြီးပါတယ်. ဘလော့ရေးခြင်းကို မထိမ်းချုပ်တတ်လျှင် ချက်တင်းကဲ့သို့သော အချိန်ကုန် လူပန်း ပြန်လည် ပျောက်ပျက်သွားမည့် ခဏတာ သာယာပျော်ရွှင်မှု ဆိုတဲ့ အဆင့်ကို/အခြေအနေကို ရောက်သွားနိုင်ပါတယ်။ တချို့ စာတွေရေးတာကတော့ သူများအတွက် အကျိုးရှိတယ်ပဲ ထားပါတော့ ကိုယ်ကတော့ အလုပ်ပျက် အကိုင်ပျက် နဲ့ စိတ်ထဲမှာ အမှိုက်ရှုပ်တာပဲ သက်သက် ကျန်ခဲ့တယ် ဆိုရင်လည်း ဘလော့ရေးရတာ မဟုတ်သေးပါဘူး။ စိတ်အပန်းဖြေရန် ဆိုတဲ့ အချက် ကြေပျက် သွားပါပြီ။ အားလုံးအတွက် အကျိုးရှိတာတွေ ကြီးပဲ ရေးပေးရလို့ ကိုယ်က ဖျော့တော့တော့ ကျန်ခဲ့တာမျိုးဆိုရင်တော့ တမျိုးစဉ်းစားလို့ရပါတယ်။ အဲ့တာက စာရေးဆရာစိတ်ဓါတ်ဖြစ်သွားပါပြီ။ ပင်ပန်းလှပါတယ်။ ကျနော်က စာရေးဆရာမဟုတ်တော့ သူများအကျိုးရှိမဲ့စာတွေ ချည်းရေးဖြစ်တယ်ဆို တာကတော့ မဖြစ်နိုင်သေး ပါဘူး။ အရေအချင်းမရှိသေးပါဘူး။ ဒီတော့ကား အပေါ်က အချက်မှာ ငြိတွယ် နေပြီလားဆိုတဲ့ ကိစ္စကို ခဏခဏ ပြန်လည် သုံးသပ်ရပါတော့တယ်။
ဘာပဲပြောပြောလေ အရှင်းဆုံးကတော့ ဘလော့ရေးခြင်းကို ကျနော်နှစ်သက်တဲ့ အတွက် ကျနော်ဘလော့ ရေးပါတယ်။ ဘလော့ရေးနေကြတဲ့ ဘလော့မိတ်ဆွေတွေရဲ့ စာတွေကို ဖတ်ရတာလည်း နှစ်သက်ပါတယ်။ လူတယောက်မှ မရှိပဲနဲ့ ကျနော်ဘလော့ရေးရတာ အဓိပ္ပါယ် ရှိမှာ မဟုတ်တဲ့အတွက် ကျနော့်စာတွေကို လာဖတ်နေတဲ့ လာဖတ်မိတဲ့ ဘလော့မိတ်ဆွေတွေကို ကျနော် အမြဲ ကျေးဇူးတင်နေတယ် ဆိုတာကတော့ မလွှဲပါဘူးခင်ဗျ။
ငါတို့ ဘလော့တယ်
တချို့တွေက ဖိုင်ဘာအော့ပတစ်ကို ဖင်ခုထိုင်လို့
တချို့ကတော့ စိတ်တွေကို ဆွဲဆန့်လို့
ဖြစ်နိုင်ပါတယ်
ထရိုဂျင်မြင်းရုပ်ကြီးစီးပြီးလည်း ဘလော့တယ်။
တခါတခါ.
ငါမှန်ပြီး မင်းမှားတာကိုပြောဘို့တွက်
အကိုးအကားစာအုပ်ရယ်
အကြောမခံချင်တာရယ်နဲ့
မိုးတလုံး
ပြီးတော့ လေတလုံးနဲ့လည်း
ဘလော့တယ်၊
ဘာပဲပြောပြောလေ.
ဒါဘ၀င်လေဟပ်တာ
မဟုတ်ဘူးဆိုတာတော့သိတယ်၊
တချက်တချက်တော့လည်း
ဟုတ်မိချင် ဟုတ်မိမယ်၊
ဒါပေမဲ့ ငါတို့
ရန်ဖြစ်ပြီးရင်လည်း ပြန်ချစ်တယ်၊
ဆဲဆိုတာရယ် ကလိမ်ကကျစ်ရယ်ကလွဲပြီး
စိတ်ထဲရှိတဲ့ စာမှန်သမျှ ဟာ ရိုးသားတယ်၊
ခပ်တည်တည်နဲ့
သီအိုရီတစ်ခု ပြောရရင်
ရိုးသားမှုဟာ အောက်တန်းမကျဘူး၊
ဒီတော့ ခပ်လွယ်လွယ် လော့ဂျစ်တခု
ထပ်ခင်းပြဦးမယ်
အောက်တန်းမကျတဲ့စာတွေမို့လို့
အထက်တန်းကျတယ်.
ယုံချင်ယုံမယုံချင်နေလေ
စာရေးဆရာ မဟုတ်တော့လည်း
ငါတို့ ရင်ဘတ်နဲ့ပဲ တွေးပြီး ဘလော့တယ်...။
ကိုဖြိုးဆီမှာ ရေးခဲ့တဲ့ ကဗျာပါ။ ဒီကဗျာအတွက်ကော အပေါ်က တချို့ အချက်အလက် တွေအတွက်ကော အဆိုးမြင်တယ် ထင်ရင် ဗွေမယူကြပါနဲ့ ခင်ဗျ တောင်းပန်ပါတယ်။ လူတွေရဲ့ ဖြစ်တတ်တဲ့ ဗီဇစိတ်ဓါတ်ကို ရေးထားခြင်း ဖြစ်ပါတယ်။ လူဆိုတော့က အဲ့ထဲမှာ ကျနော်လည်းပါ ပါတယ်။
ဖြူစင်သန့်ရှင်းတဲ့ မြန်မာဘလော့လောက တခုကို အားလုံး ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
|