Monday, September 01, 2008

The 6 Senses

ကထ္တီပါဖြူ အခါတရာ ထပ်ခင်းထားသော
ဇမ္ပူဒီပါ လက်ယာတောင်ကျွှန်း အမြင့်ဆီက.
တိမ်လွာခုနှစ်ဆင့် နှင်းပွင့်စီနန်းဆောင်ရဲ့
ပုလဲသီပလ္လင်မြင့်ထက်
တကွဲစီ ကြယ်စင်တွေ လွင့်ထွက်သွားခဲ့အောင်
ပွင့်အာသီ လှရက်အားတဲ့
ထိပ်ထားပါတဲ့ကွယ်..။

လသံစဉ်ခုနှစ်ပါးနဲ့
မဉ္ဖူသကမြချပ်ရံကို ရွှေတံချူ လက်တော်စွဲလို့
ဆွတ်မြဲယူမြဲ ရံဖန်ခါ ကစားတော်မူနေတုန်း
ထိပ်ထားရဲ့..
ခိုးခိုးခစ် ရီသံ အဆုံးမှာတော့
ငါ့အကြောအချင်အသည်းအမြစ် အကုန်လုံးလည်း
ဝါးရုန်းသုန်းကား ဖြစ်ပေါ့..။

ထိပ်ထားရယ်က….
မဉ္ဖူသက နတ်ပန်းကို ငြီးငွေ့တော်မူ.
ခရေဖြူဖြူ အကျကိုမှ
ချော့မြူကာ ဆော့ယူ ကစားချင်တယ် ဆိုလို့.
အော်..
နေထိမရ လစန္ဒာ ၀င်းဝင်းပအသားရယ်မို့..
ရံခြွေတော် တစ်ရာအပေါင်းတို့က ထီးမိုးကာ ပို့..။

ရွှေရွက်ထီးခြင်း အစပ်မှာ နဘေထပ်မညီပဲ
ဆီးရွက်ခန့် နေခြည်ပြောက်က စော်ကားစွာ ထိုးဖောက်
ထိပ်ထားရဲ့ နားသည်စပေါ် ကျရောက်တော့..
ရွှေအသားတော် ၀ါဝါ၀င်းက သွေးပင့်ကူမျှင် ယှက်သန်းလို့
ကြာဝတ်မှုန် ပွင့်ချပ်ကိုမှ နေစွတ်ယူဖြန်းသလိုရယ်နဲ့
နွမ်းနယ်တော်မူခဲ့တယ်..။

မျက်နှာတော် ပေါ်က စို့တွဲစု ချွှေးရည်ဥ လေးတွေကို
လက်နဲ့အသာအယာ သပ်ချပေးချင်သော်လည်း
မှဲ့သလို ၀င်းသလို ဖြစ်နေတဲ့
အသားတော် ပဲ့ကြွေမှာဆိုးလှတာမို့
မြပုလဲပန်း ၀တ်လွှာတွေအထက်က
နှင်းရည်စို စွတ်စွတ်လေးတွေ ရယ်သို့
အားနာတယ်.. လို့..။

မျက်နှာကျက်ဆီက လိပ်ပြာအတောင်ပံ တဖြတ်ဖြတ်ကြောင့်
လှိုင်းထလေ ရိုက်အခတ်ကိုတောင်
ထိပ်ထားရယ်က ချမ်းရှာတော် မူသတဲ့လေ..။

လိပ်ပြာလေဟပ်လို့
တိမ်ညွန့်ကိုယ်ကျပ်အကျီင်္ရဲ့ စိန်စီသော အရပ်နဲ့ .
ပိုးသားချည်မျှင်ပုဝါစကြား.
ဖြတ်ခနဲ အဟ အမှားမှာ..
ပုလဲသီ ပုတီးအောက်မှ
ခပ်မို့မို့် ရတနာ နှစ်ပါးရယ်က
လားလားမျှသတိတော် မပျက်သော်လည်း.
တ၀က်ခန့် လစ်သည်ကို မြင်ရတော့..
အာကာဘုံနတ်နန်းက လျှပ်ပန်းနွယ် အချင်းချင်း
တရွှမ်းရွှမ်း ကြမ်းကြမ်းတန်း ခွပ်လူးလိုက်တုန်း..
သောက်ရှုးကြယ် နှစ်ပွင့် ထင်းခနဲ ၀င်လင်းလိုက်သလိုမျိုး.
နှလုံးသွေးတဖြန်းဖြန်း ကွန့်မြူး တာရယ်ကြောင့်
ညိုးနွမ်းခွေမူးမြောသွားခဲ့လို့
ငါလေ…
ရူး.. ရော.. တဲ့.။

အဲ့လိုနဲ့..
တိမ်တိုက်ကပွဲရဲ့
ကလကာ ဆွဲအပိတ်မှာ
ဖိတ်ကျလာတဲ့ ဆဌမမြောက်အာရုံ တွေရဲ့ အားနဲ့..
ထိပ်ထားရေ..
ငါသေဆုံးသွားခဲ့ပြီ…။

Tesla

ရတနာကြေးမုံ နန်းတွင်းဇာတ်တော်ကြီး ဖတ်ပြီးတော့ ဒီကဗျာလေးကို ရေးဖြစ်တယ်.။ တချို့ အချက်အလက်နဲ့ စကားလုံးတွေက အဲ့ထဲကစာသားတချို့ကို ဆင့်ပွား တွေးထားတာပါ.။ အလောင်းမင်းတရား ကြီး ခံစားတဲ့ အနုပညာကလည်း ခေဘူးဗျ.။ မဖတ်ဘူးသေးရင် ဖတ်ကြည့်ဘို့ တိုက်တွန်းပါတယ်.. တရုတ်ပြည်က ကျော်ကြားလှတဲ့ အော်ပရာတွေ လောက်တော့ အဲ့ဇာတ်တော် ကိုရေးတဲ့ ရွှေတောင်သီဟသူ တို့ကအပျော့ပေါ့.။ :)

 
Online -------> hits