သူ့အကြောင်း ကိုယ့်အကြောင်း (ဒေါက်တာစိုးအောင်)
ဧည့်သည်တယောက်နှင့် စကားပြောရလျှင် ကျနော့်အကျင့်မှာ သူတို့အကြောင်း ဦးဆုံးမေးတတ် ပါသည်။ မေးတစ်ခွန်း ဖြေတစ်ခွန်း ဖြစ်နေလျှင်တော့ ဧည့်သည်ကို တရားခံစစ်စစ်နေတာမျိုး ဖြစ်လာတတ်သည်။ ထို့ကြောင့် ကျနော့်အကြောင်း ပြောင်း၍ ပြောတတ်သည်။ သူ့ဘက်က စကားလိုက်မလာပြန်လျှင် ကိုယ့်အကြောင်းချည်း ဆက်ပြောနေလို့ မဖြစ်ပြန်။ ထိုအခါ သူ့အကြောင်းမဟုတ်၊ ကိုယ့်အကြောင်းမဟုတ်၊ အားလုံးနှင့် ဆိုင်တာကို ကျနော်ပြောဖြစ်ပါသည်။ စာရေးတော့လည်း အလားတူပင်။ သူ့အကြောင်းပြောဖြစ်သည်၊ ကိုယ့်အကြောင်းပြောဖြစ်သည်။ အားလုံးနှင့် ဆိုင်သည့် အကြောင်းကိုလည်း ပြောဖြစ်သည်။ ပြောမိသမျှ အားလုံးသည် “တကယ်ဖြစ်နေတာ” ချည်းတော့မဟုတ်။ “ဖြစ်ချင်တာ” တွေကို ပြောနေသည်က ပိုများသည်။ ထို့ကြောင့် ကြားရသူအတွက် တစ်ခါတစ်ရံ ကြီးကြီးကျယ်ကျယ်တွေ ဖြစ်ကောင်း ဖြစ်နေတတ်သည်။
နေရူး၏ ၁၉၆၂ ခုနှစ်ထုတ် Autobiography စာအုပ်၊ စာမျက်နှာ ၅၉၆ ၌ပါသော အောက်ပါစာကြောင်းလေးကို နှစ်သက်စိတ်ဖြင့် အကြိမ်ကြိမ် ဖတ်မိပါသည်။
“Perhaps what I have written is not much an account of what I have been but of what I have sometimes wanted to be or imagined myself to be.” ကျနော် ပြောချင်သည်မှာ “ သူ့အကြောင်းဆိုတာလည်း ကိုယ့်အကြောင်းပါပဲ။ ကိုယ့်အကြောင်း ဆိုတာလည်း သူ့အကြောင်းပါပဲ။ သူ့အကြောင်းမဟုတ် ကိုယ့်အကြောင်းမဟုတ် ဆိုတာကတော့ ကျနော်တို့တွေ အားလုံးရဲ့ နှလုံးသားထဲကလာတဲ့ဆန္ဒတွေပါပဲ။
ဒေါက်တာစိုးအောင်
၂၀၀၇ ဖေဖ၀ါရီလ ထုတ် စပါယ်ဖြူ မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
|