Saturday, February 24, 2007

Truth

အမှန်တရား = တရားသော + မှန်ကန်မှု

အမှန်တရား အကြောင်းရေးရန် အမှားဘက် မှ ချည်းကပ် သင့်သည်
ဟုထင်ပါသည်-
အမှားအကြောင်း ရေးလျှင် မာဖီလော Murhy's Law များကို ချန်ထားခဲ့၍ မရ-

“ ဘယ်အရာ ပဲ ဖြစ်ဖြစ် မှားနိုင်လို့ မှားတာပဲ ”
ဟု မာဖီနိယာမ ၌ဆိုထားသည်-

မှားနိုင်လို့မှားတာပဲ ဆိုတဲ့နိယာမ၏ မှန်ကန်ကြောင်းသက်သေပြချက် များမှာ-
-ဘာမှထင်သလို မလွယ်ဘူး
-ဖြစ်ပေါ်လာတဲ့ အရာတိုင်းဟာ ထင်ထားတာထက် ပိုကြာရှည်တတ်တယ်
-မှားယွင်းနိုင်မှု သောင်းခြောက်ထောင်ထဲမှာ မှားနိုင်ချေတစ်ခု ရှိနေတယ်
ဆိုရင် အမှားအယွင်းဖြစ်ပြီး အပျက်စီးစေနိုင်ဆုံး ဖြစ်နိုင်ချေတစ်ခုဟာ
လက်သည်တရားခံအဖြစ် ရှိနေပေလိမ့်မယ်
-ဆိုးသထက်ဆိုးလာဖို့ ဖန်လာတဲ့အရာတွေကို ဒီအတိုင်းပဲ ထားရစ်ခဲ့ပေတော့
-ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ အစပျိုးတိုင်း သူ့ထက် ဦးစားပေး ပြုလုပ်ရမယ့်
အရာတစ်ခုတော့ ရှိစမြဲပဲ
-အဖြေတိုင်းက ပုစ္ဆာတွေကို မွေးဖွားပေးတယ်
-လူတိုင်းဟာ တစ်မျိုးတစ်ဖုံစီ ရူးနေကြတာမို့ ရူးကြောင်းသက်သေပြဖို့
ဘယ်ဖြစ်နိုင်ပ့ါမလဲ
-သဘာဝတရားကြီးဟာ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပဲ
တဲ့..
ကဲ…
ထိုအခါ အမှန်သည် အမှားများနှင့် ရောထွေးနေသော
ပုစ္စာတပုဒ်အဖြစ် ကျနော်မြင်လာပါသည်
အဘယ့်ကြောင့်ဆိုသော် များပြားလှသော ရှုထောင့်များ ရှိခြင်းကြောင့်ဖြစ်သည်-
တထစ်ချ မှတ်ယူနိုင်သော အမှန်များ ရှိသည်ဟုတော့ ဆိုကြသည်-
ထိုအရာများကို စကြာဝဋ္ဌာဆိုင်ရာ မှန်ကန်မှုများဟု အညွှန်းတပ်ကြသည်-
ထိုအထဲတွင်တောင် ဒီဂရီ တစ်ခုအနေနဲ့ ရှိပါသည်-
ဥပမာ-
နေသည် လူညီလျှင် အနောက်မှ ထွက်သည်လို့ သတ်မှတ်၍ ရသည်ဟု
ကျနော် ရေးခဲ့ ဘူးပါသည်-
အကုန်လုံး လက်ခံနိုင်သည့် ဒီဂရီ အရပြောလျှင်မူ နေသည် ထွက်ရမည့်
နေရာမှ ထွက်သည်ဟု ပြောခြင်းသည် အမှန်ဆုံးဟု ထင်ကြလိမ့်မည်-
သို့သော် နေထွက်သည်ကို ကမ္ဘာမြေပေါ်မှ မကြည့်ပဲ စကြာဝဠာ ၏
ထောင့်တနေရာ မှ စောင့်ကြည့် နေသူက နေသည် ထွက်လာခြင်း
ဝင်သွားခြင်း မရှိပဲ ပုံမှန်လည်ပတ်ခြင်းသာ ရှိမည်ဟု ပြောစရာ ရှိသေးသည်-
နောက်တဆင့် တက်၍ ကမ္ဘာမြေကို ဗဟိုပြု၍ မကြည့် သောသူက
နေသည် ရွေ့လျားခြင်း မရှိပဲ တည်မြဲစွာ ရပ်နေသည်ဟု
ထပ်ပြောနိုင်သေးသည်-
အချိန်ကာလများ ဘာသာတရားများ ကိုသာ ပူးပေါင်းတွက်ချက်ခဲ့ပါမူ
စကြာဝဠာထဲ၌ တည်ငြိမ်နေသော အရာဆိုသည်မှာ မရှိဟု ပြောလိမ့်အုံးမည်-
ဟူး…… တော်တော် မောပါသည်-
ကျနော်တို့ လက်ခံထားသည့် စကြာဝဠာ ဆိုင်ရာ မှန်ကန်မှု တခုတည်း၌ ပင်
ဘယ်နေရာမှာ အမှန်ကန်ဆုံး ဖြစ်မလဲ ဆိုတာ ဆုံးဖြတ်ရန် တော်တော်
ခက်သည်-

အဓိကမှာ ရှုထောင့် ဖြစ်ပါသည်-
ခင်ဗျားမှန်သည်ဟုယူဆလျှင် လူ့ယဉ်ကျေးမှုနှင့် ပတ်သက်သော ကိစ္စ
တခုဖြစ်ပါက လူတော်တော်များများ လက်ခံလျှင် မှန်သည်ဟု
ကောက်ချက်ချနိုင်သည်-
အမှန်တရား ဆိုသည်ကို ကျနော်တို့ ထိုကဲ့သို့ ရှာဖွေ၍ လက်ခံထားခဲ့သည်
မဟုတ်ပါလား…..

အမှန်နှင့် ပတ်သက်၍
( ဘယ်အချိန်ကလည်းမသိတော့ပါ )
( ဘယ်သူရေးခဲ့မှန်း မမှတ်မိတော့ပါ )
( ပုံပြင်လား ၀တ္ထုလား ဆောင်းပါးလား ပြန်စဉ်းစား၍ မရတော့ပါ )
စာတခုဖတ်ဘူးပါသည်-
ဆိုက္ကားသမား တယောက်အကြောင်းဖြစ်ပါသည်-
ပုဂံမြို့ဟောင်း ရဲ့ အ၀င် ဟိုင်းဝေးလမ်းမကြီး ပေါ်မှာလို့တော့ မှတ်မိသည်-
ထိုလမ်းမှာ ကျနော်တို့ နိုင်ငံ့ ဟိုင်းဝေးလမ်းတွေရဲ့ ထုံးစံအတိုင်း
ကားနှစ်စီးစာ အသွားလမ်း အပြန်လမ်း ရှိယုံ လမ်းတခုတွင်ဖြစ်သည်-
ယာဉ်စည်းကမ်းဥပဒေအရ ဆိုက္ကားသည် သူ၏ လမ်းကြောင်းမှန် ဖြစ်သော
လက်ယျာဘက်မှ မောင်းလာပါသည်-
ထိုအချိန် ကုန်တင်ကားတစ်စီးသည် ဥပဒေကို ဆန့်ကျင်၍ လက်ဝဲဘက်မှ
မောင်းလာပါသည် ( ဆိုက္ကားနှင့် တဲ့တဲ့တိုးမည့် လမ်းဖြစ်သည် )
ဆိုက္ကားပေါ်ပါလာသော ခရီးသည်က ဆိုက္ကားသမားကို အထိတ်တလန့်
ပြောသည်-
“ ဟေ့လူ ဘေးချလေ ”
“ မချနိုင်ဘူး သူရှောင်ရမှာ ”ဟု ပြန်ပြောသည်-
အလွန်နီးကပ်လာပြီ ဖြစ်၍ ခရီးသည်မှာ မနေနိုင်တော့ ဆိုက္ကားပေါ်မှ
ခုန်ချလိုက်သည် တဆက်တည်း ဆိုက္ကားလက်ကိုင်ကိုပါ ဆွဲ၍ လမ်းဘေးသို့ ဆွဲလှည့်လိုက်သည်-
သီသီကလေး လွတ်သွားသည်-
“ ခင်ဗျား သိပ်မိုက်တဲ့လူပဲ ”ဟု ခရီးသည်ကပြောသည်-
ဆိုက္ကားသမားက “ ဘာ ကျနော် လမ်းကြောင်းမှန်ဗျ သူကပြောင်းပြန်
မောင်းလာတာ ဘာကြောင့် အလျှော့ပေးရမှလဲ သူလျှော့ရမှာဗျ ”
“ အော် ”ဟုသာ ခရီးသည်ကပြန်ပြောတော့သည်-
နောက်ပိုင်း ခရီးသည် က အမှန်ဆုံးထင်ရသော ကိစ္စတခုတော့
လုပ်သွားပါသည်- ၎င်းမှာ ကားနံပါတ်ပြော၍ ထိုကားသည် လမ်းပြောင်းပြန်
မောင်းသွားသည် ဆိုသည့် အကြောင်းနှင့် ထိုနေရာတွင် စည်းကမ်းမဲ့စွာ ယာဉ်မောင်းနေကြသည်
ဆိုသည့် အကြောင်းသက်ဆိုင်ရာသို့ ဖုံးဆက်အကြောင်းကြားသွားသည်-
( ထိုကိစ္စ အမှန်ဆုံးမဟုတ်သည်မှာ ထိုဖုံးလက်ခံသူများက ဒီနေရာမှာဂွင်တော့
တွေ့ပြီဆိုပြီး ဆက်ကြေးယူကာ စည်းကမ်းဖောက်ခွင့် ပေးလိုက်သည်ကို မူ
ကျနော် မရေးချင်၍ ကွင်းစကွင်းပိတ်ထဲ တွင်သာ ထည့်ထားပါသည် )
ဆိုက္ကားသမားသည်ကား ယခုအချိန်တွင် သူ၏ အမှန်တရားအတွက်
အသက်ကို ပေးဆပ်သွားခဲ့ ပြီလား မပြောတတ်…..

နောက်ရှုထောင့် တခုမှထပ်စဉ်းစားနိုင်ရန် သိုးဆောင်းစကားပုံလေး တခုကို
မှီငြမ်း၍ ရေးချင်ပါသေးသည်-
အလွန်ရှည်လျားသည့် ဥမင်လိုဏ်ခေါင်း အတွင်း၌ ရောက်နေသော
လူတယောက် အကြောင်းဖြစ်သည်-
မှောင်နဲ့မည်းမည်း ရှိလှသောကြောင့် ရထားသံလမ်းကိုစမ်း၍ ထိုလူသည်
ဥမင်ထဲမှ ထွက်နိုင်ရန် ရွေ့နေရသည်- သူ၏ မျှော်လင့်ချက်မှာ ထွက်ပေါက်
ဖြစ်သည်- အလင်းရောင်တခုဖြစ်သည်- အလင်းရောင်တွေ့ရမည့်
ထွက်ပေါက် ဖြစ်သည်- အလင်းရောင်တွေ့လျှင်ဖြင့် သူအပြင်ကိုရောက်ပြီ
အနည်းဆုံး လင်းလင်း ရှင်းရှင်း နှင့် သွက်လက်စွာ ရွေ့လျားနိုင်သည်ဟူ၍
စိတ်မှ တောင့်တနေခဲ့သည်-
ထိုအချိန်မှာပင် ကံကောင်းစွာ သူတောင်းတနေသော အလင်းတခုကို
ဟိုးအဝေး၌ လှမ်းမြင်လိုက်ရသည်-
အဆုံးထိဝမ်းသာ သွားသည်- သူမျှော်လင့်ခဲ့ရသည့် အရာတခုမဟုတ်လား-
တဖြည်းဖြည်း အလင်းတန်းသည် သူ့အနီးသို့ နီးကပ်လာသည်-
ဝမ်းသာနေသော အချိန်မှာ ပင် ထိုအလင်းတန်းတို့သည် သူ့အားဖြတ်
ကြိတ်သွားသည်- ထိုအလင်းများသည် ရထားခေါင်းတွဲ တခု၏ မီးသီးတစုံ
ဖြစ်သည်ကိုပင် သူမသိလိုက်-
တခါတရံ၌ ခင်ဗျားက အမှန်တရားအတွက် အလင်းတန်းဟုတွက်ခဲ့ရင်
တောင်မှ ကူညီရာမရောက်ပဲ အဆုံးသတ်စေမည့် အလင်းတခုအဖြစ်
သက်ရောက်သွားစေနိုင်သည် ဟူသော စကားပုံတခုဖြစ်ပါသည်-
စေတနာသာမှန်ခဲ့ ပါကရထားပေါ်ပါလာသူ ခင်ဗျားသည် ဖြေသိမ့်၍
ရနိုင်ပါသည်- ထိုသို့မဟုတ်ပဲ ဒါရထားလမ်း လူသွားလမ်းမှ မဟုတ်တာ
ငါ့လမ်းငါသွားတာ သူ့ကို တိုက်မိသွားတာတော့ မတတ်နိုင်ဘူး
ဘရိတ်အုပ်ရင် ငါ့ခရီးဖင့်တယ် ဟူသည့် ခင်ဗျားအတွက်သိပ်မှန်လွန်းသော
အတွေးမျိုး ဆိုပါက…..

တဆက်တည်းပင်ရေးလက်စနှင့် ဗုဒ္ဓဘာသာဝင်များ နားလည်နိုင်မည့်
ဥပမာတစ်ခု ထပ်ရေးချင်သေးသည်-
ဗုဒ္ဓဘုရားရှင်သည် ဆွမ်းခံထွက်ချိန် ဆွမ်းစားချိန် တရားဟောချိန်များတွင်
ချစ်သား.......... ငါဘုရားသည်……….
စသည့် အသုံးအနုံး မျိုးများ စာထဲ၌ ဖတ်ရသည့် အသုံးနုံးမျှသာမဟုတ်ပဲ
တကယ်ပြောခဲ့ သည်မှာ သေချာသည်ကို ခင်ဗျားလက်ခံလိမ့် မည်ဟု
ထင်ပါသည်- ၀ိပဿနာရှုထောင့်မှ ကြည့်လျှင်မူ လူ ရဟန်းမရှိ ငါမရှိ
ချစ်သားမရှိ ရုပ် နှင့် နာမ် သာရှိသည် ဟု လက်ခံပြီးသားဖြစ်သည်
ထိုအခါ ဘုရားရှင်သည် ၀ိပဿနာ တရားကို မသိဘူးလားဟု စဉ်းစားလျှင်
အင်မတန် ရီစရာကောင်းသော ပျက်လုံးတခု သာဖြစ်ပါ လိမ့်မည်-
သို့သော် ဘာကြောင့် ထိုသို့ ပြောသည်ကို စဉ်းစားကြည့်လျှင် တွေ့နိုင်ပါသည်-
စိတ်နှင့်ခန္ဓာသာ ရှိသောသူဘုန်းပေးတော့မည်- စိတ်နှင့်ခန္ဓာသာရှိသောသူသည်
ထိုအိမ်ဟူခေါ်သော ရုပ်ဝထ္ထုတနေရာ ၌ မတည်မြဲသော မနက်ဖြန်ဆို သည့်
သတ်မှတ်ကြသော အချိန်တွင် တရားသွားဟောရန် ရှိသည် ဟု ဗုဒ္ဓဘုရား
မှမိန့်တော်မူလျှင် တော်တော် အဆင်မပြေပါ- လိုရင်းမရောက်ပါ-
ထိုကိစ္စများအားလုံးသည် ပညတ် နှင့် ပရမတ် ကို ခွဲခြားတတ်ပါက ကောင်း
စွာသဘောပေါက်ပါလိမ့်မည်-
( ပညတ် နှင့် ပရမတ် ခွဲခြားတတ်ခဲ့သည့် အချိန်၌ ကျနော့်၏ ဘာသာတရား
ဆိုင်ရာ ၀ိဝါဒများ ၏ တော်တော်များများ ကို ဖြေရှင်းနိုင်ခဲ့ သည်ဟု အကြောင်း
အရာနှင့် မဆိုင်သော်လည်း စေတနာတခုအနေ ဖြင့် ကြုံတုန်း ထည့်ရေးလိုက်
ပါရစေ- ဥပမာ အခုထိလည်း မတွေ့ပါလား နတ်ပြည်ဆိုတာ ဘယ်နေရာမှာလဲ
ဆိုသည့် အတွေးမျိုး )
ဤဥပမာပြောသည်မှာ မှန်ကန်ခြင်းတရားဆိုသော်လည်း တခါတရံ လျစ်လျူ
ရှုရသည်ဟု ဆိုလိုချင် ၍ဖြစ်သည်-
သို့သော် လျစ်လျူရှု ခြင်းသည် လွင့်ပြစ်ခြင်း မဟုတ်သည်ကိုတော့ နားလည်
ထားရန်လိုပါသည်.....

ဆက်တွေးလျှင် များစွာတွေ့နိုင်သေးသည်မှာ သေချာသော်လည်း မခွဲခြား
မစိတ်ဖြာနိုင်ပဲတွေးသော အတွေးများသည် လွန်စွာ အန္တရာယ် များလှသည်
ကိုမူ ကျနော် ယုံကြည်ထားပါသည်-

အမှန်တရား ဆိုသောစကားစုအတွက် လောလောဆယ် မပါမဖြစ်ပါရမည့်
ဂုဏ်သတ္တိမှာ တရားသော မှန်ကန်မှုများ ဖြစ်ခြင်းကို မူမမေ့သင့်ပါ-
မှန်ကန်မှု တခုသည် အစွန်းတဘက် ၌ တည်ရှိနေနိုင်သော် လည်း
အမှန်တရားသည် အစွန်း နှစ်ဘက် မှ လွတ်မြောက်နေရန် လိုသည်-

ထိုသို့သောကိစ္စများကြောင့် ကျနော်မှန်သည်ဟု ကိစ္စတခုအပေါ် တော်ရုံ
တန်ရုံ နှင့်တော့ ကျနော်ပြောရန် ၀န်လေးပါသည်-

မာဖီလော များသည် တနေ့ပြီး တနေ့ တိုးပွားလျက်ရှိသည်-
မာဖီလော များထဲတွင် ရောထွေးခြင်း နိယာမ တစ်ခု အဖြစ် ကျနော် သွား
ဖြည့်ဦးမည်-
၎င်းမှာ
“ အမှန်တရားသည် ဖိနပ် အမှားတရံ စီးကာ လှုပ်ရှား သွားလာနေသည် ”
ဆိုသည့် နိယာမဖြစ်သည်-
ထိုနိယာမ ကို မှန်ကန်ကြောင်းသက်သေပြရန် အတွက် လိုရာဆွဲတွေးမည့်
အတွေးများအား အားသောအခါမှ စဉ်းစားပါဦးမည်-

Tesla

စကားချပ်-

-ဖီလိုနိယာမ

အမှားတွေကို လေ့လာသင်ယူစဉ်မှာပဲ အမှားတွေကို လုပ်မိလေခြင်းလို့
ဦးစွာ ပထမ နားလည်ထားရပါမယ်-

-အကျိုးအကြောင်း မညီညွှတ်သမျှ ကျနော် မာဖီလော တွေကို ဒီနေရာမှာ

ဆက်ရေးနေ ဦးမယ်ဆိုတဲ့ သတင်းဆိုး ပါးလိုက်ပါရစေ-

 
Online -------> hits