Saturday, July 28, 2007

DIARY + (One)

တူးဆွမိသော









ပျံဝဲနေရင်းနဲ့ပဲ

ငှက်တကောင်ရဲ့ အမြင်မျိုးနဲ့ အပေါ်ဆီးက ကြည့်မိတယ်

သက်ရှိတွေက လှုပ်လှုပ်ရှားရှား

အသက်မဲ့ခြင်းတွေကငြိမ်ငြိမ်သက်သက်

တချက်တချက်

ရက်ရက်စက်စက်တွေကိုတောင် နဂလက်.

အသက်မဲ့စိမ်းလမ်းမှုတွေက အေးစက်တောင့်တင်းနေတဲ့

သတ္တ၀ါတွေနဲ့ ခရီးနင်လိုနင်.

ဟင် မြင်ကွင်းကမသတီချင်စရာဗျာ ငါ တွေချည်းပါလား..

သွားမတိုက်ရသေးတဲ့ မုန်တိုင်းက မြို့ကြီးကို ရှိခိုးလိုရှိခိုး.

စိတ်ပျက်တယ် ရိုးရိုးပဲ ငှဲ့ကြည့်လိုက်တော့.

ဟော့ဟိုမှာ မှိုချိုးမဲ့ မြစ်ချိုးမဲ့ သူတွေလည်းလာပြီ.

နတ္တိဝါဒီစာတန်းနဲ့

သွေးအေးအေးဖြတ်သန်းသူတွေလည်း တွေ့ရဲ့ ထားပါတော့.

ထားပါထားပါ

ရော့ခ်အင်ရိုးလည်းထားပါ

မှောက်မှားစရာ အာရုံလည်းထားပါ

နှိုင်းဆနိယာမကို မထားဘူး ယူသည်

အော်.. ရီရယ်လတီ တဲ့

မသတီဘူးဆိုရင်လည်း ငှက်မဖြစ်နဲ့တော့လေ..။

..............................

အဲ့လိုနဲ့

မောဟကိတ်မုန့်ဖုတ်သမားကိုနုတ်ဆက်

ဟဲလို ဟိုင်း ဟောင်း.. နေကောင်းရဲ့လား..

ရေလိုက်ငါးလိုက် တံဆိပ်တပ်ထားတဲ့ ကိတ်တခုစား.

ဘာတွေများစဉ်းစားနေတာလည်း.

အကုန် အစုံရလို့ ကုန်စုံဆိုင်လို့ခေါ်တာနေမှာပေါ့.

လက်နဲ့ထိတွေလို့ မရတာမှန်သမျှ အကုန်ရပေမဲ့

အဲ့ဆိုင်ထဲကို သတ်မှတ်တန်ချိန်ထက် ပိုသယ်လာတဲ့ယာဉ် ဖြတ်သန်းခွင့်မရှိဘူး

မဟော်သဓါ နေရာမရသလို အနော်ရထာ လည်း မပါရဘူး..

ကြည့်စမ်း ကြည့်စမ်း ရောင်းဝယ်နေကြတာများ

သီချင်းတွေ သတင်းတွေ ပါကင်လှလှနဲ့ အတင်းအဖျင်းတွေ

လုပ်ပါဦး.

ချစ်တင်းနှောခြင်းကိုရော တစ်ရာဘိုး သုံးခုဝယ်လို့ ရပါသလား.

ဒါဆို ရော့နှစ်ရာဘိုး

ရွာချပေဦးတော့ ထစ်ချုံးမိုး.

စင်းမ်စီးတီးရဲ့ မျှတတဲ့ရောင်းဝယ်ဖောက်ကားမှု တခုက

အဘိုးကြီးသေတယ် မိန်းမပျိုလေးရှင်တယ်..

အဲ့လိုနဲ့ လူဟာ ဘ၀ကို လေ့လာ၊ ဘ၀က လူကိုလေ့လာရင်း

တနေ့မှာပေါ့လေ ဘယ်သူ့ဘယ်သူမှ မသိသွားကြပဲ ပွဲသိမ်း သွားပြီကော.

အေးရောဆိုပြီး ၀မ်းသာမနေနဲ့ဦး

ခရာမှုတ်တာ ပြီးတာ မဟုတ်ဘူး ပွဲပြန်စတာ။

ကဲ..

ရေခဲစိမ်ထားတဲ့ ချစ်ခြင်းမေတ္တာကို အေးစက်စွာ မြိုချပါ။

မစစ်မှန်ခဲ့ရင်လည်း

ဈေးကွက်ပျက်ထဲက အချစ်လို့ တံဆိပ်ကပ်

နံရံမှာ မှန်ဘောင်တတ်၍ ချိတ်ဆွဲပါ။

ရေမရောပဲ ရိုးသားမှုနဲ့ ရောသောက်ရတဲ့ ပျင်းရှရှများ ထွက်ကြလာသော

ပုလင်းကို မုဆိုးမအနမ်းလို့ ခဏလောက်တံဆိပ်ကပ်ပါ။

အီသနောကော မီသနောကော ကင်းစင်သော အယ်လ်ကိုဟော တခုကို

ဓါတ်ခွဲခမ်းတခုမှာ အော်ဒါမှာခဲ့ပါ.

ပြတင်းပေါက်တွေကို သံစဉ်တခု အသုံးချ၍ဖွင့်ပါ။

အခမ်းထဲမှာ အမှိုက်များရှုပ်ပွစွာ ကျန်နေခဲ့ပါသလား။

အနာဂတ် အကြောင်းမစဉ်းစားပဲ ဒုက္ခတွေကို ခဏလောက် မေ့ပါ။

ရှယ်လီရဲ့ကဗျာတွေ ရွတ်ဖတ်ပါ။

ကောင်းကင်ကိုငှေးနေပါ။

ခဏလေး အချစ်အကြောင်းတွေး.. ပြီးမှပြေးပါ။

နောက်ဆုံးမှာ ပြီးပါပြီလို့ စာတမ်းမထိုးပါနှင့်။

တော်ပါပြီ. လို့ပြောပါ။

ရှင်မဟာသီလ၀ံသ မသိချင်ဘူးလို့ အော်ပါ။

ရှင်မဟာရဌသာရ ကိုမေ့လိုက်ပြီဟု စိတ်ထဲမှာမှတ်ပါ။

ရှင်ဘုန်းကိုလည်း မစွဲလမ်းရ။

ရှင်ဂွမ်းဂွိအကြောင်းဖတ်ပြီးပဲ ပေါ့ပေါ့ပါးပါး ရီနေခဲ့လိုက်ပါ။

မပြီးချင်ပြီးချင်နဲ့ ဇာတ်ပေါင်းလိုက်ပါ.

ပရိတ်သတ်များ ကြိုက်နှစ်သက်ပါစေ

ဇာတ်ပျက်ဆိုပြီး အမည်တတ်..

အင်း… ပြီးတော့လည်း ပြီးတာပဲမလား.. အဟား ဟား ဟား ဟတ်

ဆိုပြီး ဗိုလ်အောင်ဒင်လို ပဲ ခပ်လွယ်လွယ်

ဇာတ်သိမ်းပြစ်ခဲ့ပါ…….။

Tesla

Sunday, July 22, 2007

Pleasure Of Life











လူ့ဘ၀ဆိုတာ အမှန်တကယ်တော့ ပန်းပေါင်းစုံနဲ့ ဖူးပွင့်ဝေဆာနေတဲ့ ဥယာဉ်ကြီးတခုပါလား ဟု စိတ်ထဲတွင်ထင်မှတ်ထားပါက အမှန်တကယ်ပင် ပန်းတို့၏ မွှေးပျံ့သောရနံ့များရယ် စိမ်းလန်းလှပတဲ့ ပတ်ဝန်းကျင်ရယ် လေနုအေးကလေးတွေရယ်နဲ့ ထိတွေ့ရနိုင်ပါသည်။ တစ်ခါတစ်ရံတော့လည်း နှင်းဆီလို ပန်းမျိုးတို့၏အောက်က ဆူးခက်တွေတွေ့တဲ့အချိန်တွေ တိမ်ခဏဖုံးသွားလို့ ဥယာဉ်ထဲယောင်ဝါးဝါး လျှောက်ရတဲ့အချိန်တွေ အလင်းရောင်တစ်ချို့ အနားယူတဲ့ မှောင်မိုက်တဲ့အချိန်တွေ ဥယာဉ်ထဲမှ မရနိုင်သော လိုချင်တပ်မက်မှုတွေကြောင့် စိတ်ပင်ပန်းရတဲ့ အချိန်တွေ စတဲ့အခြေအနေတို့နဲ့လည်း တွေ့ရမယ်ဆိုတာကတော့ မလွှဲပါဘူး။ သို့သော် ဥယာဉ်ထဲဖြတ်လျှောက်တဲ့ အချိန်မှာ နေသာချိန်တွေကိုတော့ သတိမထားမိပဲ မှောင်မိုက်တဲ့အချိန်တွေကိုပဲ ဂရုတစိုက်ရှိနေမည်ဆိုပါက ဒီဥယာဉ်ကြီးထဲလျှောက်ရတာ ဘာများပျော်စရာရှိဦးမှာလည်း။ ဘာမှပျော်စရာမရှိတဲ့ ဥယာဉ်လို့ ထင်မိတဲ့အချိန်မှာ ပန်းတွေဟာ ဘယ်လိုကြည့်ကြည့် မလှပတော့ပါဘူး လတ်ဆတ်တဲ့ လေနုအေးအေး လေးတွေလည်း မတိုက်ခတ်နိုင်တော့ပါဘူး တေးသံချိုချိုတွေလည်း မကြားရတော့ပါဘူး ဥယာဉ်ထဲလျှောက်ရတဲ့ တန်ဘိုးကလည်း အဓိပ္ပါယ်ကင်းမဲ့သွားပါပြီ။ ထိုအခါ အကျိုးရလာဒ်ကောင်းများလည်း ရတော့မှာမဟုတ်ပါဘူး။ အကျိုးရလာဒ်များ မရှိတဲ့အတွက်ကြောင့် လွတ်မြောက်မှု တွေကိုမရနိုင်တော့တာလည်း သေချာပါတယ်။ လွတ်မြောက်လိုမှု ရုံးထွက်လိုမှု ပန်းတိုင်များသို့ ဆက်လျှောက်လှမ်းနိုင်မှု ဆိုသည်များမှာ ပျော်ရွှင်ဖွယ်ဘ၀ ကြည်လင်သော စိတ်ဓါတ်များ နဲ့ ရှေ့ဆက်မှသာ အောင်မြင်နိုင် ရောက်ရှိနိုင် မှာဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ဘ၀ ဆိုသည်မှာ လျှောက်လှမ်းတတ်ဘို့ တခုတော့ လိုအပ်တယ်ဆိုတာ သိထားရမည် ဖြစ်ပါတယ်..။

လူဆိုသည်မှာ ကိစ္စတိုင်းအား တုံးတိုက်တိုက် ကျားကိုက်ကိုက် ကျင့်ကြံ၍ မရသလို ဘုရားသခင်ကို ထိုင်အားကျနေယုံနဲ့လည်း အလုပ်မဖြစ်ပါဘူး။ လူ့လောကနဲ့ လိုက်လျောညီထွေစွာ မနေတတ်ခဲ့ရင်တောင် လူသားတစ်ယောက်ရဲ့ အလုပ်နိုင်ဆုံးသော စွမ်းအင်ကို အပြည့်အ၀ ဖော်ထုတ်အသုံးချရမှာ ဖြစ်ပါတယ်။ မမြဲခြင်းတရားကို မလိုအပ်ပဲ ထည့်သွင်း စဉ်းစားနေလို့လည်း အကျိုးယုတ်နိုင်ပါသေးတယ်။ မမြဲခြင်းတရားသည် ဆင်ခြင်နိုင်ရန်ဖြစ်သည် နေရာတကာလိုက်၍ ကျင့်ကြံနေမည်ဆိုပါက အစွန်းရောက်ခြင်း ဖြစ်ပေါ်လာပြီး အကျိုးပိုယုတ်ဖို့သာရှိပါတယ်။ H.W Longfellow ရဲ့ ကဗျာတပုဒ်ထဲမှာ..

“Life is real, Life is earnest,

And the grave is not its goal”

လို့ရေးထားခဲ့တယ်။ ဒီစာကြောင်းက ဘာလိုအဓိပ္ပါယ်ဆိုတာ တွေးကြည့်ပါက ဘ၀ဆိုတာ အိပ်မက်မဟုတ်ဘူး။ လက်တွေ့အကောင်အထည်ဖော်နေရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ တခါတရံမှာ အစွန်းရောက်စွာ ဘ၀ဆိုတာ စိတ်ဖိဆီးဘို့သက်သက် လူဖြစ်လာရခြင်းပဲ သေခြင်းတရားမှာ နောက်ဆုံးတော့လည်း အဆုံးသတ်ရမှာပဲ မဟုတ်လား စတဲ့ အတွေးတွေ ၀င်လာနိုင်ပါတယ်။
ဒီလိုအတွေးတွေ နှိပ်စက်နေတဲ့အခါ လူတယောက်ရဲ့ စွမ်းအင်တွေ အားထုတ်ဖြေရှင်းရမဲ့ ဥာဏ်တွေ မထွက်လာနိုင်တော့သလို မျှော်လင့်ချက်လည်း မရှိတော့ပါဘူး။ အရေးကြီးဆုံးမှာ အဲ့ကိစ္စဖြစ်ပါတယ် စွမ်းအင်မရှိတော့ရင် ဘယ်လို ကိစ္စမျိုးကှို စွမ်းဆောင်နိုင်တော့မှာလည်း။ လူဆိုသည်မှာ စိတ်၏ပါဝါကို တဖြည်းဖြည်းခြင်း မြင့်သထက်မြင့်အောင် ဖြည့်ဆည်းရတာဖြစ်ပါတယ်။ အဆင့်ကျော် ပြီး မလိုက်နိုင်ပဲ တွေးတောမှုတွေက စိတ်ဖိဆီးမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပါသေးတယ်။ တရားတခုဟာ တိကျတဲ့ လမ်းကြောင်းအတိုင်း မလိုက်ပဲ Virtual Path အတိုင်းရွေ့မိမည် ဆိုပါက တနေရာရာမှာ အစကို ပြန်ရောက်ဦးမှာပါပဲ။ ထိုသို့ အခါခါပြန်ပတ်နေသောကြောင့် နောက်ဆုံးမှာ စိတ်ဖိဆီးမှု သာထွက်လာမှာ ဖြစ်ပါတယ်။ မမြဲခြင်းတရားကို အမြဲနှလုံးသွင်းသင့်သော်လည်း အကျိုးယုတ်နိုင်သော အခြေနေထိ မပါသင့်ပါဘူး။ နောက်တဆင့် စိတ်တကယ်မလိုက်နိုင်ပဲ (ရရှိထားသော စိတ်ပါဝါ မမြင့်ပဲ) နဲ့လည်း အရာရာကို နှလုံးမသွင်းသင့်သေးပါဘူး။

ပုံမှန်အားဖြင့်မူ သာယာမှုဆိုသည်မှာ လူသားအားလုံး ပိုင်ဆိုင်ချင်သော ကိစ္စဖြစ်ပါတယ်။ သာယာသောဘ၀ တစ်ခုရရန် ဆိုသည်မှာ ခပ်မြန်မြန်နဲ့ ခပ်လွယ်လွယ် သတ်မှတ်လို့ရနိုင်မဲ့ တိကျတဲ့ ဥပဒေသ မရှိပါဘူး။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်သောသူအတွက် အစာအဟာရသည် ကျန်တယောက်အတွက် အဆိပ်အတောက် ဖြစ်စေနိုင်သည်ဟု ပရောဖတ်ကြီးတွေ ပြောခဲ့သလိုပါပဲ။ တစ်ယောက်ခြင်းစီမှာပဲ မူတည်နေမှာ ဖြစ်ပါတယ်။

သာယာမှုမှာလည်း အစစ်အမှန်နဲ့ အတုအယောင်ဆိုပြီး ရှိပါတယ်။ ကျွှန်တော်တို့ ရှာဖွေရမဲ့ သာယာမှုကတော့ အစစ်အမှန်သာယာမှုဖြစ်ပါတယ်။ အတုအယောင်သာယာမှု များကတော့ တဒင်္ဂရုန်းထွက်နိုင်စေနိုင်သော စွမ်းအားရှိပါတယ်။ သို့သော် အချိန်တခုပြီးသွားရင် စိတ်ဖိဆီးမှုများ ပြန်လည် ရောက်ရှိလာမှာဖြစ်ပြီး ထပ်ရောက်လာတဲ့ အခါရင်ဆိုင်နိုင်တဲ့စွမ်းအားက အရင်ကထက်ပိုမို လျော့ကြသွားမှာ ဖြစ်ပါတယ်။ အစစ်အမှန်သာယာမှုများကတော့ လောကဓံကို ပိုပိုပြီးရင်ဆိုင်နိုင်တဲ့ စိတ်စွမ်းအင်ကို ပေးပါလိမ့်မယ်။ တဖြည်းဖြည်း ခြင်း ရင့်သန်ထက်မြက်လာအောင် ဖြည့်ဆီးပေးသလိုမျိုးဖြစ်ပါတယ်။ ထိုအချိန်ကြမှာသာ ပျော်ရွှင်ဖွယ်ဘ၀ တစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ပျော်ရွှင်ဖွယ်ဘ၀ ဆိုတဲ့အဆင့်ကို ရောက်လာတဲ့အချိန်မှာလည်း ပျော်ရွှင်မှုအစစ် နဲ့ ပိုမိုအကျိုးသက်ရောက်မှုရှိသော ပျော်ရွှင်မှုဆိုပြီး ရှိနိုင်ပါတယ်။ ပျော်ရွှင်မှုအစစ်တွေက ဘာတွေလည်း? ချမ်းသာခြင်းလား ကျန်းမာခြင်းလား လှပခြင်းလား အာဏာလား ပညာလား အဆင့်တန်းမြင့်ခြင်းလား…
အထီးကျန်ခြင်း ခံစားနေရတဲ့ ချမ်းသာသောလူတယောက်ဟာ မပျော်ရွှင်နိုင်ပါဘူး. ကျန်းမာနေပါလျက် ဆင်းရဲမွဲတေနေလျှင်လည်း မပျော်နိုင်ပါဘူး Alexander The Great လည်း ကမ္ဘာကြီးကို ပိုင်ဆိုင်တာတောင် ထပ်ပြီးနယ်ချဲ့ချင်နေသေးတဲ့ အလိုမပြည့်မှုစိတ်တွေကြောင့် မပျော်ပါဘူး. လှပခြင်းပိုင်ဆိုင်တဲ့လူဟာလည်း အချိန်ရဲ့တိုက်ခိုက်မှုကို သေချာပေါက်ခံရမှာ ဖြစ်လို့မပျော်ရွှင်ပါဘူးပျော်ရွှင်မှုအစစ်ကတော့ဖြင့် လူတယောက်ခြင်းစီရဲ့ စိတ်ထဲမှာပဲ တည်ရှိနေပါလိမ့်မယ်။ စိတ်ဟာ ဗုဒ္ဓဟောကြားခဲ့သလိုပါပဲ ငရဲကော ကောင်းကင်ဘုံကော စိတ်ထဲမှာ ရှိနေပါတယ်။ သည်းညည်းခံတတ်တဲ့ စိတ် ချိုးချံနိုင်တဲ့စိတ် ကြည်လင်တဲ့စိတ်တွေ ရှိနေလျှင် ပျော်ရွှင်မှုတွေနဲ့ တွေ့ရမယ် ဆိုတာ မလွှဲပါဘူး။ အားလုံးအတွက် မှန်ကန်နိုင်သော စစ်မှန်သည့်ပျော်ရွှင်မှုဆိုသည်မှာ မှန်ကန်သော အတွေးအခေါ်များအား ပိုင်ဆိုင်ထားသည့် ကိုယ့်ကိုယ်ကို ထိမ်းချုပ်နိုင်သည့် လူတယောက်ထံတွင် တွေ့နိုင်ပါသည်။

ပန်းဥယာဉ်လေးတခုကတော့ သေသေချာချာပင် လှလှပပ တည်ရှိနေပါသည်။ လျှောက်လှမ်းတတ်တဲ့ လူကတော့ ဥယာဉ်ထဲက ပန်းတွေ လိပ်ပြာတွေနဲ့အတူ လှပစွာ ခရီးဆက်နိုင်ပါလိမ့်မယ်။ မလျှောက်တတ်လို့သော်၎င်း ပန်းတို့အောက်က ဆူးဒါဏ်ကို မခံနိုင်၍၎င်း တိမ်ခဏဖုန်း သည်ကို သည်းညည်းမခံတတ်၍၎င်း ဥယာဉ်ထဲမှ ကိုယ့်အတွက်မရနိုင်သော လိုချင်တပ်မက်မှုများဖြင့် အလိုမပြည့်၍၎င်း စိတ်ဆင်းရဲနေမည်ဆိုပါက သာယာမှုမရှိတော့၍ ပျော်ရွှင်ဖွယ်ဘ၀ တစ်ခုကို ပိုင်ဆိုင်ခွင့်ရမည် မဟုတ်ပါ။ လျှောက်တတ် ကြည့်တတ် နုလုံးသွင်းတတ်ခဲ့လျှင်မူ လိုရာခရီး ရှေ့ဆက်နိုင်မည် ဖြစ်သည့် ပန်းဥယာဉ်ကြီးထဲတွင် သင်ရောက်ရှိလျက် ရှိသည် ဆိုသည့်အချက်ကတော့ ဖြင့် လွန်စွာသေချာလျက်ရှိပေသည်…..။

စကားချပ်။ ။ ဒီပို့စ်လေးနဲ့ နည်းနည်းဆက်စပ်လို့ပါ. ကျွှန်တော်ရေးခဲ့ဘူးတဲ့ ဒီကဗျာ လေးအကြောင်း အကြမ်းမျင်း ရှင်းပြပေးချင်ပါတယ်။ ဘလော့စာအုပ်မှာပါဘို့ရွေးထား တဲ့ ကဗျာပါ အယ်ဒီတာမင်းများက ကြိုက်ကြတော့ ကြယ်တွေရသည်ပေါ့ ကြယ်တွေရတော့လည်း ပါသည်ပေါ့လေ. သို့သော် အယ်ဒီတာမင်းများ မှတ်ချက်ကလည်း ဒီလိုဗျ “ကောင်းတယ်ဗျာ” ဟဲ.. “အဆင့်တွေ ခွဲထားတာတော့ နားမလည်ဘူး” အမ်.. “တတိယ အဆင့်က အပိုကြီးထင်တယ် အဲ့အဆင့်သာ မပါရင် ကြယ်ငါးပွင့်ပေးတယ်” ဟိုက်.. “စကားလုံးတွေတော့ ကြိုက်ပါ့ ဖွဲ့စည်းပုံအသစ်ထင်တယ်” အင်း အဲ… ဆိုတော့က ကိုယ့်အရေအချင်းကိုယ် သိသွားပါတယ် ရှင်းပြမှ လုံးစေ့ပတ်စေ့ ခံစားလို့ရမယ် ဆိုတာ သဘောပေါက်သွားပါတယ်. (အဲ့လိုတော်တာ ရေးတာရေးရတယ် အပေါ်ကပို့စ်လည်း ရေးထားတဲ့ နေရာအချို့ က ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်ဆိုတာ နားလည်တယ် . တဖြည်းဖြည်းခြင်းတော့လည်း တင်ပြပုံကောင်းလာမှာပါ ဒီလိုပဲ လေ့ကျင့်ယူရတာမလား ဟဲ)
အဲ.. ဒီနေရာမှာ ကဗျာလေးကို ပြန်ရှင်းပြတော့ ခံစားမှု အကျိုးတစ်စုံတစ်ခု ထပ်ရတိုင်တဲ့အတွက်ပါ။ ဒီကဗျာက စိတ်ဖိဆီးမှုမှ လွတ်မြောက်ခြင်း လို့ နာမည်ပေးထားပါတယ်. ဒီလိုလွတ်မြောက်ဘို့အတွက် ရုန်းထွက်မှု အဆင့် တစ် နှစ် သုံး ဆိုပြီး ခွဲထားပါတယ်။

ပထမအဆင့်- ပုံမှန်ရုန်းထွက်ခြင်းပါပဲ။ လူတော်တော်များများရဲ့ နေ့တဓူဝ ရုန်းထွက်မှုမျိုးပါ လူငယ်ဆန်တာတွေပါတယ် တုံးတိုက်တိုက်ကျားကိုက်ကိုက် တွေပါတယ် တဇွတ်ထိုးတွေပါတယ် ဘီယာတွေပါတယ်. ခဏတာပဲ ရုန်းထွက်နိုင်တဲ့ စွမ်းအားရှိပါတယ်. ရုံးထွက်ရ လွယ်ကူတယ်။

ဒုတိယအဆင့်- ဆင်ခြင်မှု အစွန်းရောက်တယ် ပြောလို့ရပါတယ် လူကတကယ် ပါရမီ မရှိသေးပဲ တွေးတောမှုသာရှိလို့ပါ. အဲ့ဒီအတွက် မတည်မြဲခြင်း ဘ၀ဆိုတာ ဘာများဟုတ်လို့လည်း သေမှာပဲမလား ဆိုတဲ့ အချက်တွေနဲ့ ဒုက္ခပြန်ရောက်နိုင်ပါတယ် လူလိုက်နိုင်လျှင်တော့ အကျိုးမြတ်ရမဲ့ ရုန်းထွက်မှု မျိုးပါ. လွယ်တော့မလွယ်ပါ ပါရမီရှိပြီးသား ဖြစ်နေရပါမယ်။

တတိယအဆင့်- လုပ်ဆောင်ဘို့ လွယ်ကူသလို အင်မတန် လည်းခက်ခဲတဲ့ အဆင့်ပါ မေတ္တတရား ဖြစ်ပါတယ်. မေတ္တာထားနိုင်ဘို့ ဆိုသည်မှာ ရှုပ်ထွေးလှတဲ့ လူ့လောကကြီးမှာ ပြောရလွယ်သလောက် တကယ့် လက်တွေ့ကျကျ ကျင့်ကြံဘို့ မလွယ်ကူပါဘူး. အခြေခံလိုအပ်ချက် များစွာရှိပါတယ်. စိတ်ကြည်လင်ရပါမယ်. တကယ်ပင် မေတ္တာဖြင့် လောကကြီးကို ကြည့်နိုင်ပါက အတက်အကျမရှိပဲ ပေါ့ပါးလန်းဆန်းစွာ နဲ့ပင် စိတ်ဖိဆီးမှုမှု လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်.

ဆိုလိုသည်မှာ မေတ္တတရားသည်လည်း ပျော်ရွှင်ဖွယ်လူ့ဘ၀ကို လျှောက်လှမ်းနိုင်ရန် ဆိုတဲ့ ကကွက်ထဲမှာ မရှိမဖြစ် အရေးကြီးသော အခန်းမှ ပါဝင်လျက်ရှိနေသည် ဆိုတာကို ထပ်ပေါင်းထည့်ချင်တာပါ..

မေတ္တာဖြင့်

Tesla

Tuesday, July 10, 2007

Unity is Strength, But..

စည်းလုံးခြင်းသည်ခွန်အား.. သို့သော်..


တယောက်အားနှင့် ယူသော်မရ တသောင်းအားနှင့် ယူသော်ရ၏.
နွားကွဲလျှင် ကျားဆွဲသည်.
ဝိုင်းတွန်းလျှင် လေးလံလှသော ကျောက်ဆောင်ကြီးပင်ရွေ့နိုင်ပါသည်.
သဲပွင့်တမှုန်ခြင်းပေါင်းရာမှ သောင်ပြင်ကြီး ဖြစ်လာရသည်.

မိုးရေမြစ်ချောင်းအင်းအိုင်တို့ ပေါင်းစပ်ခဲ့ကြ၍သာ ပင်လယ်သမုဒ္ဒရာဟူ၍ ဖြစ်လာရသည်.

စကားပုံများဖြစ်ပါသည်. စကားလုံးလှ၍တမင်သက်သက် ဖွဲ့နွဲ့ခဲ့သော စကားများမဟုတ်ပါ. တကယ်ပင် စည်းလုံးခြင်းသည် အင်အားတရပ်ကို ဖြစ်ပေါ်လာနိုင်စေကြောင်း ယှဉ်ထိုး နှိုင်းဆခံဝံ့သည့် စကားများ ဖြစ်ပါသည်. သို့သော် အခြေအနေကိုလိုက်၍ အသုံးချတတ်ရန်တော့ လိုသည်. အသုံးချသူ၏ ဦးတည်ချက်ကို လိုက်၍သာ ရလာဒ်များ ပြောင်းလဲနိုင်ပါသည်.

ပုံမှန်အားဖြင့်မူ လူတို့သည် လွတ်လပ်စွာပင် နေထိုင်လိုသော ဗီဇစိတ်တခုရှိသည့်အတွက် စည်းလုံးမှုများ၌ အင်တိုက်အားတိုက် ပါဝင်သင့်သလောက် မပါခဲ့ကြ. သို့သော် ပတ်ဝန်းကျင်နှင့် နေထိုင်ရသော လူသားတယောက် အနေဖြင့် တတ်စွမ်းသ၍တော့ ပါဝင်ပတ်သက်သင့်သည် ထင်သောကြောင့် ထိုကိစ္စမျိုးသည် အရှေ့တဲ့တဲ့တွင် ကြုံခဲ့သောအခါတွင်မူ ရှောင်လွဲထွက်ပြေးရန်အတွက် အင်အား မရှိသင့်ခဲ့ပါ. စည်းလုံးခြင်းဖြင့် အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်သောကြောင့် သို့မဟုတ် သောင်ပြင်ဖြစ်နိုင်စေရန် ကူညီခွင့်ရသော သဲတစ်ပွင့်အဖြစ် ပါသင့်သည်ထင်သောကြောင့် လိုအပ်လျှင်အသင့်ရှိနေရန် အတွက်ကြောင့် ပါဝင်ပတ်သက်ရန် လိုပါသည်.

စည်းလုံးခြင်းသည် အင်အားဖြစ်သည် သို့သော်ဟု ကျနော်ခေါင်းစဉ်တတ်ထားခဲ့သည်. ထို သို့သော် ဆိုသည့်အကြောင်းကို အနည်းငယ် တွေးကြည့်စေချင်ပါသည်. စည်းလုံးခြင်းဆိုသည်မှာ အနည်းဆုံး တယောက်ထက် ပိုသောဟု အဓိပ္ပါယ်ရပါသည်. ဥပမာ ကျနော်သည် ကျနော်၏ တဦးတည်းသော သူငယ်ချင်း တယောက်နှင့် အင်မတန်စည်းလုံးသည်. တယောက်ဒုက္ခရောက်နေလျှင် တယောက်ကူညီဖို့ အတွက် စည်းလုံးသည်. သေချာပေါက် တယောက်ထက်ပိုမည်ဖြစ်သော စွမ်းအားတခုရစေရန် စည်းလုံးသည်. ထိုစွမ်းအားကို အသုံးချ၍ တယောက်တွေ့ကြုံရသော ပြဿနာ တစ်ခုအား နှစ်ယောက်စလုံးမှ ပူးပေါင်းဖြေရှင်းနိုင်စေရန်အတွက် စည်းလုံးသည်. နှစ်ယောက်လုံးအတွက်အကျိုးရှိစေနိုင်သော စည်းလုံးမှု ဖြစ်ပါသည်. တတိယတယောက်ကို ပူးပေါင်းတိုက်ခိုက်ရန်ဟူသော ရည်ရွယ်ချက်ဆိုပါက ထို တတိယတစ်ယောက်သည် အားလုံးသောလူအားလုံးကို ဒုက္ခပေးနေသူဆိုလျှင် အပြစ်မဆိုသာ. ထိုသို့မဟုတ်ပဲ အမြင်ကတ်၍ အနိုင်လိုခြင်၍ အကျောမခံလို၍ တမင်သက်သက်စည်းလုံးသည် ဆိုပါက ကောင်းသော ရည်ရွယ်ချက်မဟုတ်သည်ကိုမူ သတိချပ်သင့်ပါသည်. နွားများသည် နွားအားလုံးကို ဒုက္ခပေးနေသော ကျားအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက်သာ စည်းလုံးသင့်သည်. တခြားနွားများကို တိုက်ခိုက်ရန် အတွက်ဆိုသော ရည်ရွယ်ချက်မျိုးဖြင့် မစည်းလုံးသင့်ဟုထင်ပါသည်.

ကျနော်တို့သည် မိသားစုအတွင်း အချင်းချင်းစည်းလုံးသည်. အိမ်နီးနားချင်း အချင်းချင်းစည်းလုံးသည်- သူငယ်ချင်းမိတ်ဆွေအချင်းချင်း စည်းလုံးသည်. ရပ်ကွက်အနေဖြင့် စည်းလုံးသည်. မြို့တစ်ခုအနေဖြင့် စည်းလုံးသည်. တိုင်းတခုအဖြစ် စည်းလုံးသည်- မျိုးနွယ်စုတခုအဖြစ် စည်းလုံးသည်- နိုင်ငံတစ်ခုအဖြစ်စည်းလုံးသည်. တိုက်ကြီးများအနေဖြင့် စည်းလုံးသည်. အရှေ့နှင့်အနောက် ဆိုပြီးစည်းလုံးသည်. ကမ္ဘာသူကမ္ဘာသားဟူ၍ စည်းလုံးသည်. ထိုမြင်သာသော စည်းလုံးမှုမျိုးအနက် နောက်ဆုံးဖြစ်သော ကမ္ဘာသူကမ္ဘာသားအဖြစ်စည်းလုံးခြင်းသည် အဆင့်အမြင့်ဆုံးဟု သတ်မှတ်ကြသည်. ထင်ရှားသည်မှာ စည်းလုံးမှုနယ်ပယ် ကျယ်ပျံ့လေလေ အမြင့်ဆုံးစည်းလုံးမှုဟု ထင်စရာကောင်းလေလေ ဖြစ်သည်. ရှင်းပါသည် လူများစွာ ပါဝင်လာသောကြောင့်ဖြစ်သည်- ဤကိစ္စမှာ ဓမ္မတာပင် ဖြစ်ပါသည်. သို့သော်မည်ကဲ့သို့ ကြီးမားသော စည်းလုံးမှုဖြစ်ပါစေ ကိုနှင့်တိုက်ရိုက်ပတ်သက်၍ သို့ အကြောင်းမဲ့ မကျေနပ်၍ အားလုံးအကျိုးကို မကြည့်ပဲ အမြင်ကတ်၍ အကြောမခံချင်၍ ဆိုသောဦးတည်ချက်မျိုး နောက်ထပ်. တတိယ အစုအဖွဲ့ကို တိုက်ခိုက်ရန်ဟူသော ရည်ရွယ်ချက်မျိုးဆိုပါက အားလုံးချုံကြည့်လျှင် အင်မတန် ညံ့ဖျင်းသော စည်းလုံးမှုတခုသာ ဖြစ်လာနိုင်စရာ အကြောင်းရှိပါသည်. စစ်မှန်သော စည်းလုံးမှုဆိုသည်မှာ အားလုံး စည်းလုံး ခြင်းဖြင့် ခွန်အားအသစ်ထွက်လာစေရန်နှင့် ထိုခွန်အားကို အားလုံး အကျိုးခံစား ရစေနိုင်ရန်ဆိုသော ရည်ရွယ်ချက် ဖြစ်သည်. ထိုသို့ပင် ဖြစ်ပေါ်လာနိုင်အောင် စတင်လုပ်ဆောင် ပေးနေသူများသာမက ပဲ ၀ိုင်းဝန်း လုပ်ဆောင်ကြရန် တော့ အားလုံးအပေါ်တွင် တာဝန်ရှိပါသည်. မှန်ကန်သောရည်ရွယ်ချက်ဖြင့် စည်းလုံးခြင်း ကြောင့် စစ်မှန်သောအကျိုးရလာဒ်များကို အတူတကွ ခံစားရနိုင်ပါသည်. ခွန်အားတရပ်သည် စည်းလုံးခြင်း ကြောင့် သေသေချာချာပင် ကြီးထွား ဖွံဖြိုးလာမည်မှာကား မလွဲပါ.

Tesla

My Recent Favorites

စည်းအပြင်ကလူ









အခြေအနေက
လူကိုပလက်ဖောင်းပေါ်နေရာရွှေ့ထားတယ်
ဘာဖြစ်လဲ
ငရဲဆိုလည်း အရသာအသစ်
နိဗ္ဗာန်ဆိုလည်း
အတွေ့အကြုံအသစ်ပေါ့
ပန့်ခ်ရော့ခ်တေးကို လေချွန်လို့
နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။
လူ့ဘ၀ဆိုတာ
လေယာဉ်ပျံပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ကကြည့်တော့နတ်ဘုံနတ်နန်း
ကိုယ့်အဓိပ္ပါယ်က
မူရင်းအတိုင်းပဲ။
တခြားလူတွေမြင်လား
လျှာဖျားလေးနဲ့ လျက်တာလောက်တော့
ရယ်တာပေါ့
လူပြိန်းဦးနှောက်နဲ့
ပြောတာလောက်တော့ ရယ်တာပေါ့
ပါဝါမျက်မှန်ချင်းမတူလို့
လောကအမြင်ချင်းမတူတာ
အနုပညာကို ပိုက်ဆံအိတ်ထဲကနှိုက်ယူလို့
မရသလို
ဉာဏ်ပညာဆိုတာ
ကျမ်းစာအုပ်တွေထဲက ထွက်လာတာမှ
မဟုတ်ဘဲကိုယ့်လူ။
ရယ်ဒီမိတ်အင်္ကျီဝတ်လို့
ဝံပုလွေနံထွက်နေတဲ့ အရေပြားတွေကြား
ကိုယ်ကဂျင်းန်ပင်အဟောင်းနဲ့ဆိုပေမယ့်
လူကြီးလူကောင်းစိတ်မွေးသူ
မင်းလည်းဒီလိုဘ၀င်မျိုးနဲ့ပဲမဟုတ်လား။
ဘယ်လိုတံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆပ်တယ်
ကိုယ့်အရိုးကရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူလောကကို ရယ်သွေးသွမ်းနေပုံ
မိန်းမဆန်ဆန်
စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိ
ဘူးလား
“ဟား- -ဟား- -ဟား”

အောင်ရင်ငြိမ်း
(၂၀၀၇-မတ်လ-ရွှေသမင်)
ဒီနေရာ ကယူလာတာ ကြိုက်လွန်းလို့ ဒီမှာ သိမ်းထားတာပါ။

Wednesday, July 04, 2007

Continueous..........

ကဲ နောက်ထပ်ဆားချက် ခြင်းတစ်ခုပါပဲ- အခုတလော စာရေးဘို့ ဥာဏ်ကလည်း ထွက်ကို မထွက်တာဗျာ- ဒီတော့လည်း အရင်ကရေးဘူးထားတဲ့ ကဗျာလေးပဲ တင်လိုက်တယ်- တက်စလာလည်း ဆားချက်လွန်းလို့ ဂဠုန်ဖြစ်ကာ နီးနေပါပြီ- အော် နဂါးထွက်မလာသေးခင်အထိတော့ ဆားချက်ရဦးမှာပဲ. မတတ်နိုင်ဘူး- ဆိုဒ်တခုမှာတင်ပြီးသားပါ တချို့လူတွေ ဖတ်ဘူးပြီးသား ဖြစ်နေပါလိမ့်မယ်- ထုံးစံတိုင်းပေါ့ ဖတ်ပြီးလည်း ထပ်ဖတ် .. အဟတ်..

ဖောက်ထုတ်ခြင်း

လိပ်ပြာတချို့နဲ့ ကြယ်ကြွေကျတာကို လုကောက်တယ်.
ပေါက်နေတဲ့အိတ်တလုံးထဲ ကြယ်တွေကို သိမ်းကြုံးထည့်မိခဲ့..။

ဝိုင်တစ်ခွက် ဖယောင်းတိုင်တ၀က်နဲ့ အပြာရင့်ရင့်ညတခုမှာ
အကွက်စုံအောင် ကတယ်.
အသွေးအသားတွေကို စုပ်ယူမဲ့ မိစ္ဆာတချို့နဲ့..။

လှပခမ်းနားတဲ့ စူးစူးရှရှ သံစဉ်တွေကို မှိန်းမောပြီး နားထောင်တယ်.
နားစည်ထဲကတော့ သွေးတစက်စက်ကျနေလေရဲ့..။

နုးညံ့သိမ်မွှေ့စွာ ခုတ်မောင်းလာတဲ့ ရထားတစီးကိုစီးတယ်.
ရထားက ပြန်မေးတယ် သူ့ဘူတာကဘယ်မှာလည်းတဲ့..။

ပင်လယ်နဲ့ လမင်းကျီစယ်နေကြတာကို ငါမပြောဘူး.
အနိုင်အရှုံးတွက်ရတဲ့ ကစားနည်းမျိုးဆို ငါမပါဘူး.
ပတ်ချာရိုက်နေတဲ့ ကကွက်ထဲ ငါမ၀င်ဘူး.
ငါဟာလွတ်ကျတယ် ပြီးတော့လွတ်ချတယ်
ပြော. ရတယ် စွန့်လွတ်ရဲတာ လည်းဖြစ်ချင်ဖြစ်မယ်.
စိတ်ဓါတ်ကို ကြွှပ်ဆတ်ချင်ယောင်ဆောင်တယ်.
အသက်စွန့်ပြီး အလင်းပေးကြမဲ့ ဖယောင်းတိုင်တချို့ထွန်းညှိတယ်.
ဘယ်ကိုလွှင့်ရမှန်းမသိတဲ့ အပြာရောင် တိမ်တွေကို မျှားခေါ်တယ်.
အားနည်းနေတဲ့ နှလုံးသားကို အနားယူခိုင်းတယ်.
သည်းခြေကို မှတ်သားတတ်လာအောင် အကျဉ်းချတယ်.
အတောင်ပံတွေကို မြေမြုပ်တယ်.
စွဲမက်စရာကောင်းတဲ့ တပ်မက်မှုမျိုးဆို မီးသဂြိုလ်တယ်.
အားလုံး အရှင်လတ်လတ်တွေကြီးပဲ.
လေကုန်တယ်..
သူတို့အားလုံးအတွက် မင့်ရဲ့ပါးစပ်ကနေ
အာမင် လို့တောင် ဆုတောင်းပေးမနေနဲ့………။

Tesla

Saturday, June 30, 2007

NaCl2 PRODUCTION

ကျွှန်တော်နှင့် လတ်တလောများ


လာလာလည်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကိုအားနာတယ်ဗျာ- ကိုယ်တိုင်ကလည်း ဘာရေးရမှန်း မသိသေးတာနဲ့.. ဟဲ ဟဲ ထုံးစံတိုင်းပေါ့ နဘေးကို ကြည့်လိုက်တော့ ဒေါ်ဂျီးပန်ကတော့ ဆားချက်တယ်တဲ့.. အဲ့လိုနဲ့.. ကျနော်လည်း ဘာမှမလုပ်တတ်သေးတော့ ဆားပဲ ၀င်ချက်လိုက် ရပါတယ်- အကြံကုန်နေသောကြောင့်- ဘယ်လိုဆားချက်ရမလည်း ဆိုတာကလည်းရှိသေးတယ်ဗျ- ဆားဆိုတာကလည်းချက်တတ်ဦးမှ- တချို့တွေကတော့ ကျွှမ်းကျင်အဆင့်ဆိုပဲ- ကျနော်ကတော့ ခပ်ပေါပေါဆားပဲ ချက်တတ်တယ်- ကျွှန်တော် ဘာတွေလုပ်နေလည်းဆိုတဲ့ ဆားတချို့ပါ- နည်းနည်းတော့ငန်တယ်- သံပုရာသီးလေးနဲ့စားရန်- (အဲ ငန်ရင်သံပုရာသီးနဲ့စား မမှားဘူး။ မစားရင် သွေးတက်တတ်တယ်။ အခွံပါရောစားရင် လေကျေတယ်။)

-လတ်တလော အခြေအနေ
လုပ်စရာများ များပြားလှသောကြောင့် မည်သည့်အရာကို ဦးစားပေး လုပ်ရမလဲ စဉ်းစားတုန်း မှာပင် ဘာကိုမျှမလုပ်မိ။ ထိုအခါ လုပ်စရာများသည် ပိုမို များပြားလာသည်။ အကြည်ဓါတ် ကုန်ခမ်းနေခြင်းဖြစ်လာသည်။ ထို့ကြောင့် ဘာကိုမျှဟုတ်တိပတ်တိ မလုပ်ချင်သေးပါ။

-လတ်တလော ထိတွေ့မိသောပတ်ဝန်းကျင် (ဓါတ်ပုံများ)
I. အလင်းရောင်တစ်ခု။ နေရာမမှတ်မိပါ။ အလင်းကိုပင် ရွှဲရွဲစိုကျသွားအောင် ရွာချသောမိုးဟု ခံစားပြစ်လိုက်သည်။ (အမှန်တော့ ခေါင်မိုးပေါ်က ရေတွေ ကျလာတာလား မပြောတတ်ပါဘူး။ မိုးကတော့ရွာနေပါတယ်။)
II. ခြသေ့င်္ပုံသစ်သားအရုပ်။ ဆိုင်တစ်ဆိုင်အရှေ့မှ။ ဟိန်းလိုက်သောအသံ တစ်သံ ကြားမိသလိုလို။ တောထဲမှာဆိုလျှင်တော့ ဘုရင်။ အကောင်ငယ်တို့ အတွက်မုဆိုး။ လူတို့၏သားကောင်။ သို့သော် မုဆိုးကိုပြန်ဒုက္ခပေးတတ်သော သားကောင်။ အခုတော့အရုပ်။ ခင်ဗျားတို့ကော မုဆိုးလား သားကောင်လား အရုပ်လား။
III. ဈေးတန်းတခု။ ဗဟန်းဈေး အပြင်ဘက်။ စားကျ အိပ်ကျ ရှာကြ နေကြ ပြီးတော့ သေကြ နေ့တဓူဝ။
IV. လမ်းမပေါ်။ ပြည်လမ်းမ။ နီးလာတာလား ဝေးသွားတာလား စုပ်ယူတာလား မှုတ်ထုတ်လိုက်တာလား။ ဟိုးအဝေးမှာ အဖြူအစ တခုတွေ့ရတယ်။
V. ပန်းလား အရွက်လား။ ရုံးရှေ့က။ ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲရိုက်လိုက်တာ။
VI. စားသောက်ဆိုင်မှ ငါးရှည့်များ။ တတိယပိုင်းအစီစဉ်၏ ဘီယာဆိုင်မှ။ သနားစရာကောင်း ၍့ရိုက်လိုက်သည်။ ရိုက်ပြီးဓါတ်ပုံကို ပြန်ကြည့်မိသည်။ ပြီး ဆိုင်ထဲသို့ တချက်ဝေ့ ကြည့်လိုက်သည်။ လူများစွာ ပျားပန်းခတ်မျှစည်ကားနေသည်။ ကြည့်နေရင်းမှာပင် ပတ်ဝန်းကျင်တခုလုံး အနီအရောင် တချက် ဖြတ်ခနဲ လက်သွားသလိုပင်။
VII. တိုက်နဲ့လ (မင်းပြောမှလား)။ နေရာ ရွှေဂုံတိုင်။ ညကိုထွက် လေ့လာခွင့်ရသော တိုက်ပိတ်ခံ အလင်းတချို့။ လကတော့ ပြုံးပြုံးကြီး ကြည့်လို့။
VIII. လမင်း။ ပျင်း၍ အင်္ဂါဂြိုလ် ပေါ် တက်ရိုက်ထားခြင်း။ ယုံချင်ယုံ မယုံချင်နေ။
IX. ဒါလည်း တိုက်နဲ့လ။ ရွှေဂုံတိုင်။ လ ပါတော့ လှများလှမလားလို့။ အဲ ရိပ်မိလောက်ပြီထင်တယ် အဲ့ဒီအရှေ့မှာ ဘီယာဆိုင် ရှိတယ်ဆိုတာ။
X. မောင်ပွတ်။ တတိယပိုင်းအစီစဉ်၏ ဘီယာဆိုင်မှ။ ကောင်မလေးတွေကို ငမ်းနေတာများ သရေတတောက်တောက်ကျ။ ရုပ်ပျက်ဆင်းပျက်။ မြင်မကောင်း ရှုမကောင်း။ (မှတ်ချက်- ကြည့်ရှုရန် မသင့်လျှော်၍ ပြန်ဖျက်လိုက်သည်။ အတုယူမှားမည်ဆိုးသဖြင့်။)

-လတ်တလော အဟာရများ (အဲ. အစာများ)
မနက်- ကော်ဖီ + ခေါက်ဆွဲ
နေ့လည်- သေမှာဆိုးလို့ စားလိုက်ရသောထမင်း
ညစာ- တမင်တကာ လွတ်ထားသော မျောမိမျောရာ အတွေးများ + တမင်တကာဘီယာ + တမင်တကာ စီးကရက် (မှတ်ချက်- တချို့ရက်များသာ။ အရက်သမားကြီးလို့ အခေါ်ခံရမှာ လည်း ကြောက်ရသေးတယ်။ ချောင်းနေတဲ့လူတွေ ရှိတယ်။)

-လတ်တလော ကျန်းမာရေး
ချောင်းနည်းနည်းဆိုးတယ်။ တချို့ရက်တွေ ခေါင်းကိုက်တယ်။

-လတ်တလော လူလယ်ကျမှု
NaCl2 PRODUCTION

-လတ်တလော ရချင်နေမှု (စိတ်ကူးယဉ်)
အတောင်ပံတစုံ (ခပ်မြင့်မြင့် ပျံသန်းနိုင်သော)

-လတ်တလော ပုစ္ဆာ
စာတွေ ဆက်ရေးဖြစ်မလား မရေးဖြစ်မလားဆိုတာ ဘယ်သူကများ အတိအကျ ပြောနိုင်မှာလည်း?

-လတ်တလော ကဗျာ
ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်လာ၍ မရနိုင်ပါခင်ဗျာ။

-လတ်တလော သွားဖြဲချိမ်းခြောက်နေသော ကိစ္စတစ်ခု
ပရောဂျက် (လာပြန်ပြီတခါ)

-လတ်တလော ပျော်ရွှင်မှု
Pro Evolution Soccer Game

-လတ်တလော အမြင်ကတ်နေသူ
တက်စလာ (မှတ်ချက်- ညာမပြောပါ)

-လတ်တလော ကွယ်ဝှက်ထားမှု
ဟီး ဟီး ဟဲ ဟဲ တို့၏အနောက်။

-လတ်တလော ဆုတောင်း
စိတ်ဆင်းရဲနေသူများ စိတ်ချမ်းသာကြပါစေ။

-လတ်တလောကော အရင်တလောကော အခုတလောကော နောက်တလောကော ဒုက္ခပေးနေသော အတွေး
ဟေ့ရောင် မင်းအသက်သုံးဆယ် ပြည့်တော့မယ်။

-လတ်တလော မေတ္တာပို့မိသူ
ပုဂံနက်- ဆာဗာတွေ Configure ပြန်လုပ်နေလို့ပါတဲ့။ ပြီးရင် အံ့မခန်း မြန်လာမှာပါတဲ့။ အင်း. အားလုံးဘမ်းပြီး သုံးစားလို့ မရတဲ့ ဆိုဒ်တွေပဲ ထားခဲ့မယ်ထင်ပ။ လုပ်ကြ လုပ်ကြ။

-လတ်တလော ဆဌမအာရုံ
ရိုးသားမှု၊ မခံချင်မှု၊ ပါးနပ်မှု၊ ထိုအမှုများအားလုံးကို လျစ်လျုရှုသောအမှု။

-လတ်တလော ရုံးထွက်ရန် ကြိုးစားနေသော ကိစ္စ
အထက်ပါ လတ်တလော များအားလုံး။

-လတ်တလော နားထောင်နေသော သီချင်း
ဇော်ဝင်းထွဋ္ဋ် ၏ ဂျစ်ပစီမိုးတိမ် အခွေမှ ကမ္ဘာမှာ မသေချာဘူး (ဘာမှ မသေချာဘူး?)။ ၀င်းမင်းထွေး ရေးသည်ထင်၏။

….ပြတင်းပေါက်ဖွင့် မင်း စိုက်ကာငှေး မနက်ခင်းလေးများ မြူးတူးလို့ကစား.
အပူပင်လည်း ကင်းလွတ်လပ်လို့ အထိမ်းအကွတ်မဲ့ အရိုင်းပန်းလေးများ…

ဘယ်ဆီသူတို့မျောမယ် မသိကြတဲ့ အဖြူရောင်တိမ်များ ကောင်းကင်ဝယ်.
အနာဂတ်လည်း မတွေးတတ်တဲ့ ဆီမီးကလေးများ ကလေးများပေါ့…

ဘာမှ မသေချာဘူး.. အား.. လုံးဟာမှားယွင်းနေ.
အစကတည်းက မသေချာဘူး..… အားလုံးဟာမှားယွင်းသွား…

ဟိုမှာနှစ်ယောက်တွဲ ဖြတ်ခါသွား ပြုံးရယ်စကားပြောလို့သွား..
လူတွေကြည့်လည်း ဂရုမစိုက်ဘူး.. အဲ့ဒါ စွဲမက်စရာ တပ်မက်မှုပေါ့..
လေမှာသယ်လာ အချစ်ရဲ့ မွှေးရနံ့များ. အာရုံမှာ တကယ့် . ထူးဆန်းတဲ့..
အချစ်ရဲ့ တောနက်ထဲတိုးဝင်သွား.. အဲ့ဒီမှာ မျက်စိလည် လမ်းမှားတော့……

ဘာမှ မသေချာဘူး.. အား.. လုံးဟာမှားယွင်းနေ.
အစကတည်းက မသေချာဘူး..အူး… အားလုံးဟာမှားယွင်းသွား…

ငါဟာငါ့တံခါး အတင်းပြန်ပိတ်.. ပြီးတော့ ငါမျက်စိမှိတ်..
တိမ်ကို အသစ်အသစ်ကြည့်ပြန်တော့.. အသိပျောက်ဆုံး မည်းနက်ဖုံး….
ရောင်စုံခြယ်ကာမှုန်းကာ တောက်ပတဲ့ အရွယ်ပျို ပွင့်ဖူး တက်ကြွခဲ့..
မာယာတွေ မသိသေး.. အတွေးအိမ်မက်..
အခုတော့ ပျက်စီးသွား….

ဘာမှ မသေချာဘူး.. အား.. လုံးဟာမှားယွင်းနေ.
အစကတည်းက မသေချာဘူး..အူး… အားလုံးဟာမှားယွင်းသွား…
အားလုံးဟာ….. မသေချာခဲ့လည်း….. အစစဟာ မှားလို့သွား…
ဘာမှ မသေချာတော့.. အားလုံးဟာ တကယ်ကိုမှား……….…။

-လတ်တလော တာဝန်မကျေမှု
အပေါ်က သီချင်း တင်မပေးနိုင်ခြင်း။ ကွန်နက်ရှင်မကောင်းလို့ပါ။

-လတ်တလော တောင်းပန်လွာ
စီဘောက်တွင် လာနုတ်ဆက်ထားသူများ။

Tesla

Saturday, June 23, 2007

‘R ‘A ‘I ‘N ‘ ‘ ‘















အက်စစ်မိုး-

စက်ရုံတရုံမှ အငွေ့တထောင်းထောင်း ထအောင် မှုတ်ထုတ်လိုက်သည်မှာ ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များဖြစ်သည်- လေထုသည် မစုပ်ယူချင်၍ မရ- ထိုဓါတ်များကို စုပ်ယူ၍ ရေနှင့်သန္ဓေတည်ကာ မွေးဖွားပေးလိုက်သည်မှာ ဆာလဖြူရစ် အက်ဆစ်နှင့် နိုက်ထရစ်အက်ဆစ်တို့ ကြီးကြီးစိုးစိုးပါဝင်သော အက်ဆစ်မိုးဖြစ်သည်- ပီအိပ်စ် အမှတ်အောက် တော်တော်နိမ့်သည်- သစ်တောများကို မျိုးတုန်းစေသည်- သစ်ရွက်များ အသက်ဆုံးရှုံးရသည်- လူတချို့ ကျန်းမာရေးထိခိုက်သည်- အင်းဆက်များသေသွားသည်ကိုမူ ၀မ်းသာရမလား ၀မ်းနည်းရမလား မသိ- ထိုကိစ္စ မည်သူ့တွင် တာဝန်အရှိဆုံးဖြစ်ပါသလဲ- စက်ရုံလား လေထုလား စက်ရုံကိုမောင်းနှင်နေသည့် လူသားလား- လူသားကိုမောင်းနှင်နေသည့် အတ္တလား- မပြောတတ်- သို့သော် ဒီပတ်ဝန်းကျင်တွင် အက်ဆစ်မိုးကတော့ မထင်ရင် မထင်သလို ရွာစဲ…..

ခြောက်ခြားစရာမိုး-
သည်းသည်းမည်းမည်းရွာသွန်းဖြိုးနေသော မိုးသည်းညဖြစ်သည်- ပတ်ဝန်းကျင်တခုလုံး မှောင်နဲ့မည်းမည်း ရှိလှ၍ မိုးသံလေသံကို ခဏဖယ်ထားပါက တိတ်ဆိတ်ငြိမ်သက် နေမည်မှာမလွဲပင်- သင်္ချိုင်းမြေတခုနှင့် ခပ်လှမ်းလှမ်းတွင်တော့ မှိန်ပျပျမီးရောင်တခုကို တွေ့နိုင်ပါသည်- အနီးကပ် သွားကြည့ှ်လျှင်မူ အကြော်ရောင်းနေသော အရွယ်လွန်အဖွား အို တယောက်ကို ဆီမီးခွက်အလင်းရောင်ဖြင့် တွေ့နိုင်ပါသည်- စားသုံးနေသူ လူကတော့ဖြင့် တယောက်မျှမရှိ- ထိုအချိန် တကိုယ်လုံး မိုးရေစိုရွှဲနေသော မိန်းမပျိုလေးတယောက် အကြော်ဆိုင်ထဲသို့ ၀င်လာသည်- ခိုက်ခိုက်တုန်နေသော သူမသည် ချမ်းနေသောကြောင့် မဟုတ်ပါ- ထိတ်လန့်စရာ တခုခုကို ကြုံခဲ့ရသောကြောင့် တုန်လှုပ်နေသည်မှာ သိသာသည်- အကြော်ဆိုင်ထဲသို့ အားကိုးတကြီး ၀င်ထိုင်လိုက်သည်- ရေနွေးခွက်ကို တုန်နေသော လက်များဖြင့်ငှဲ့လိုက်သည်- စိတ်နည်းနည်း တည်ငြိမ်လာသည့် အရိပ်ယောင်တွေ့ရသည်- ထိုအခါကြမှ စကားပြောနိုင်တော့သည်- အဖွားအိုကို သူတွေခဲ့ရသည့် အဖြစ်ပျက်ကို ပြောနေသည်- သူမ လမ်းလျှောက် လာတုန်း မိုးသဲသဖြင့် ညောင်ပင်ကြီးအောက် ခဏ၀င်ခိုနေခိုက် လူတယောက်နှင့်တွေ့သည်ဆို၏- မိုးကလဲသည်းလိုက်တာနော် စသည်ဖြင့် အလာပသလာပ များပြောနေရင်း ဘာမှပြန်မပြော၍ ထိုလူကို လှမ်းကြည့်လိုက်သောအခါ မျက်စိများ မျက်ခုံးများ နှခေါင်းများ ပါးစပ်များမပါသော မျက်နှာတပြင်လုံး ဘဲဥတလုံးကဲ့သို့ ချောမွေ့နေသော သူကိုတွေ့ခဲ့ရသည်ဟု ပြောနေသည်- သူမပြောနေတုန်းပင် ဆီမီးခွက်သည် မီးစာကုန်သွားသည်ထင်၏- မီးဖိုမှမီးတချို့၏ မှိန်ပျပျ အလင်းရောင်သည်သာရှိနေခဲ့သည်- ထိုအချိန် ပဲ့တင်ထပ်နေသော အသံတစ်ခုကို သူမ ကြားလိုက်ရသည်- ((((((ဒီလိုကြီးလား)))))). ဆိုသောအသံဖြစ်သည်- လျှပ်စီးတချက်လက်သွားသည်- အဘွားအိုသည်လည်း ဖွာလံကျဲနေသော ဆံပင်အောက်မှ ချောမွေ့နေသော ဘဲဥပုံသဏာန် မျက်နှာတခုနှင့်ဖြစ်သည်- ဘုရား သကြားမလို့ ထိုကဲ့သို့ မိုးသည်းညမျိုး မကြုံပါရစေနဲ့…

ကံဆိုးမနောက်လိုက်သည့်မိုး -
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာသည်ဟု ကြားဘူးသည်- တအိမ်လုံးရွှဲရွဲစိုနေသည်မှာ ရေချိုးထားသော တဲအိမ်ကလေး အလားပင်- ကျန်ရှိနေသေးသော အိမ်ထဲမှ ပစ္စည်းများသည်လည်း သူ့ကြောင့်ပင် တခုမှရစရာမရှိတော့- ကံဆိုးမသည်လည်း မိုးလုံသော စားပွဲခုံအောက်မှ ထိုင်ကြည့်နေယုံမှလွဲ၍ တခြားမတတ်နိုင်- မိုးသည် သူတို့လိုလူတန်းစားအတွက်တော့ ဇိမ်ခံပစ္စည်းမဟုတ်ခဲ့ပါ- အင်မတန်ရက်စက်သော မိုးဖြစ်သည်-

ထစ်ချုန်းမိုး-
ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် အားလုံးကို လွတ်ချကာ ရွာချလိုက်သော မိုးဖြစ်သည်- အပူပင်တွေငြိမ်းအောင် ကမ္ဘာကို ဆေးကြောပေးသည်ဆိုသော သီချင်းလည်းကြားဘူးသည်-
အသံကော အလင်းကော ပူးပေါင်းခံစားခွင့်ရသည်- အရသာ အရှိဆုံးသော မိုးဖြစ်သည်-

ကွက်ကျားမိုး-
မျက်နာလိုက်သည်ဟု ထင်စရာရှိသည်- တခါတခါတော့လည်း လှပသည်- နေပူမိုးရွာ သူခိုးလာ ဆိုသည့် စကားပုံမှာ ကွက်ကျားမိုးကြောင့်များ ဖြစ်ပေါ်လာသလားမသိ- သူခိုးများကြိုက်သည့် မိုးလား- အင်း ငတက်ပြားမိုး- ဒါပေမဲ့ သက်တန့်တချို့လည်း သူ့ကြောင့် ဖြစ်ပေါ်လာသည်ထင်၏-ဘာပဲပြောပြော သူသည်လည်းခေါင်းမာစွာပဲ ရွာစဲ…..

အလွမ်းမိုး-
အလွမ်းဓါတ်ခံရှိသော ကျနော့်အတွက် သုံးရာသီရွာပေးသည်- ဟီး- ရှက်လိုက်တာ..

မေဦးမိုး-
အနောက်တောင် မုတ်သုန်လေ တ၀ုန်းဝုန်းနှင့် ဒီနေရာ တွင် ရွာပြီးပြီ-

အချစ်မိုး-
ဟဲ ဟဲ ကျွှန်းခံစရာတောင် နှလုံးလမ်းကြောင်း မပါလာတဲ့ကျနော့်အတွက် ထိုမိုးသည် ခေါင်သည်- ကျနော်မမျှော်လင့်ရဲခဲ့သော မိုးများလား- တခါတခါတော့လည်း ကွက်ကျားမိုးကို အဖော်ပြုကာ လာရွာသေးသည်- ဖတ်သူက ကြော်ငြာမိုး ဟူ၍ သမုတ်သွားသေးသည်- မတတ်နိုင်..

မိုးပြေးလေး-
မိုးပြေးလေးဆိုသည်မှာ ရွာတယ်ဆိုယုံလေးဖြစ်သည်-
လွန်တယ်ဟု အပြောခံရနိုင်သဖြင့် ထပ်မရေးတော့- ကြုံမှ ခေါင်းစဉ်တခုတပ်ပြီး ကို ရေးဦးမည်- လျှောက်မတွေးပါနဲ့ မိုးခြိမ်းလိုက်ခြင်းဖြစ်သည်- မိုးပြေးလေးကို အားငယ်မည်ဆိုး၍ ထစ်ချုံးမိုးကို အဖော်ခေါ်လိုက်ခြင်းသာ- သို့သော် တဖောက်ဖောက်နှင့် ရွာစဲ မျက်ရေတတောက်တောက် ကျစဲ..

အခါလွန်တဲ့မိုး-
ထိုမိုးသည် အငြိုးနှင့် ရွာသည်တဲ့-

မရွာပဲညိုတဲ့မိုး-
မိုးပြေးလေးထက် ပိုဆိုးသည်- ရွာမလိုလို လာမလိုလိုနှင့် ကိုယ်ယောင်ပြသွားသော မိုးဖြစ်သည်- မူယာမိုး မာယာမိုးဟူ၍ပင် ခေါ်လို့ရနိုင်သည်- ပျော်ရွှင်စေရန် အရိပ်အခြေပြသွားတာကိုတော့ ကျေးဇူးတင်ရမလိုလို-

မေမြို့မိုး-
သီချင်းဖြစ်သည်-
ရိုင်းတယ်ပဲပြောပြော ဟိုတခါက ရေစိုထမိန်နဲ့ မိုးရေမှာ လှပခဲ့ဘူးတာ ဆိုတဲ့ စာသားကို အခုသေချာ ပြန်တွေးကြည့်တော့ ကြိုက်သလိုလို- မေမြို့ကိုတော့ ကြုံရင်သွားဦးမည်- မေမြို့မိုးနှင့်များ တွေ့မလားဟူသော ရည်ရွယ်ချက်ဖြင့်-

တက်စလာမိုး-
ကျနော့်မိုးဖြစ်သည်- ရှင်းအောင်ပြောရလျှင် ဒီမိုးဖြစ်သည်- မိုးမျိုးစုံအောင် ရွာချပြစ်လိုက်သည်- မမယ်လိုဒီ နှင့် မဂျစ် တို့ နှစ်ယောက်ကြီးများတောင် ကျနော့်အပေါ်တက်၍ ရွာလိုက်ရခြင်းဖြစ်သည်- အမ်.. မြန်မာလိုတိုက်ရိုက် ဘာသာပြန်ရသည်မှာ တခါတရံ တော်တော် ဂွကျသည်- :P

ဒယ်မီမိုး
ရောကုန်ပြီ- ရှုပ်ကုန်ပြီ- ထပ်ရေးရင် ထပ်ရှုပ်တော့မည်- ရော်ဂျာမိုး နေခဲ့တော့- မိုး.. ရေ .. တိတ်တော့…

Tesla

 
Online -------> hits